Home သတင်း ကရင်နီပြည်နယ်အတွင်း လူသားစာနာနှင့် ပြန်လည်ထူထောင်ရေးအတွက် နိုင်ငံတကာ၏ အကူအညီပေးမှုကို တိုးမြှင့်ရန် IEC တောင်းဆို

ကရင်နီပြည်နယ်အတွင်း လူသားစာနာနှင့် ပြန်လည်ထူထောင်ရေးအတွက် နိုင်ငံတကာ၏ အကူအညီပေးမှုကို တိုးမြှင့်ရန် IEC တောင်းဆို

523
Photo: CJ

အောက်တိုဘာ ၂၈ ရက်၊ ၂၀၂၄ ခုနှစ်။ ကေအိုင်စီ

ကရင်နီ(ကယား)ပြည်နယ်အတွင်းရှိ စစ်ဘေးအပြင် ယာဂီမုန်တိုင်းကြောင့် ရေဘေးပါသင့်ခဲ့ရသည့် ပြည်သူများ အတွက် လူသားချင်းစာနာမှုအကူအညီနှင့် ပြန်လည်လူထောင်ရေးဆောင်ရွက်ရာတွင် ကူညီထောက်ပံ့မှုကို တိုးမြှင့်ပေးရန် ကရင်နီပြည်ကြားကာလအုပ်ချုပ်ရေးကောင်စီ-IEC က နိုင်ငံတကာကို ယနေ့ရက်စွဲဖြင့် ထုတ်ပြန်တောင်းဆိုသည်။

စစ်အာဏာသိမ်းမှု နောက်ဆက်တွဲကြောင့် နှစ်ရှည်လများ စစ်ဘေးဒုက္ခနှင့် ပြီးခဲ့သည့် စက်တင် ဘာလကဖြစ်ပွားခဲ့သည့် ယာဂီမုန်တိုင်းကြောင့် ရေဘေးဒုက္ခပါတွေ့ကြုံခဲ့ရသည့် ကရင်နီလူထုပေါင်း (၁၅၀,၀၀၀)အတွက် IEC အနေဖြင့် အရပ်ဖက်အဖွဲ့များနှင့်ပူးပေါင်း၍ ကယ်ဆယ်ရေးအပြင် အရေးပေါ်တုံ့ပြန်မှုလုပ်ငန်းများ ဆောင်ရွက်ခဲ့သည်ဟု IEC က ပြောဆိုသည်။

သို့ရာတွင် လိုအပ်ချက်ကြီးမားသည့်အပြင် စစ်ကောင်စီကလည်း ဒေသတွင်းကုန်စည်စီးဆင်းမှုကို တားမြစ်ခြင်း၊ အကူအညီပေးရေးအဖွဲ့များနှင့်အကူအညီပေးမှုကို ကန့်သတ်ထိန်းချုပ်ခြင်းတို့ကြောင့် နိုင်ငံတကာအနေဖြင့် ပြည်သူအတွက်လိုအပ်သည့် အကူအညီကိုတိုးမြှင့်ပေးပါရန် IEC လူသားချင်းစာနာထောက်ထားရေးနှင့် ပြန်လည်ထူထောင်ရေးဌာနက တောင်းဆိုထားခြင်းဖြစ်သည်။

ယာဂီမုန်တိုင်းကြောင့် ကရင်နီပြည်နယ်ရှိ လွိုင်ကော်အပါအဝင် မြို့နယ်ပေါင်း(၁၀)ခုရှိ စစ်ဘေး ရှောင်ပြည်သူများနေထိုင်ရာ စစ်ရှောင်စခန်း(၁၆)ခုနှင့် ရွာပေါင်း(၅၄)ရွာမှ ပြည်သူများ ရေကြီးရေလျှံမှုအပြင် မြေပြိုမှုကို ရင်ဆိုင်တွေ့ကြုံခဲ့ရကြောင်း ထုတ်ပြန်ချက်အရ သိရသည်။

ထို့အပြင် ရေဖုံးလွှမ်းမှုကြောင့် ကရင်နီပြည်နယ်ရှိ စိုက်ပျိုးမြေဧကပေါင်း ၁ သောင်းကျော် ပျက်စီးခဲ့ရသလို အိုးအိမ်မဲ့ခဲ့ရသည့် မိသားစုပေါင်း (၂,၀၀၀)နီးပါးအတွက် ပြန်လည်ထူထောင်ရေးလိုအပ်ချက်များရှိနေသည်ဟု IEC လူသားစာနာဌာနက ထုတ်ပြန်ထားသည်။

ယာဂီမုန်တိုင်းဒဏ်မကျရောက်ခင်ကလည်း ကရင်နီပြည်နယ်တွင် နယ်မြေတွင်းပဋိပက္ခများနှင့် စစ်တပ်က တားမြစ်ပိတ်ဆို့မှုများကြောင့် လမ်းပန်းဆက်သွယ်ရေးခက်ခဲပြီး စစ်ဘေးရှောင်များနေထိုင်ရာ အချို့နယ်မြေများရှိ သောက်သုံးရေရှားပါးမှု၊ အလှူရှင်ရောက်ရှိမှုနည်းပါးခြင်းနှင့် အရေပြားနှင့်ဝမ်းရောဂါကဲ့သို့ ကျန်းမာရေးပြဿနာများ အဖြစ်များလေ့ရှိသည်။

၎င်းအပြင် ကရင်နီပြည်လွတ်မြောက်ရေးဆင်နွှဲနေသည့် တော်လှန်ရေးအင်အားစုများ ထိန်းချုပ်မှုအားကောင်း လာချိန်တွင်လည်း စစ်တပ်က စစ်ဘေးရှောင်စခန်းနှင့်စာသင်ကျောင်းပါမကျန် လေကြောင်းဗုံးကြဲတိုက်ခိုက်မှု၊ လက်နက်ကြီးပစ်ခတ်မှုများ လုပ်ဆောင်လာသည်။ ထို့ကြောင့် စစ်ရှောင်လိုအပ်ချက် တစ်စထက်တစ်စ များပြား နေ၍ နယ်စပ်ဖြတ်ကျော်အကူအညီပေးရန်လည်း အရပ်ဖက်အဖွဲ့များက နိုင်ငံတကာအလှူရှင်များအား ထုတ်ပြန်တောင်းဆိုမှုရှိခဲ့သည်။