အောက်တိုဘာ ၂၃ ရက်၊ ၂၀၂၄ ခုနှစ်။ ကေအိုင်စီ
လွတ်လပ်သော မြန်မာသတင်းမီဒီယာကောင်စီ-IPCM နှင့် ကရင်နီပြည် ကြားကာလအုပ်ချုပ်ရေးကောင်စီ-IEC တို့အကြား မီဒီယာ မူဝါဒဆိုင်ရာပူးပေါင်းဆောင်ရွက်ရေးနှင့် လွတ်လပ်စွာသတင်းရယူနိုင်ရေးကို ပြီးခဲ့သည့် အောက်တိုဘာလ(၁၅)ရက်နေ့က အွန်လိုင်းဖြင့် တွေ့ဆုံဆွေးနွေးခဲ့ကြကြောင်း ၎င်းတို့၏ ယနေ့ပူးတွဲထုတ်ပြန်ချက်အရ သိရသည်။
IPCM နှင့် IEC တို့၏ နှစ်ဖက်တွေ့ဆုံမှုတွင် အဓိကအားဖြင့် သတင်းသမားများ လုံခြုံစွာသတင်းရယူပိုင်ခွင့်နှင့် ကရင်နီပြည်နယ်အတွင်း သတင်းသမားများ နည်းလမ်းမှန်ကန်စွာ သတင်းရယူနိုင်ရေးတို့ကို ဆွေးနွေးခဲ့ကြ ခြင်းဖြစ်ကြောင်း IPCM က ဆိုသည်။
IPCM ၏ အတွင်းရေးမှူး ဦးတိုးဇော်လတ်က “သတင်းရယူပိုင်ခွင့်မှာ လုံလုံခြုံခြုံနဲ့တစ်ယောက်ရဲ့လိုအပ်ချက်ကို တစ်ယောက်ကအသိမှတ်ပြုပြီး သတင်းရယူရေးပေါ့။ ကရင်နီဘက်မှာလည်း စစ်ရေးလုံခြုံမှုကို ကျနော်တို့ အသိ မှတ်ပြုသလို IEC ဘက်ကလည်း သတင်းထောက်တွေ နည်းမှန်လမ်းမှန်သတင်းရယူရေးပေါ့ဗျာ” ဟု ကေအိုင်စီသို့ ပြောသည်။
ဖက်ဒရယ်ပြည်ထောင်စုတွင်ပါဝင်နိုင်မည့် ပြည်နယ်တစ်ခုအဖြစ်ဖော်ဆောင်ရာ၌ ယခုနှစ်အတွင်း အုပ်ချုပ် ရေးစနစ် ပိုမိုအားကောင်းလာစေရန် လုပ်ဆောင်နေသည့် IEC က ပြီးခဲ့သည့် ဧပြီလပိုင်းက သတင်းမီဒီယာ ကျင့်ဝတ်ဆိုင်ရာ ညွှန်ကြားချက်ကို ထုတ်ပြန်ခဲ့ရာ နံပါတ်(၅)အချက်မှာ မီဒီယာအသိုင်းအဝိုင်းကြား ဝေဖန်မှုမြင့်တက်ခဲ့သည်။
၎င်းတွင် သတင်းမီဒီယာများအနေဖြင့် လွတ်လပ်စွာသတင်းရယူခွင့်ရှိသော်လည်း ကရင်နီပြည်နယ် ၏အုပ်ချုပ်ရေးနှင့်စစ်ရေးကို ထိခိုက်စေသော၊ စစ်ကောင်စီကိုအားပေးအားမြှောက်ဖြစ်စေသော လုပ်ရပ်မှန်သမျှကို တားမြစ်ကြောင်း ဖော်ပြထားခြင်းဖြစ်သည်။
ထိုဖော်ပြချက်သည် IEC အနေဖြင့် မီဒီယာများ တာဝန်ယူ၊ တာဝန်ခံမှုဖြင့် ထိရောက်စွာသတင်းရယူနိုင်ရေးကိုသာ ရည်ရွယ်သည်ဟု ထုတ်ပြန်ချက်အတွင်း ဖော်ပြထားပြီး ယခုလို နှစ်ဖက်တွေ့ဆုံဆွေးနွေးမှုတွင်လည်း ယင်းအကြောင်းအရာအပေါ် နှစ်ဖက်အကျေအလည်ဆွေးနွေးကြခြင်းဖြင့် သဘောတူညီမှုရခဲ့ကြောင်း ဦးတိုးဇော်လတ်က ဖြည့်စွက်ပြောဆိုသည်။
၎င်းက “စစ်ရေးဌာနဘက်က ထုတ်ထားတဲ့စည်းကမ်းချက်ဖြစ်လို့ တော်တော်လေးဆွေးနွေးခဲ့ရတယ်။ ကျနော်တို့ ကလည်း စစ်ရေးလုံခြုံရေးမှာတော့ ဒီထက်ပိုရှင်းလင်းတဲ့သဘောတူညီမှုလုပ်ပေးပါလို့ ဆွေးနွေးခဲ့တယ်။ သူတို့က မြေပြင်စစ်ရေးနဲ့ကန့်သတ်ချက်တွေရှိတယ်လို့ ပြောတယ်။ စစ်ဆင်ရေးနယ်မြေတွေမှာ တာဝန်ကြီးတာကို ပြောတော့ အတတ်နိုင်ဆုံးညှိနှိုင်းဆောင်ရွက်သွားဖို့ဆွေးနွေးခဲ့တာပါ” ဟု ပြောသည်။
၎င်းအပြင် IPCM ၏ သတင်းမီဒီယာကျင့်ဝတ်နှင့်အညီ လွတ်လပ်စွာသတင်းရယူရေး အပြန်အလှန်ပူးပေါင်း ဆောင်ရွက်ရန်နှင့် အငြင်းပွားမှုရှိပါက IPCM နှင့် IEC အကြားဆက်သွယ်ရေးလမ်းကြောင်းအနေဖြင့် ဖွဲ့စည်း ထားသည့် ပြည်သူ့ဆက်ဆံရေးနှင့်ပြန်ကြားရေးကော်မတီမှ ညှိနှိုင်းအဖြေရှာကြရန် သဘောတူညီခဲ့ကြ ကြောင်းလည်း ထုတ်ပြန်ချက်အရ သိရသည်။
နှစ်ဖက်အဖွဲ့၏တွေ့ဆုံဆွေးနွေးမှုမှသည် ကရင်နီပြည်နယ်အတွင်း သတင်းသမားများ သတင်းလွတ်လပ်စွာရယူ နိုင်ရေးအပါအဝင် မီဒီယာဖွံ့ဖြိုးရေးနှင့်သိနားလည်မှုကို မြှင့်တင်ရေးအတွက် ရေရှည်လုပ်ငန်းစဥ်အဖြစ် ပူးပေါင်းဆောင်ရွက်သွားရန်ကိုလည်း သဘောတူညီခဲ့ကြကြောင်း ဖော်ပြထားသည်။
IPCM အနေဖြင့် သတင်းမီဒီယာကိစ္စရပ်များနှင့်ပတ်သက်ပြီး တွေ့ဆုံညှိနှိုင်းမှုသည် ကရင်အမျိုးသားအစည်းအရုံး-ကေအဲန်ယူနှင့် တအာင်းဒေသတာဝန်ရှိသူများပြီးနောက် ယခုလို တိုင်းရင်းသားဒေသတွင်း အုပ်ချုပ်မှုဆိုင်ရာတာ ဝန်ရှိသူများနှင့် တွေ့ဆုံမှုမှာ တတိယအကြိမ်မြောက်ဖြစ်ကြောင်းလည်း သိရသည်။
IEC နှင့် IPCM တို့ နှစ်ဖက်တွေ့ဆုံဆွေးနွေးမှုတွင် IEC ဘက်မှ အတွင်းရေးမှူးအဖွဲ့ဝင်(၃)ဦးတို့ပါဝင်ခဲ့ပြီး IPCM မှ ဥက္ကဋ္ဌ၊ ဒု-ဥက္ကဋ္ဌ၊ အတွင်းရေးမှူးနှင့်တွဲဖက်အတွင်းရေးမှူးတို့အပါအဝင် အမှုဆောင်ကော်မတီဝင် (၆)ဦးတို့ ပါဝင်ခဲ့ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။