Home သတင်း KNLA ဒုစစ်ဦးစီးချုပ်၏ တပ်မဟာ(၄)ခရီးစဉ်အတွင်း KTLA တပ်ဖွဲ့ဝင်များနှင့် တွေ့ဆုံခဲ့

KNLA ဒုစစ်ဦးစီးချုပ်၏ တပ်မဟာ(၄)ခရီးစဉ်အတွင်း KTLA တပ်ဖွဲ့ဝင်များနှင့် တွေ့ဆုံခဲ့

1255

အောက်တိုဘာ ၂၄ ရက်၊ ၂၀၂၄ခုနှစ်။ ကေအိုင်စီ

ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်-KNLA ဒုတိယ စစ်ဦးစီးချုပ် ဒုဗိုလ်ချုပ်ကြီး စောဘောကျော်ဟဲ သည် ယခုလ ၁၈ ရက်နေ့မှစ၍ ကရင်အမျိုးသားအစည်းအရုံး-KNU တပ်မဟာ (၄)/ဘိတ်-ထားဝယ်ခရိုင်သို့ သွားရောက်သည့်ခရီးစဉ်အတွင်း ကော်သူးလေအာမီ-KTLA တပ်ရင်းမှ တာဝန်ရှိသူများနှင့် တွေ့ဆုံမှု ပြုလုပ်ခဲ့ကြောင်း တပ်မဟာ(၄) တာဝန်ရှိသူများက ပြောသည်။

ဒုဗိုလ်ချုပ်ကြီး စောဘောကျော်ဟဲသည် ယခုလ ၁၈ ရက်မှစ၍ ၂၁ ရက်နေ့အထိ ကေအဲန်ယူ၊ ဘိတ်-ထားဝယ် ခရိုင်/တပ်မဟာ(၄) နယ်မြေအတွင်းရှိ သက်ဆိုင်ရာ ခရိုင်၊ မြို့နယ် နှင့် တပ်ပိုင်းဆိုင်ရာ တာဝန်ရှိသူများ၊ ပြည်သူ များနှင့် တွေ့ဆုံခဲ့သလို ကေအဲန်ယူမှ ခွဲထွက်ထားသည့် KTLA ၏ ထီဆဲ့မေ့ယွာတပ်ရင်းတာဝန်ရှိသူနှင့်လည်း တွေ့ဆုံခဲ့ကြောင်း ဘိတ်-ထားဝယ်ခရိုင်အတွင်းရေးမှူး ပဒိုစောအယ်နာက ကေအိုင်စီသို့ အတည်ပြု ပြောသည်။

“ဒုစစ်ဦးစီးချုပ်ရဲ့ ခရီးစဉ်က မြို့နယ် တပ်ရင်း၊တပ်ဖွဲ့ ခေါင်းဆောင်တွေနဲ့ ပြည်သူလူထုတွေကို သွားတွေ့ ဆုံစကားပြော တာပါပဲ။ တစ်ချိန်တည်းမှာပဲ KTLA လို့ သိထားတဲ့ ထီးဆဲ့မေ့ယွာ တပ်ရင်းနဲ့ပါတွေ့လိုက်တယ်။ ဒါပေမဲ့ ထီးဆဲ့မေ့ယွာတပ်ရင်းကတော့ ကျနော်တို့ မြို့နယ် တပ်ရင်းတပ်ဖွဲ့တွေနဲ့ တိုက်ပွဲတွေမှာ လက်တွဲ လုပ်ဆောင်နေတဲ့ တပ်ရင်းပါ။” ဟု ကေအိုင်စီသို့ ပြောသည်။

အဆိုပါ KTLA တပ်ရင်းသည် ယခင် ကေအဲန်ယူ တပ်မဟာ(၄) ၏ တပ်ရင်းဟောင်းသာဖြစ်ပြီး အမြင်မတူမှု ကြောင့် KTLA အနေဖြင့် ခွဲထွက်သွားသော်လည်း လက်တွဲလုပ်ဆောင်မှုများရှိနေကြောင်း၊ ဒုစစ်ဦးစီးချုပ်နှင့် တွေ့ဆုံမှုတွင်လည်း အတူတကွ ပူးပေါင်းဆောင်ရွက်သွားရန် ပြောဆိုဆွေးနွေးခဲ့ကြကြောင်း ပဒိုစောအယ်နာက ဆက်ပြောသည်။

ကေအဲန်ယူ၏ တနင်္သာရီမြို့နယ်၊ KNLA တပ်ရင်း(၁၃) နယ်မြေတွင် အဓိက လှုပ်ရှားနေသည့် ထို KTLA တပ်ရင်းနှင့် KNLA ဒုစစ်ဦးစီးချုပ်တို့ တွေ့ဆုံမှုအတွင်း အဓိကအားဖြင့် ပူးပေါင်းဆောင်ရွက်ရေးအတွက် ပြောဆိုဆွေးနွေး ခဲ့ကြကြောင်း သိရသည်။

စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း ကေအဲန်ယူ၊ တပ်မဟာ(၄) နယ်မြေရှိ ယခင်ကရင်အမျိုးသားကာကွယ် ရေးအဖွဲ့-KNDO တပ်ရင်းတပ်ဖွဲ့အချို့သည် ကေအဲန်ယူကအဖွဲ့မှ ထုတ်ပယ်ခြင်းခံရသော စစ်ဦးစီးချုပ်ဟောင်း ဖြစ်သူ စောနယ်ဒါးမြ ပြန်လည်ဖွဲ့စည်းလိုက်သည့် KTLA တပ်ဖွဲ့အနေဖြင့် အသွင်ပြောင်းရပ်တည်သွားခဲ့ကြသည်။ ထို KTLA အဖွဲ့အချို့သည် စစ်ကောင်စီအပြင် မိခင်အဖွဲ့အစည်း ကေအဲန်ယူကိုပါ ရံဖန်ရံခါ ပြန်လည် တိုက်ခိုက်မှုများ လုပ်ဆောင်လေ့ရှိသည်။

ကေအဲန်ယူ တပ်မဟာ (၄) အနေဖြင့် ရန်သူ စစ်ကောင်စီနှင့် ပူးပေါင်းကာ ၎င်းတို့ကို တိုက်ခိုက်နေကြောင်း KTLA တပ်ဖွဲ့ဝင်အချို့က ပြောဆိုကာ နှစ်ဘက်အပြန်အလှန်တိုက်ခိုက်မှုများရှိလာသလို သက်ဆိုင်ရာ KNLA ဗဟိုဌာနချုပ်အထိ ဝင်ရောက်ညှိနှိုင်း ဖြေရှင်းပေးသော်လည်း ပြေလည်မှုမရရှိဘဲ ထိတွေ့တိုက်ခိုက်မှု မကြာခဏ ဖြစ်ပွားနေဆဲဖြစ်သည်။