Home သတင်း ညောင်လေးပင်တွင် စစ်တပ် လက်နက်ကြီးနှင့်ဒရုန်းတိုက်ခိုက်မှုကြောင့် တစ်နှစ်အရွယ် ကလေးငယ်အပါအဝင် ပြည်သူ (၃) ဦးထိခိုက်ဒဏ်ရာရ

ညောင်လေးပင်တွင် စစ်တပ် လက်နက်ကြီးနှင့်ဒရုန်းတိုက်ခိုက်မှုကြောင့် တစ်နှစ်အရွယ် ကလေးငယ်အပါအဝင် ပြည်သူ (၃) ဦးထိခိုက်ဒဏ်ရာရ

790

အောက်တိုဘာ ၂၅ ရက်၊ ၂၀၂၄ ခုနှစ်။ ကေအိုင်စီ

ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး၊ တပ်မဟာ-၃ နယ်မြေရှိ ညောင်လေးပင်ခရိုင်၊ ရွှေကျင်နှင့် ကျောက်ကြီး မြို့နယ်တွင် အောက်တိုဘာလ (၂၀) ရက်နေ့က စစ်‌ကောင်စီတပ်မှ လက်နက်ကြီးနှင့် ဒရုန်းဖြင့် ဗုံးကြဲတိုက် ခိုက်မှုကြောင့် ၁ နှစ် ၈ လအရွယ် ကလေးငယ်တစ်ဦးအပါအဝင် အရပ်သား(၃)ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ကေအဲန်ယူ (ဗဟို)က ယမန်နေ့တွင် ထုတ်ပြန်သည်။

ရွှေကျင်မြို့နယ်အတွင်းရှိ စစ်ကောင်စီ၏ ခြေမြန်တပ်ရင်း (ခမရ-၃၀၇) က ပစ်ခတ်လိုက်သော ၈၁ မမ လက်နက်ကြီးတစ်လုံး ကွင်းဆိပ်ကျေးရွာသို့ ကျရောက်ပေါက်ကွဲခဲ့ပြီး သားအဖ(၃) ဦးဖြစ်သည့် အသက် (၃၃) နှစ် အရွယ်အမျိုးသားတစ်ဦး၊ အသက် (၁၀) နှစ်အရွယ်နှင့် အသက် ၁နှစ် ၈ လအရွယ် ကလေးငယ် တစ်ဦး ထိခိုက် ဒဏ်ရာရရှိခဲ့သည်ဟု ထုတ်ပြန်ချက်အရ သိရသည်။

“ မနက် (၉) နာရီလောက်မှာ ဖြစ်တာ။ ဗိုလ်မှူးအောင်သူ ဦးဆောင်တဲ့ (ခမရ -၃၄၀) တပ်ရင်းက တစ်လုံး ပစ်တာ ကွင်းဆိပ် (၆) ရပ်ကွက်မှာ တစ်လုံးကျပြီး သားဖ (၃) ယောက်ထိသွားတာ။ အခုလက်ရှိ ဆေးရုံမှာ ရှိနေဆဲပါပဲ။ လောဆယ်က ဆောထိ( ရွှေကျင်) မြို့ရဲ့ အရှေ့နဲ့အနောက်ဘက်ခြမ်း ရွာတွေမှာ လက်နက်ကြီးပစ်ခတ်မှု ခဏခဏ ဖြစ်နေတယ်” ဟု ရွှေကျင်မြို့ခံတစ်ဦးက ကေအိုင်စီသို့ ပြောသည်။

၎င်းအပြင် အောက်တိုဘာလ (၂၂) ရက်နေ့က ကျောက်ကြီးမြို့နယ် သမင်အင်းကုန်းကျေးရွာအတွင်းသို့ စစ်ကောင် စီက ဒရုန်းဗုံးကြဲချတိုက်ခိုက်မှုတွင်လည်း ‌ဒေသခံနေအိမ် (၁) လုံး ပျက်စီးခဲ့ရသလို အောက်တိုဘာလ (၁၈) နှင့် (၁၉) ရက်နေ့များတွင်လည်း ခိုလို၊ ညောင်ကုန်း၊ ‌ဒေါင်းမို့၊ ဝမ်ချဲ၊ ကွေးကုန်းနှင့် သရက်ပင်မောင်နှမ ကျေးရွာမျာသို့ လက်နက်ကြီးနှင့် ဒရုန်းဖြင့် တိုက်ခိုက်မှုလုပ်‌ဆောင်ခဲ့သေးကြောင်း သိရသည်။

အဆိုပါ လက်နက်ကြီး ပစ်ခတ်မှုများကို စစ်ကောင်စီ၏ ခြေလျင်တပ်ရင်း (ခလရ-၂၆၄) မှ လုပ်ဆောင် ခဲ့ခြင်း ဖြစ်ပြီး လက်နက်ကြီး ၁၂၀ မမ (၇) လုံး ပစ်ခတ်လုပ်ဆောင်ခဲ့သည်ဟုလည်း ကေအဲန်ယူ ထုတ်ပြန်ချက်တွင် ဖော်ပြပါရှိသည်။

ထို့အတူ အဆိုပါ တပ်ရင်းအပါအဝင် ခြေမြန်တပ်ရင်း (ခမရ-၂၀)ကလည်း ကားဖြင့် တင်ဆောင်ထားသော လက်နက်ကြီးများဖြင့် စစ်တောင်းမြစ်အနောက်ဖက်ခြမ်းရှိ ကျေးရွာများသို့ နေ့ရောညပါ ပစ်ခတ်လျက်ရှိသည့်အတွက် ဒေသခံလူထုများ စိုးရိမ်နေရသည်ဟု သိရသည်။

နောက်ဆုံးရရှိထားသော အချက်အလက်များအရ ဆောထိမြို့နယ်မှ ကျောက်ကြီးမြို့နယ်အထိ စစ်ကောင်စီ တပ်အင်အား အများအပြား ဖြည့်တင်းနေပြီး နယ်မြေခံတော်လှန်ရေးတပ်ဖွဲ့ဝင်များနှင့် ရင်ဆိုင်တိုက်ပွဲဖြစ်ပွားလျက်ရှိကြောင်း ဒေသတွင်း သတင်းအရင်းအမြစ်များအရ သိရသည်။