Home သတင်း အရပ်သားများ အပေါ် KTLA ရာဇဝတ်မှု ကျူးလွန်သည့် သက်သေများရှိဟု ထားဝယ်သပိတ်ကော်မတီပြော

အရပ်သားများ အပေါ် KTLA ရာဇဝတ်မှု ကျူးလွန်သည့် သက်သေများရှိဟု ထားဝယ်သပိတ်ကော်မတီပြော

810
Photo: DMSC-Dawei

အောက်တိုဘာ ၁၆ရက်၊ ၂၀၂၄ ခုနှစ်။ ကေအိုင်စီ

တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်အတွင်း အခြေစိုက်လှုပ်ရှားနေသည့် ကော်သူးလေတပ်မတော်(KTLA)၊ ဆာကဆောတပ်မဟာ လက်အောက်ခံတပ်ဖွဲ့ဝင်များက ဒေသခံပြည်သူ ၃ ဦးအား မတရားဖမ်းဆီး သတ်ဖြတ်မှု များ ကျူးလွန်လုပ်ဆောင်ခဲ့သည့် သက်သေများရရှိထားသည်ဟု ထားဝယ်သပိတ်ကော်မတီ(DMSC-Dawei)က အောက်တိုဘာ ၁၅ ရက်နေ့တွင် ထုတ်ပြန်ပြောသည်။

ယခုလို အရပ်သားများအပေါ် ရာဇဝတ်မှု ကျူးလွန်သည့် ဖြစ်စဉ်များနှင့် ပတ်သက်၍ ထားဝယ်အရှေ့တောနယ် ဒေသတွင် ခဲနှင့်သံထည်ပစ္စည်းများလာဝယ်သည့် ဦးဆန်နီ၊ ဦးသန်းကြွယ်နှင့် ဦးမြင့်လွင်တို့ သုံးဦးကို ထားဝယ်မြို့ နယ်၊ ပကာရီကျေးရွာတွင် KTLA၊ ဆာကဆောတပ်မဟာ၊ တပ်ရင်း (၃) တပ်ဖွဲ့ဝင် များက အောက်တိုဘာ ၂ ရက် နေ့တွင် ဖမ်းဆီးခဲ့သည်။

ထို့နောက် အောက်တိုဘာ ၈ ရက်နေ့တွင် ၎င်းတို့ သုံးဦး သတ်ဖြတ်ခံထားရသည့် ရုပ်အလောင်းများကို KTLA၊ ဆာကဆောတပ်မဟာ၊ တပ်ရင်း (၃) စစ်ဆေးရေးဂိတ်အနီးတွင် တွေ့ရှိခဲ့ရသည်ဟု ဒေသအခြေစိုက်တော်လှန် ရေး အင်အားစုများထံမှတဆင့် သိရှိရကြောင်း DMSC-Dawei၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ယခုလို သာမန်ဒေသခံများဖမ်းဆီးသတ်ဖြတ်မှု ကျူးလွန်သည့် သူများကို အရေးယူရမည် ဖြစ်သော်လည်း KTLA၊ ဆာကဆောတပ်မဟာ၊ တပ်ရင်း (၃) တာဝန်ရှိသူများအနေဖြင့် အဆိုပါဖမ်းဆီး သတ်ဖြတ်မှုနှင့် ပတ်သက်ပြီး တစုံ တရာ ဖြေရှင်းမှု မရှိသေးကြောင်း ထားဝယ်သပိတ်ကော်မတီက ပြောသည်။

အလားတူ ပြီးခဲ့သည့်၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာ ၁၈ ရက်နေ့တွင်လည်း ထားဝယ်ခရိုင်၊ ရေဖြူမြိုနယ်၊ ကလိန်အောင် မြို့နယ်ခွဲ၊ ကျောက်လုံးကြီးကျေးရွာမှတဆင့် အလုပ်သွားရန် ထွက်လာသည့် သာမန်ရွှေ့ပြောင်းအလုပ်သမား သုံးဦးကို KTLA တပ်ရင်း (၂)၊ တပ်ခွဲ (၅)၏ တပ်ဖွဲဝင်များမှ ခိုင်လုံသည့်အကြောင်းပြချက်မရှိဘဲ စစ်ကောင်စီ သတင်းပေးလုပ်သည်ဟုဆိုကာ ရက်ရက်စက်စက် သတ်ဖြတ်ခဲ့သည်ဟု ထားဝယ်သပိတ်ကော်မတီ ထုတ်ပြန် ချက်တွင် ဆက်လက်ဖော်ပြထားသည်။

အဆိုပါ ဒေသခံများ သတ်ခံရသည့် ဖြစ်စဉ်များနှင့်ပတ်သက်၍ ထားဝယ်သပိတ်ကော်မတီ အနေဖြင့် KTLA တပ်ဖွဲ့ ဝင်များက ရက်ရက်စက်စက် သတ်ဖြတ်နေသည့် ရုပ်သံ မှတ်တမ်းနှင့် သတ်ဖြတ်မှုတွင် ကိုယ်တိုင်ကျူးလွန်ပါဝင် ခဲ့သည့် KTLA တပ်ဖွဲ့ဝင်တစ်ဦးမှ ဝန်ခံထွက်ဆိုထားသည့် ရုပ်သံမှတ်တမ်းတို့ကို ကော်မတီက သက်သေအနေဖြင့် လက်ခံရရှိထားပြီး ၎င်းတို့ ၏ လုပ်ရပ်များအား ပြင်းထန်စွာရှုတ်ချသည်ဟု ကော်တီက ဆက်ပြောသည်။

ယခုလို ထားဝယ်သပိတ်ကော်မတီက KTLA လုပ်ရပ်များနှင့် ပတ်သက်၍ ထုတ်ပြန်ပြောဆိုထားမှုအပေါ် သက်ဆိုင်ရာ KTLA တာဝန်ရှိသူများထံသို့ ဆက်သွယ်မေးမြန်း ရန်ကြိုးပမ်းခဲ့သော်လည်း လက်ရှိအချိန်ထိအဆက်အသွယ်မရဖြစ်ခဲ့ သည်။

ယခုထုတ်ပြန်ချက်သည် ထားဝယ်သပိတ်ကော်မတီ၏ ထုတ်ပြန်ချက်မှန်ကန်သည်ဟု အဖွဲ့ဝင်များထံမှ သိရပြီး တော်လှန်ရေးအင်အားစုများအနေဖြင့်လည်း KTLA အပါအဝင် လက်နက်ကိုင်တပ်ဖွဲ့တိုင်း၏ ပြည်သူများအပေါ် ရာဇဝတ်မှုမြောက်သည့် လုပ်ရပ်များကို ဝိုင်းဝန်းထုတ်ဖော် ဆန့်ကျင်သွားကြရန် ထားဝယ် သပိတ်ကော်မတီက (DMSC -Dawei) က တိုက်တွန်းပြောဆိုထားသည်။