အောက်တိုဘာ ၂၅ ရက်၊ ၂၀၂၄ ခုနှစ်။ ကေအိုင်စီ
တနင်္သာရီတိုင်းဒေသကြီး၊ ပုလောမြို့နယ်တွင် ဖြစ်ပွားလျက်ရှိနေသည့် ရက်ရှည်တိုက်ပွဲများကြောင့် မြိတ်မြို့ပေါ် တွင် တစ်ပတ်အတွင်း ကုန်စိမ်းဈေးနှုန်း နှစ်ဆကျော်မြင့်တက်လာသည်ဟု ဒေသခံများက ပြောသည်။
ပြီးခဲ့သည့် အောက်တိုဘာ ၁၄ ရက်နေ့မှစ၍ ရန်ကုန်-ထားဝယ်-မြိတ်ကားလမ်းပိုင်းတွင် စစ်ကောင်စီတပ်ဖွဲ့ဝင် များနှင့် ဒေသအခြေစိုက်တော်လှန်ရေးတပ်များ ရက်ရှည်တိုက်ပွဲများဖြစ်ပွားနေဖြစ်သည်။ ထို့အခြေအနေကြောင့် ရန်ကုန်နှင့်ထားဝယ်ဘက်မှတဆင့် မြိတ်မြို့သို့ ပို့ဆောင်မည့် ဟင်းသီးဟင်းရွက် ကုန်စိမ်းကားအများစု ပိတ်မိ နေခြင်းကြောင့် ကုန်စိမ်းပစ္စည်းပြတ်လပ်၍ ယခုလိုဈေးတက်လာခြင်းဖြစ်သည်ဟု မြိတ်မြို့နေ ဒေသခံတစ်ဦးက ယခုလို ပြောသည်။
“ကားလမ်းတွေပိတ်နေတာက တပတ်ကျော်လောက်ရှိပြီး ခရီသည်ကားတွေရော။ အဲ့လိုပိတ်နေတော့ ကားတွေက သွားမရတော့ ဟင်းသီးဟင်းရွတ်တွေ ကုန်စိမ်းမှန်သမျှအရင်ဈေးထက် သုံးဆနီးပါးအထိကို ဈေးတက်လာတယ်” ဟု ၎င်းက ကေအိုင်စီသို့ အောက်တိုဘာ ၂၅ ရက်၊ ယနေ့တွင် ပြောသည်။
မြိတ်မြို့ပေါ်တွင် ယခင်ဂေါ်ဖီထုပ်ကြီး တစ်ထုပ်လျှင် ၂,၀၀၀ ကျပ်ခန့်ရှိရာမှ ယခုရက်ပိုင်းတွင် တစ်ထုပ်လျှင် ကျပ် ၇,၀၀၀ ထိ ဈေးခုန်တက်သွားသလို ငရုပ်သီးစိမ်း တစ်ပိဿာလျှင် ယခင်က ကျပ် ၆,၀၀၀ ဈေးရှိရာမှ ယခု ကျပ် ၁၂,၀၀၀ ထိ ဈေးတက်သွားသည်။ သို့သော် ကြာရှည်ထားခံသည့် ဆန်နှင့်ကုန်ခြောက် ဈေးနှုန်းများမှာမှု သိသိသာသာဈေးတက်သွားခြင်းမျိုးမရှိဟု ဒေသခံများက ပြောသည်။
လက်ရှိတွင် အဆိုပါ မြိတ်-ထားဝယ် လမ်းပိုင်းအား စစ်ကောင်စီက ဖြတ်သန်းသွားလာခွင့် ပြန်ပြုထားသော်လည်း ဒေသအခြေစိုက် တော်လှန်ရေးတပ်ဖွဲ့ဝင်များမှ လမ်းပိုင်းအား အသုံးမပြုရန် ထုတ်ပြန်ထားသေးသည့်အတွက် ဒေသခံများ သွားလာရေးအခက်တွေ့နေရသေးသည်ဟု ခရီးသည်တင်ယာဉ်မောင်းတစ်ဦးက ပြောသည်။
၎င်းက “စစ်တပ်ကတော့ ပြီးခဲ့တဲ့ရက်က လမ်းပိုင်းကိုပြန်ပြီး ဖွင့်ပေးတယ်။ တချို့ကျတော့လည်း တိုက်ပွဲဖြစ် နေတော့ ချောဆွဲခံထိမှာကြောက်ပြီး မသွားကြတဲ့ကားတွေလည်း ရှိနေသေးတယ်”ဟု ကေအိုင်စီသို့ ပြောသည်။
မြိတ်မြို့ပေါ်သို့ ရန်ကုန်နှင့်ထားဝယ်မှ တဆင့်အဓိကတင်ပို့လျက်ရှိနေသည့် ဂေါ်ဖီထုပ်၊ မုန်ညင်းထုပ်၊ ခရမ်း ချဥ်သီး၊ ငရုပ်သီးစိမ်း၊ မုန်လာဥနီများမှ မူရင်းဈေးထက် သုံးဆမြင့်တက်နေသည့်အပြင် မြိတ်မြို့အတွင်းရှိ တချို့ဈေးများတွင် ကုန်စိမ်းပြတ်လပ်သွားသလို ကုန်စိမ်းရောင်းဝယ်သူ ဈေးသည် အများစု ဈေးမထွက်နိုင် တော့သည့် အခြေအနေမျိုးနှင့် ကြုံတွေ့နေရသည်ဟု ဒေသခံများက ပြောဆို သည်။
အဆိုပါ ဖြစ်စဉ်နှင့်အလားတူ ပြီးခဲ့သည့် မေလအတွင်းက သရက်ချောင်းမြို့နယ်အတွင်းရှိ၊ ပဲဒက်ကျေးရွာနှင့် ပုလောမြို့နယ်အတွင်းရှိ ထမင်းမစားရွာများတွင် ရက်ရှည်တိုက်ပွဲများ ဆက်တိုက် ဖြစ်ပွားခြင်းကြောင့် ကားလမ်း များရက်ရှည်ပိတ်ခဲ့ပြီး မြိတ်မြို့ရှိ ကုန်စိမ်းဈေးနှုန်းများ အဆမတန်မြင့်တက်ခဲ့ဖူးသည်ဟု မြို့ခံများထံမှ သိရသည်။



















