Home သတင်း NUG ၏ အဂတိလိုက်စားမှုများကို အချက်အလက်စုဆောင်းဖော်ထုတ်မည့် အဂတိလိုက်စားမှုဆန့်ကျင်ရေးအဖွဲ့ ဖွဲ့စည်း

NUG ၏ အဂတိလိုက်စားမှုများကို အချက်အလက်စုဆောင်းဖော်ထုတ်မည့် အဂတိလိုက်စားမှုဆန့်ကျင်ရေးအဖွဲ့ ဖွဲ့စည်း

836

အောက်တိုဘာ ၂၄ ရက်၊ ၂၀၂၄ ခုနှစ်။ ကေအိုင်စီ

အမျိုးသားညီညွတ်ရေးအစိုးရနှင့် သက်ဆိုင်သူများ၏ အဂတိလိုက်စားမှုများကို အချက်အလက်စုဆောင်း ဖော်ထုတ်မည့် အဂတိလိုက်စားမှုဆန့်ကျင်ရေးအဖွဲ့(မြန်မာပြည်) ကို ဖွဲ့စည်းလိုက်ကြောင်း ထိုအဖွဲ့၏ အောက်တိုဘာ(၂၂)ရက်နေ့ ထုတ်ပြန်ချက်အရ သိရသည်။

သက်ဆိုင်ရာနယ်ပယ်မှ ကျွမ်းကျင်ပညာရှင်၊ ဥပဒေနှင့် နိုင်ငံရေးလုပ်သက် အတွေ့အကြုံရင့် သန်ပြီးဖြစ်သော အဖွဲ့ဝင် (၉)ဦးနှင့် အကြံပေးပုဂ္ဂိုလ်(၂)ဦး တို့ပါဝင်သည့် အဖွဲ့ကို အဂတိလိုက်စား မှုကင်းစင်ပြီး နိုင်ငံရေး၊ မြေပြင်ညီညွတ်ရေးမှသည် စစ်ရေးအောင်မြင်မှုရရှိရန် ရည်ရွယ်ဖွဲ့စည်းခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။

အဖွဲ့ပြောခွင့်ရ ကိုမိုးချမ်းက “တော်လှန်ရေးမှာ နိုင်ငံရေးအားဖြင့်ဦးဆောင်နေတဲ့ NUG မှာလည်း အဂတိ လိုက်စားမှုတွေရှိနေတာကို ကြားလာရတော့ နိုင်ငံရေး၊ မြေပြင်ညီညွတ်ရေးကနေ စစ်ရေးအောင်မြင်ဖို့ ရည်ရွယ်ပြီး ဖွဲ့စည်းခဲ့တာပါ။ အဂတိလိုက်စားမှုရှိတယ် မရှိဘူးဆိုတာနဲ့ နောက်ဆက်တွဲ ဥပဒေမဲ့လုပ်ရပ်တွေကို အချက်အလက်စုဆောင်းပြီး ပြည်သူ့မှတ်တမ်းတစ်ခုအနေနဲ့ ပြည်သူကိုပြန်လည်တင်ပြမှာဖြစ်ပါတယ်။” ဟု ပြောသည်။

ထို့အပြင် အဖွဲ့၏ ရည်ရွယ်ချက်အနေဖြင့် NUG ကို အပြန်အလှန်အားဖြင့် ထိန်းကျောင်းရမည့် လွှတ်တော်မရှိခြင်း လစ်ဟင်းမှုကိုဖော်ပြရန်၊ ပြည်သူ့ကိုယ်စားပြုလွှတ်တော်(CRPH)၏ တာဝန်ထမ်း ဆောင်မှုပျက်ကွက်ခြင်းကို မီးမောင်းထိုးပြရန်၊ ပြည်သူများအနေဖြင့်လည်း ဝေဖန်စောင့်ကြည့်နိုင်ရန် ဖြစ်သည်ဟုလည်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

“ကျနော်တို့အနေနဲ့ အသင်းအဖွဲ့တွေလွတ်လပ်စွာ ဖွဲ့စည်းခြင်းကို လက်ခံယုံကြည်ပါတယ်။ တရား ဥပဒေစိုးမိုးတဲ့နိုင်ငံဆိုရင်တော့ တရားဝင်မှတ်ပုံတင်ပြီး လှုပ်ရှားလို့ရတယ်။ အခုဒီအဖွဲ့ကတော့ ဘယ်လိုဖွဲ့စည်းတယ်၊ ဘယ်လိုစံချိန်စံညွှန်းတွေလဲဆိုတာ မတွေ့ရဘူး၊ သေချာမသိရတဲ့အတွက်ကြောင့် မှတ်ချက်ပေးစရာမရှိပါဘူး။” ဟု ထိုအဖွဲ့ဖွဲ့စည်းလာသည့် ကိစ္စနှင့်ပတ်သက်၍ NUG သမ္မတရုံးပြောခွင့်ရ ဦးကျော်ဇော်က ကေအိုင်စီသို့ ပြောသည်။

NUG အနေဖြင့်လည်း တော်လှန်ရေးပြီးမြောက်အောင်မြင်ရန် တာဝန်ယူမှု၊ တာဝန်ခံမှုရှိရှိဖြင့် ပြည်သူလူထုနှင့်အတူ တော်လှန်တိုက်ပွဲဝင်လျက်ရှိသည်ဟု ဦးကျော်ဇော်က ဖြည့်စွက်ပြောသည်။

NUG အတွင်းဖြစ်ပေါ်နေသည့် သံသယရှိ အဂတိလိုက်စားမှုများနှင့်ပတ်သက်ပြီး သိရှိသူပြည် သူများအနေဖြင့် အဂတိလိုက်စားမှုဆန့်ကျင်ရေးအဖွဲ့ (မြန်မာပြည်) ၏ လူမှုကွန်ရက်စာမျက်နှာရှိ ပေးထားသည့်ဖောင်အတွင်း အချက်အလက်ဖြည့်စွက်ပြီး သတင်းပေးပို့နိုင်သလို အီးမေးလ်ဖြင့် လည်းပေးပို့နိုင်ကြောင်း ထုတ်ပြန်ချက်တွင် လုံခြုံရေးအာမခံချက်ပေးထားသည်ကို တွေ့ရသည်။

ထို့အတူ တိုင်းရင်းသားလက်နက်ကိုင်ခေါင်းဆောင်များနှင့် အလွှာအသီးသီးရှိ ပြည်သူများအနေဖြင့် သိရှိထားသည့်အချက်အလက်များဖြင့် အဂတိလိုက်စားမှုပပျောက်ရေး ဝိုင်းဝန်းအကူအညီပေးကြရန် ၎င်းအဖွဲ့က ဖိတ်ခေါ်ပြောဆိုသည်။