အောက်တိုဘာ ၂၄ ရက်၊ ၂၀၂၄ ခုနှစ်။ ကေအိုင်စီ
ကရင်အမျိုးသားအစည်းအရုံး-ကေအဲန်ယူ တပ်မဟာ(၅)မှ ကရင်ပြည်နယ်၊ ဖာပွန်မြို့နယ်အတွင်းရှိ ကျေးရွာပြည်သူများကို အတင်းအဓမ္မဆွဲခေါ် လူသစ်စုဆောင်းနေသည်ဟူ၍ စစ်ကောင်စီဝါဒဖြန့် တယ်လီဂရမ်ချန်နယ်တွင် ပြီးခဲ့သည့် အောက်တိုဘာလ(၂၁)ရက်နေ့မှစ၍ ဖြန့်ဝေလျက်ရှိသည်။
ထိုသတင်းမှားကို Subscriber (၇၀,၀၀၀)သောင်းနီးပါးရှိ Snow Queen တယ်လီဂရမ်ချန်နယ်မှ ဖြန့်ဝေထားခြင်းဖြစ်ပြီး ကြည့်ရှုသူပေါင်း (၁၂,၀၀၀)ကျော်နှင့် Reaction ပြုလုပ်သူ (၁၆၀)ကျော်ရှိသည်။ ထိုသတင်းလင့်ခ်ကို ယခု (https://archive.ph/3IN2r) တွင် သွားရောက်ဖတ်ရှုနိုင်သည်။
ဖော်ပြပါသတင်းအကြောင်းအရာနှင့်ပတ်သက်၍ ကေအိုင်စီ အချက်အလက်စစ်ဆေးသည့်အဖွဲ့မှ စိစစ်ချက်အရ သတင်းအမှားဖြစ်ကြောင်း သိရသည်။
သတင်းအမှားဖြစ်ကြောင်းစိစစ်ချက်
KNU က အတင်းအဓမ္မ လူသစ်စုဆောင်းရာတွင် အမျိုးသမီးများကို ထမင်းချက်/ ထမင်းထုပ်ပို့စေခြင်းနှင့် အမျိုးသားများအား တပ်မတော်ကိုတိုက်ခိုက်ရာတွင် အသုံးချမှုများရှိနေသည်ဟု ထိုသတင်းမှားက ဆိုထားသည်။
အဆိုပါရေးသားဖော်ပြချက်နှင့်ပတ်သက်ပြီး KNU တပ်မဟာ(၅) ပြောခွင့်ရ ဒုတိယဗိုလ်မှူးကြီး စောကလယ်ဒို့ကို ကေအိုင်စီ အတည်ပြုမေးမြန်းရာတွင် “သူတို့ဝါဒဖြန့်သလို တပ်မဟာ(၅) ဧရိယာထဲမှာ လုပ်တာမရှိပါဘူး။ KNLA အနေနဲ့ ဖွဲ့စည်းပုံထဲမှာ သတ်မှတ်ချက်အရ မိသားစုတစ်စုမှာ အသက်ပြည့်ပြီး သူတစ်ယောက်ပါရမယ်ဆိုတာ ဟိုးအရင်တော်လှန်ရေးစကတည်းက ကျင့်သုံးလာတာ။ မိသားစုထဲက အသက်ပြည့်ပြီးသူက သူတို့ဘာသာ လာတင်ပြတယ်။ KNU ဘက်က အသိမှတ်ပြုလက်ခံမှဝင်ရတယ် ။ အဲဒီပုံစံနဲ့ပဲသွားတာ။ ” ဟု ပြောသည်။
ထို့အပြင် အမျိုးသမီးများအား KNU က ခေါ်ယူ၍ ထမင်းချက်ခိုင်းခြင်း၊ အမျိုးသားများအား အတင်းအကြပ်စစ်တိုက်ခိုင်းခြင်းတို့မရှိဘဲ ဒေသခံများမှာ မိမိတို့သဘောဆန္ဒအလျောက် KNLA တပ်ဖွဲ့ဝင်များအတွက် ထမင်းဟင်းပြင်ဆင်ပေးပို့ကြခြင်းဖြစ်သည်ဟု စောကလယ်ဒို့က ဖြည့်စွက်ပြောသည်။
KNU/KNLA တပ်မဟာ(၅) ဘက်က အတင်းအကြပ်တပ်သားစုဆောင်းမှုပုံစံမျိုး လုပ်ဆောင်ခြင်းရှိမရှိ ဒေသခံများထံ ထပ်မံအတည်ပြုမေးမြန်းရာတွင်လည်း ကောလာဟလ သတင်းသပ်သပ်သာဖြစ်ပြီး ဖော်ပြပါဖြစ်စဥ်မျိုးမရှိဟု သိရသည်။
ဖာပွန်ခရိုင်၊ ဘူးသိုမြို့နယ်နေ ရွာသားတစ်ဦးက “KNU/KNLA ဘက်က စစ်သားစုဆောင်းတယ်ဆိုတာ ချမှတ်ထားတဲ့ စည်းမျဥ်းအတိုင်းပဲလုပ်တာ။ အခုက ကျနော်တို့ဒေသမှာ စစ်တပ်နဲ့တိုက်ပွဲဖြစ်နေတယ်။ အဲဒါကြောင့် မိသားစုထဲကအသက်ပြည့်တာနဲ့ စစ်တိုက်ဖို့စိတ်အားထက်သန်ပြီး KNLA ထဲ သွားဝင် တာပဲရှိတယ်။ ခရိုင်မှာတောင် အဲ့လိုအတင်းအကြပ်လိုက်ခေါ်တာမျိုးမရှိဘူး” ဟု ကေအိုင်စီသို့ အတည်ပြုပြောသည်။
၎င်းအပြင် ပြီးခဲ့သည့်ရက်ပိုင်းက တပ်မဟာ(၅)နယ်မြေ၊ ဖာပွန်ခရိုင်၊ ကမမောင်းမြို့တွင် စစ်သားစု ဆောင်းမှုအချို့ ရှိသော်လည်း စစ်ကောင်စီ၏ စစ်မှုထမ်းဥပဒေကိုအကောင်အထည်ဖော်ရန် နယ်ခြား စောင့်တပ်-BGF မှ ဒေသခံများကို ဖိအားပေးလတ်မှတ်ထိုးခိုင်းခြင်း၊ စစ်မှုထမ်းရန်နာ မည်စာရင်းကောက်ခံခြင်းတို့ လုပ်ဆောင်ခဲ့ခြင်းရှိသည်ဟု ကေအိုင်စီက သတင်းရေးသားခဲ့ဖူးသည်။
ကေအိုင်စီ၏သတင်းလင့်ခ်ကို ဖော်ပြပါ (https://archive.ph/0d48H) တွင် ဖတ်ရှုနိုင်သည်။
အလားတူပင် လွတ်လပ်ပြီးယုံကြည်စိတ်ချရသည့် ဒေသတွင်းသတင်းဌာနများဖြစ်သည့် DVB, People Spring တို့မှလည်း ဖာပွန်-ကမမောင်းရှိ စစ်ကောင်စီနှင့် BGF တို့ တပ်သားစုဆောင်း သည့်ကိစ္စနှင့်ပတ်သက်၍ သတင်းများရေးသားဖော်ပြခဲ့ဖူးသည်။ ယင်းတို့ကို အောက်ဖော်ပြပါ လင့်ခ်များတွင် သွားရောက်ကြည့်ရှုနိုင်သည်။
DVB တွင် ဖော်ပြထားသည့် သတင်းလင့်ခ် (https://burmese.dvb.no/post/657888)
People Spring တွင် ဖော်ပြထားသည့် သတင်းလင့်ခ် (https://www.ludunwayoo.com/news-mm/2024/10/01/100598/)
ဆက်လက်၍ ကေအိုင်စီအနေဖြင့် စစ်ကောင်စီဝါဒဖြန့် Snow Queen တယ်လီဂရမ်မှ သတင်း အမှားနှင့်ပတ်သက်၍ ဖာပွန်ဒေသခံ အမျိုးသမီးတစ်ဦးအား မေးမြန်းရာတွင် “ကျမတို့ ကမမောင်း ဘက်မှာတော့ စစ်တပ်နဲ့ BGF တပ်သားစုတာပဲရှိတယ်။ KNU ဘက်က အဲဒီလိုလူလိုက်စုတာ တစ်ခါမှမရှိဘူး” ဟု ပြောသည်။
သုံးသပ်ချက်
Snow Queen တယ်လီဂရမ်ချန်နယ်မှ “ဖာပွန်တိုက်ပွဲများအတွင်း အထိနာနေသော KNU တပ်မဟာ(၅)အနေဖြင့် ဖာပွန်မြို့နယ်ရှိကျေးရွာများမှ ပြည်သူများအား လိုက်လံဆွဲခေါ်လျက် တိုက်ခိုက်ရေးနှင့်အုပ်ချုပ်ရေးကိစ္စ လုပ်ဆောင်ရန် အတင်းအဓမ္မလူသစ်စုဆောင်းနေသည်” ဟူ၍ ခိုင်လုံသော သတင်းအရင်းအမြစ် မပါရှိသော စာရေးသားမှုမျိုးဖြင့် ဖြန့်ဝေထားခြင်းဖြစ်သည်။
ထို့အပြင် ဖော်ပြပါ ဒေသခံသတင်းအရင်းအမြစ်များအရ Snow Queen မှ ရေးသားဖြန့်ဝေလျက်ရှိသည့် သတင်းအကြောင်းအရာမှာ အစအဆုံး လုပ်ကြံဖန်တီးထားသော အကြောင်းအရာများ ပါဝင်နေသည့် Fabricated Context အမျိုးအစား သတင်းအမှားဖြစ်သည်။
ကေအိုင်စီ၏ ပရိတ်သတ်များအနေဖြင့်လည်း သတင်းအကြောင်းအရာတစ်ခုကို တွေ့ရှိပါက ဆောလျင်စွာယုံကြည်မှုမပြုဘဲ ၎င်းတွင်ပါဝင်နေသည့် ရုပ်ပုံများအား ဂရုပြုလေ့ လာစမ်းစစ်ခြင်းဖြင့်လည်းကောင်း၊ သက်ဆိုင်ရာ လူပုဂ္ဂိုလ်အဖွဲ့များသို့ အတည်ပြုချက်ရ ယူခြင်းဖြင့်လည်းကောင်း စစ်ဆေးနိုင်သည်။
ထို့အတူ ယုံကြည်စိတ်ချရသည့် မီဒီယာများနှင့်တိုက်ဆိုင်စစ်ဆေးခြင်းဖြင့် သတင်းအမှား၊ အမှန် ခွဲခြားနိုင်သလို ကေအိုင်စီ၏ဖေ့ဘွတ်ခ် စာမျက်နှာ (https://www.facebook.com /KICNewsPage) သို့လည်း လာရောက်ပေးပို့နိုင်သည်။