အောက်တိုဘာလ ၁၆ ရက်၊ ၂၀၂၄ ခုနှစ်။ ကေအိုင်စီ
စစ်အာဏာရှင်စနစ်အောက် တစ်တိုင်းပြည်လုံးလွတ်မြောက်ရေးကို ဖော်ညွှန်းသည့် ညီညွတ် သောတပ်ပေါင်းစု တည်ဆောက်နိုင်ရန် တော်လှန်ရေးအင်အားစုများအကြား ဘုံသဘောထားချ မှတ်နိုင်ရေးက အရေးတကြီးလိုအပ်နေပြီဖြစ်ကြောင်း လူ့ဘောင်သစ်လူငယ်အဖွဲ့ က ပြောဆိုလိုက်သည်။
အောက်တိုဘာလ(၁၄)ရက်နေ့က ကျရောက်သည့် လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ-DPNS စတင်တည်ထောင်ခြင်း (၃၆) နှစ်မြောက် နှစ်ပတ်လည်နေ့အတွက် သဝဏ်လွှာပေးပို့ရာတွင် DPNS ၏ လူ့ဘောင်သစ်လူငယ်အဖွဲ့က ထိုသို့ဖော်ပြထားခြင်းဖြစ်သည်။
နှစ်ပေါင်းများစွာ အနိုင်ကျင့်ဖိနှိပ်မှုများ ပြုလုပ်လျက်ရှိသည့် စစ်အာဏာရှင်စနစ် ဖျက်သိမ်း ရေးအတွက် တစ်ပြည်လုံးပါဝင်သော စည်းလုံးညီညွှတ်မှုရှိသော တပ်ပေါင်းစု တည်ဆောက်နိုင်မှသာ တိုင်းပြည်နှင့်ပြည်သူလွတ်မြောက်ရေး ရမည်ဖြစ်သောကြောင့် တော်လှန်ရေးတွင်ပါဝင်နေကြသည့် အင်အားစုများအနေဖြင့် ဘုံသဘောထားချမှတ်နိုင်ရန် အရေးတကြီးလိုအပ်နေပြီဖြစ်သည်ဟု အဖွဲ့ကဆိုသည်။
လူ့ဘောင်သစ်လူငယ်အဖွဲ့အနေဖြင့်လည်း နွေဦးတော်လှန်ရေး ရည်မှန်းချက်ဖြစ်သော စစ် အာဏာရှင်စနစ် သုတ်သင်ရေး၊ ၂၀၀၈ အခြေခံဥပဒေ ဖျက်သိမ်းရေးနှင့် ဖက်ဒရယ် ဒီမိုကရေစီ ပြည်ထောင်စု တည်ဆောက်ရေးတို့အတွက် မိခင် DPNS ၊ တော်လှန်ရေး အင်အားစုများအပါအဝင် ပြည်သူလူထုနှင့်အတူ လက်တွဲတိုက်ပွဲဝင်သွားမည်ဖြစ်ကြောင်း သဝဏ်လွှာအတွင်း ထည့်သွင်း ကတိပြုထားသည်။
၁၉၈၈ ခုနှစ်က လူထုအုံကြွဆန္ဒပြမှုအတွင်း ဖြစ်ထွန်းပေါ်ပေါက်လာသည့် DPNS သည် ၂၀၂၁ ခုနှစ် ၊ စစ်အာဏာသိမ်းမှုကြောင့် ဖြစ်ပေါ်လာသည့် နွေဦးတော်လှန်ရေးတွင်လည်း တော်လှန်ရေး အစုအဖွဲ့များနှင့် ပူးပေါင်း၍ စစ်အာဏာရှင်စနစ်ကို ဆန့်ကျင်သည့် တော်လှန်ရေးစကားဝိုင်းများ၊ အစီအစဥ်များ၊ လူထုစည်းရုံးလှုံ့ဆော်ရေးလုပ်ငန်းများ လုပ်ဆောင်လျက်ရှိကြောင်း သိရသည်။
ပါတီထူထောင်သည့်နေ့မှ တော်လှန်ရေးကာလတစ်လျှောက် အသက်၊ ဘဝ၊ ခန္ဓာများ ပေးဆပ်၍ ကျရာတော်လှန်ရေးတာဝန်ထမ်းဆောင်ခဲ့ကြသည့် DPNS ပါတီဝင်များအား ဂုဏ်ပြုသလို နိုင်ငံရေးဖြောင့်မတ်တည်ကြည်၊ ခေါင်းဆောင်မှုနှင့် ပြည်သူအကျိုး အတွက်ရပ်တည်သော ပါတီအားလည်း ဦးညွှတ်ဂုဏ်ယူကြောင်းလည်း လူ့ဘောင်သစ်လူငယ်အဖွဲ့ သဝဏ်လွှာတွင် ဖော်ပြထားသည်။
DPNS ၏ (၃၆)နှစ်ပြည့် နှစ်ပတ်လည်အခမ်းအနားကို တော်လှန်ရေးအစုအဖွဲ့များဖြစ်သည့် သပိတ် အင်အားစုများ၊ ကျောင်းသားအဖွဲ့များနှင့် အခြားမဟာမိတ်တော်လှန်ရေးအဖွဲ့အစည်းများမှလည်း ဂုဏ်ပြုသဝဏ်လွှာအသီးသီး ပေးပို့ဂုဏ်ပြုခဲ့ကြသည်။



















