Home သတင်း ပြည်သူများ သွားလာရေး အဆင်ပြေရန် ကော့ကရိတ်တွင် လမ်းတံတားများ KNU ပြုပြင်ပေး

ပြည်သူများ သွားလာရေး အဆင်ပြေရန် ကော့ကရိတ်တွင် လမ်းတံတားများ KNU ပြုပြင်ပေး

624

အောက်တိုဘာ ၁၉၊ ၂၀၂၄ ခုနှစ်။ ကေအိုင်စီ

ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး၊ ဒူပလာယာခရိုင်၊ ကော့ကရိတ်မြို့နယ်တွင် ပြည်သူများ သွားလာမှု အဆင်ပြေစေရန် ကော့ကရိတ်မြို့နယ် ကေအဲန်ယူ တာဝန်ရှိသူများက ဦးဆောင်ကာ လမ်း၊ တံတားများ ပြုပြင် ဆောက်လုပ်ပေးနေသည်ဟု ဒေသခံများနှင့် မြို့နယ်တာဝန်ရှိသူက ပြောသည်။

ကော့ကရိတ်မြို့နယ်အတွင်း ပြီးခဲ့သည့် မိုးရာသီတွင် လမ်းများပျက်စီးမှုများ ဖြစ်ပေါ်ခဲ့ပြီး ဒေသခံ ရွာသူ၊ ရွာသား များအနေဖြင့် ကူးသန်းရောင်းဝယ်ရေးနှင့် လူမှုရေးကိစ္စရပ်များသွားလာရာ၌ အခက်အခဲအမျိုးမျိုးကြုံခဲ့ရပြီး ယခု လို လမ်း၊ တံတားများ ပြန်ပြုပြင်ပေးသည့်အတွက် သွားလာရေး အဆင်ပြေလာသည်ဟု ဒေသခံတစ်ဦးက ယခုလို ပြောသည်။

“ကော့ကရိတ်မြို့လမ်းကို ကျနော်တို့သွားလာလို့မရတော့ အခြားရွာလမ်းတွေအသုံးပြုရတာ လမ်းလဲပျက်တယ်။ တံတားလဲမရှိတော့ ကျန်းမာရေးကိစ္စဖြစ်ဖြစ်၊ ကုန်ရောင်းကုန်ဝယ်ဖြစ်ဖြစ် ခက်ခဲနေတယ်။ ယခု တာဝန်ရှိသူတွေ လမ်း၊ တံတား ပြုပြင်ပေးတော့ သွားလာရေးနည်းနည်းအဆင်ပြေလာတယ်” ဟု ကော့ကရိတ်ဒေသခံက ကေအိုင်စီသို့ ပြောသည်။

ယခုလို ကော့ကရိတ်မြို့နယ်တွင် လမ်း၊ တံတားများ ပြန်ပြုပြင်ရန်အတွက် စက်ယန္တရားများ လိုအပ်နေပြီး စက်ယန္တရားများရှိလျှင် လမ်း၊ တံတားများ ပြုပြင်ခြင်းလုပ်ငန်းစဉ်တွင် ပိုမိုကောင်းမွန်မြန်ဆန်မည်ဖြစ်သည်ဟု ကေအဲန်ယူ၊ ကော့ကရိတ်မြို့နယ် ဆက်သွယ်ရေးနှင့်လမ်းပန်းဌာန တာဝန်ရှိသူက ပြောသည်။

၎င်းက“ကျနော်တို့ လမ်းတံတားတွေပြုပြင်ဖို့ ၆ ဘီကားတွေ၊ ဘက်ဟိုးတွေ စတဲ့စက်ယန္တရားတွေ လိုအပ် နေတယ်။ အဲ့ဒီစက်ယန္တရားတွေ ရှိရင် အလုပ်လုပ်လို့ တော်တော်အဆင်ပြေမယ်” ဟု ပြောသည်။

ထိုပြင် ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး၊ ဒူပလာယာခရိုင်၊ ကော့ကရိတ်မြို့နယ်တွင် စစ်ကောင်စီ အုပ်ချုပ်မှုလက်အောက် မရှိတော့သည့် နေရာများတွင် ကေအဲန်ယူ-တာဝန်ရှိယူများ၊ ကျေးရွာတာဝန်ရှိသူများ၊ ဘာသာရေးခေါင်းဆောင်များ စသည့် အလွှာစုံခေါင်ဆောင်များ ပူပေါင်း၍ ဒေသဖွံ့ဖြိုးရေး အတွက် အတူလက်တွဲ လုပ်ဆောင်နေသည်ဟု ဒေသခံများက ပြောသည်။