အောက်တိုဘာ ၂၈ ရက်၊ ၂၀၂၄ ခုနှစ်။ ကေအိုင်စီ
ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး၊ ဒူးပလာယာခရိုင်၊ ကော့ကရိတ်မြို့နယ် ကရင်အမျိုးသားရဲတပ်ဖွဲ့ (KNPF) အချုပ်စခန်းတွင် အပြစ်ဒဏ်ကျခံရသည့် အကျဉ်းသား (၃)ဦးသည် ပြီးခဲ့သည့် အောက်တိုဘာလ ၂၆ ရက်နေ့တွင် အချုပ်မှူးကို သတ်ပြီး ထွက်ပြေးလွတ်မြောက်သွားကြောင်း မြို့နယ် KNPF တပ်ဖွဲ့က ပြောသည်။
ဖြစ်စဉ်မှာ အပြစ်ဒဏ်ကျခံရသူ အကျဉ်းသား အသက် ၂၁ နှစ်အရွယ် စောသမော့အဲသည် ရေမိုးချိုးရန် အချုပ်ခန်းအပြင်သို့ ခေါ် ထုတ်ချိန်တွင် အချုပ်မှူး မန်းချိုအေးကို သေနတ်ဖြင့် ပစ်သတ်ပြီး အခြားရွယ်တူ အကျဉ်းသား (၂)ဦးနှင့်အတူ ထွက်ပြေးလွတ်မြောက်သွားခြင်းဖြစ်ကြောင်း ကော့ကရိတ်မြို့နယ်၊ ကရင်အမျိုးသားရဲတပ်ဖွဲ့မှူး မန်းအဲဒါး ခလိန်းက ယခုလိုပြောသည်။
၎င်းက“ ၂၆ ရက်နေ့၊ ညနေ ၃ နာရီဝန်းကျင်မှာ အပြစ်သားတွေကို ရေချိုးဖို့ အပြင်ခေါ်ထုတ်ချိန်မှာ အချုပ်မှူးကို ထိုးကြိတ်၍ သေနတ်ကို လုယူပြီး ပစ်သတ်သွားတယ်။ အချုပ်ခန်းထဲမှာ ကျန်တဲ့အပြစ်သားနှစ်ဦးကိုလည်း ခေါ်ပြီး ဖမ်းဆီးထိန်းသိမ်းထားတဲ့ အခြားအပြစ်သားပိုက်ဆံတွေယူပြီး ထွက်ပြေးလွတ်မြောက်နေတယ်”ဟု ရဲမှူး မန်းအဲဒါးခလိန်းက ကေအိုင်စီသို့ ပြောသည်။
အဆိုပါ ထွက်ပြေးလွတ်မြောက်သွားသည့် အကျဉ်းသား (၃)ဦးကို ဖမ်းဆီးရမိနိုင်ရေးအတွက် ကရင်အမျိုး သားရဲ တပ်ဖွဲ့ (KNPF)မှ အပူတပြင်းကြိုးစားရှာဖွေနေသော်လည်း ယခုအချိန်ထိ လွတ်မြောက်နေဆဲဖြစ်ကြောင်း မြို့နယ်ရဲမှူးက ပြောသည်။
အချုပ်မှူးကို ပစ်သတ်ပြီး ထွက်ပြေးလွတ်မြောက်သွားသည့် ထိုအကျဉ်းသား ၃ဦးမှာ မူးယစ်ဆေးဝါး အထူးအက် ဥပဒေပုဒ်မဖြင့် တစ်နှစ်စီအပြစ်ဒဏ်ကျခံရသူ စောသီဟ(၂၂) ၊ စောသမော့အဲ (၂၁)နှစ်နှင့် ပြုပြင်ထိန်းသိမ်းရေးအတွက် အပြစ်ပေးခံရသည့် (POA)ဒရုန်းအဖွဲ့ဝင် အောင်ထက်မြတ်ဇော်(၂၀)နှစ် တို့ဖြစ်ကြကြောင်း သိရသည်။
ထို့အပြင် ထွက်ပြေးသွားသည့် အကျဉ်းသား ၃ ဦးသည် ကရင်အမျိုးသားရဲတပ်ဖွဲ့-KNPF ထံမှ ခြောက်လုံးပြူးသေနတ် ၁ လက်၊ ကာဘိုင်သေနတ် ၁ လက်၊ ကျည်ဆံအချို့နှင့် မြန်မာငွေသိန်း (၃၀) ကျော်အပြင် ဆိုင်ကယ် (၁)စီးလည်း ယူဆောင်သွားကြောင်း မြို့နယ်တာဝန်ရှိသူများက ပြောသည်။



















