Home Facts Checking News KNU ဌာနချုပ်နေရာ ဒရုန်းဗုံးတိုက်ခိုက်ခံရမှုကြောင့် တပ်ဖွဲ့ဝင်အများအပြား ထိခိုက်သေဆုံးမှုရှိသည်ဆိုသော သတင်းအမှား

KNU ဌာနချုပ်နေရာ ဒရုန်းဗုံးတိုက်ခိုက်ခံရမှုကြောင့် တပ်ဖွဲ့ဝင်အများအပြား ထိခိုက်သေဆုံးမှုရှိသည်ဆိုသော သတင်းအမှား

246

အောက်တိုဘာ ၂၂ ရက်၊ ၂၀၂၄ ခုနှစ်။ ကေအိုင်စီ

ကရင်အမျိုးသားအစည်းအရုံး-KNU ဗဟိုဌာနချုပ်ကို ယနေ့နံနက်(၁၀)နာရီတွင် စစ်ကောင်စီမှ အသေ ခံ ဒရုန်း(၄)လုံးဖြင့် တိုက်ခိုက်ခဲ့မှုကြောင့် အဆောက်အဦးများထိခိုက်ပျက်စီးပြီး KNU တပ်ဖွဲ့ဝင်အများအပြား ထိခိုက်သေဆုံးမှုရှိကြောင်း စစ်ကောင်စီဝါဒဖြန့် တယ်လီဂရမ်ချန်နယ်တွင် သတင်းအမှားဖြန့်ဝေလျက်ရှိသည်ကို တွေ့ရှိရသည်။

ထိုသတင်းအား Subscriber (၁၅,၀၀၀) နီးပါးရှိ Saw Ba Maung အမည်ရ တယ်လီဂရမ်ချန်နယ်မှ ယနေ့နေ့လည် ၁၂ နာရီ ၄၄ မိနစ်အချိန်တွင် စတင်ဖြန့်ဝေထားခြင်းဖြစ်ပြီး သတင်းအမှားအား ကြည့်ရှုသူ (၁,၀၀၀)ကျော်၊ ကြိုက်နှစ်သက်သူ (၅၀)ကျော် ရှိသည်။

သတင်းအမှား လင့်ခ်ကို ယခုဖော်ပြပါ (https://archive.ph/seVBa) တွင် သွားရောက်ကြည့်ရှုနိုင်သည်။

တဆက်တည်းမှာပင် Saw Ba Maung တယ်လီဂရမ်ချန်နယ်မှ ကရင်ဒေသအခြေစိုက် သတင်းများတင် ဆက်နေ သည့် Salween Press မီဒီယာ၏ သတင်းကိုပြသ၍ “KNU တပ်မဟာ ၇ ဗဟိုဌာနချုပ်ကို တပ်မ‌တော်မှ ဒရုန်း ၄ စင်းဖြင့် ဗုံးကြဲတိုက်ခိုက်မှုကြောင့် အထိအခိုက်ရှိကြောင်း Salween Press မှ ဝန်ခံ” ဟူ၍ ဆက်လက် ဖော်ပြထားပြီး ၎င်းကိုကြည့်ရှုသူ (၁,၀၀၀)နီးပါးနှင့် ကြိုက်နှစ်သက်သူ (၅၀)ကျော်ရှိသည်။

ထိုသတင်းကိုလည်း ဖော်ပြပါ (https://archive.ph/DTRUL) လင့်ခ်တွင် ဖတ်ရှုနိုင်သည်။

အဆိုပါအကြောင်းအရာများနှင့် ပတ်သက်၍ ကရင်သတင်းဌာန-ကေအိုင်စီ၏ အချက်အလက်စစ်ဆေးသည့်အဖွဲ့မှ စိစစ်ချက်အရ သတင်းအမှားဖြစ်ကြောင်း တွေ့ရသည်။

သတင်းအမှားဖြစ်ကြောင်း စိစစ်ချက်
Saw Ba Maung က ဖြန့်ဝေနေသည့် သတင်းအမှားတွင် KNU ဗဟိုဌာနချုပ်နေရာ အသေခံဒရုန်း အသုံးပြု တိုက်ခိုက်ခံရမှုကြောင့် အဆောက်အဦးများနှင့် တပ်ဖွဲ့ဝင်များထိခိုက်သေဆုံးကြောင်း ၎င်းကိုယ်ပိုင်မဟုတ်သည့် ဧရာတီသတင်းဌာန၏ သတင်းဓာတ်ပုံ (၃)ပုံကို ကူးယူဖော်ပြထားသည်။

ထို့အတူ ဧရာဝတီသတင်းဌာနအပါအဝင် ယုံကြည်စိတ်ချရသည့် သတင်းဌာနများတွင်လည်း KNU ဗဟိုဌာန ချုပ်မဟုတ်ဘဲ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်-KNLA ဌာနချုပ်နေရာ အသေခံဒရုန်းဗုံး(၄)လုံး ကြဲချတိုက်ခိုက်ခံရမှု မှန်ကန်၍ ထိခိုက်မှုသာရှိသော်လည်း သေဆုံးမှုမရှိဟု ဆိုသည်။

ဧရာဝတီသတင်းဌာနက ရေးသားထားသည့် သတင်းကို ဖော်ပြပါ သတင်းဓာတ်ပုံများနှင့်တကွ ယခု (https://archive.ph/SwxZI) တွင် သွားရောက်ဖတ်ရှုနိုင်သည်။

ကေအိုင်စီသတင်းဌာနက ကွင်းဆင်းစစ်ဆေးချက်အရလည်း KNLA ဌာနချုပ်နေရာအနီးရှိ လူနေထိုင်မှုမရှိ‌သော အဆောက်အဦးတစ်ခုဝန်းကျင်သို့ ထိုဒရုန်းဗုံး(၄)လုံး ကျရောက်ခဲ့ခြင်းဖြစ်ပြီး တပ်ဖွဲ့ဝင်(၁)ဦးသာ ထိခိုက်ဒဏ်ရာရရှိ၍ အခြားသေဆုံးမှုမရှိပါ။

KNLA သတင်းအရင်းအမြစ်က “ရဲဘော်တစ်ယောက်ပဲ ခြေထောက်မှာ အစမှန်တာ။ မစိုးရိမ်ရဘူး။ ခုနကတော့ ဆေးရုံလိုက်ပို့လိုက်ပြီ။ အဆောက်အဦးကတော့ သစ်ပင်ကိုဒရုန်း(၂)လုံးထိတော့ ထက်ပိုင်းပြတ်ပြီး သူ့အပေါ် ကျလို့ ခေါင်မိုးတွေပျက်ကုန်တယ်။ သေတဲ့သူမရှိပါဘူး” ဟု ကေအိုင်စီသို့ ပြောသည်။

အဆိုပါဖြစ်စဥ်နှင့်ပတ်သက်၍ ဒေသတွင်းသတင်းအရင်းအမြစ်များကို ထပ်မံအတည်ပြုမေးမြန်းရာတွင် ထိခိုက်သူ တစ်ဦးသာရှိ၍ သေဆုံးမှုမရှိဟု ဆိုသည်။

သုံးသပ်ချက်
စစ်တပ်ဝါဒဖြန့် တယ်လီဂရမ်ချန်နယ်တွင် ဖော်ပြထားသည့် အဆိုပါသတင်းအမှားအရ KNU ဌာနချုပ်နေရာ တိုက်ခိုက်ခံရပြီး တပ်ဖွဲ့ဝင်အများအပြား ထိခိုက်သေဆုံးမှုရှိသည်ဆိုခြင်းမှာ သတင်းဖြစ်စဥ်မှန်ကန်သော်လည်း အကြောင်းအရာ လွဲမှားနေသည့် “False Context” သတင်းအမှားအမျိုးအစားသာဖြစ်သည်။

ကရင်သတင်းဌာန-ကေအိုင်စီ၏ ပရိတ်သတ်များအနေဖြင့်လည်း သတင်းအကြောင်းအရာတစ်ခုကို တွေ့ရှိပါက ဆောလျင်စွာယုံကြည်မှုမပြုဘဲ ၎င်းတွင်ပါဝင်နေသည့် ရုပ်ပုံများအား ဂရုပြုလေ့လာစမ်းစစ်ခြင်းဖြင့်လည်းကောင်း၊ သက်ဆိုင်ရာ လူပုဂ္ဂိုလ်အဖွဲ့များသို့ အတည်ပြုချက်ရယူခြင်းဖြင့်လည်းကောင်း စစ်ဆေးနိုင်သည်။

ထို့အတူ ယုံကြည်စိတ်ချရသည့် မီဒီယာများနှင့်တိုက်ဆိုင်စစ်ဆေးခြင်းဖြင့် သတင်းအမှား၊ အမှန် ခွဲခြားနိုင်သလို ကေအိုင်စီ၏ဖေ့ဘွတ်ခ်လူမှုကွန်ရက်စာမျက်နှာ (https://www.facebook.com/KICNewsPage)သို့လည်း လာရောက်ပေးပို့နိုင်သည်။