လူ့ဘောင်သစ် ဒီမိုကရက်တစ်ပါတီ ဥက္ကဋ္ဌ ဦးအောင်မိုးဇော်နှင့် ဆက်သွယ်မေးမြန်းခြင်း
“အနည်းဆုံး လေး၊ ငါး၊ ခြောက်နှစ်ကြာရင်တော့ ဒီကောင်တွေ သွားကိုသွားတော့မယ်လို့ ယူဆတယ်”
အောက်တိုဘာလ ၂၁ ရက်၊ ၂၀၂၄ ခုနှစ်။ ကေအိုင်စီ
လက်ရှိ မြန်မာပြည်နိုင်ငံရေး မျက်မှောက်အခြေအနေ၊ စစ်ကောင်စီကို တရုတ်နိုင်ငံက အရေးတယူဆက်ဆံလာပြီး ရွေးကောက်ပွဲ ပြန်လုပ်ရန် ဖိအားပေးပြောဆိုနေမှုအခြေအနေများနှင့်ပတ်သက်၍သော်လည်းကောင်း။ အခြား တစ်ဖက်တွင် တော်လှန်ရေးအင်အားစုများ စုစည်းညီညွတ်မှု အခြေအနေရှိမရှိ။ တော်လှန်ရေးအတွက် ကြာမြင့် ချိန်တွက်ဆထားမှုများ စသည့် အသေးစိတ်အခြေအနေတို့ကို ၃၆ နှစ်ကြာ ပြည်တွင်း၊ နယ်စပ်ဒေသတို့၌ ရပ်တည် လှုပ်ရှားလာသည့် လူ့ဘောင်သစ် ဒီမိုကရက်တစ်ပါတီ-DPNS ဥက္ကဋ္ဌ ဦးအောင်မိုးဇော်နှင့် ကေအိုင်စီက ဆက်သွယ် မေးမြန်းထားသည်များကို ပြန်လည်ဖော်ပြလိုက်ပါသည်။
မေး။ ။ ပထမဆုံးအနေနဲ့ လူ့ဘောင်သစ် ၃၆ နှစ်ပြည့်ထိ ရပ်တည်နိုင်တဲ့အတွက် ဂုဏ်ယူစရာပါ။ အခုလို နှစ်ရှည် ကြာ ရပ်တည်နိုင်ခဲ့တဲ့ ပါတီမူပေါ်လစီကို ကနဦး ရှင်းပြပေးပါ။
ကျနော်တို့က ခင်ဗျားတို့ သိတဲ့အတိုင်းပါပဲ နဂိုတုန်းက ကျောင်းသားတွေကိုဗျ။ ကျောင်းသားလှုပ်ရှားမှုကနေ ကျနော်တို့ ပါတီက မွေးဖွားလာတာပါ။ ကျောင်းသားလှုပ်ရှားမှုက အစကနဦးကတော့ စစ်အုပ်စု၊ စစ်အာဏာရှင် ဆန့်ကျင်ရေး စစ်အုပ်စုကို ဖယ်ထုတ်ပစ်ရမယ်ဆိုတဲ့ အခြေခံနဲ့နိုင်ငံရေး စခဲ့တာဖြစ်တယ်။ နောက်ပိုင်းကျတော့ ဒီဘက်တိုင်းရင်းသားအင်အားစုတွေနဲ့ ဆက်စပ်မိလာတာပေါ့နော်၊ ဆက်စပ်မိလာတဲ့အခါကျတော့မှ ကိုယ်ပိုင် ပြဌာန်းခွင့်တို့၊ တန်းတူရေးတို့ ကျနော်တို့ နားလည်လာတယ်ပေါ့နော်။ ဖက်ဒရယ်ပြည်ထောင်စုတို့ ဆိုတာတွေ နားလည်လာတယ်ပေါ့နော်။ ဒါတစ်ချက်ရှိတယ်။
နောက်တစ်ချက်က ဘာရှိမလဲဆိုတော့ နိုင်ငံတကာအဝန်းအဝိုင်းတွေ အခြားရဲဘော်ရဲဘတ်တွေနဲ့ ဆက်စပ်ရင်းနဲ့ ဒီ ပူးပေါင်းဆောင်ရွက်တာ၊ တန်းတူရေးတို့ လွတ်လပ်ရေးတို့ ကျနော်တို့ နားလည်လာပြီးတော့ အဲ့ကမှတစ်ဆင့် ပါတီရဲ့ မူဝါဒတွေကို ပြန်ပြီးတော့ သုံးသပ်ပြီးတော့ အခုနောက်ဆုံး ပါတီပေါ်လစီတွေ၊ မူဝါဒတွေကို လွန်ခဲ့တဲ့ အနှစ် ၂၀ ကျော်ကတည်းက စပြီးလေ့လာခဲ့တယ်။ တဖြည်းဖြည်း ကျနော်တို့ လှုပ်ရှားမှုထဲမှာ ဖြတ်သန်းရင်းနဲ့ အတွေ့အကြုံတွေ၊ အိုင်ဒီယာတွေ အကြံဉာဏ်တွေ ရလာတယ်။ ရလာပြီးတော့မှ မူဝါဒတွေအဆင့်ထိကို ရှေ့ကို ရောက်လာတယ်။ တိုးတက်လာတယ်လို့ ကျနော်ပြောချင်ပါတယ်။
မေး။ ။ အားလုံးသိတဲ့ အတိုင်းပဲ၊ အခု စစ်ကောင်စီက သန်းခေါင်စာရင်းကောက်နေတယ်။ နောက် ရွေးကောက်ပွဲ ပြန်လုပ်မယ် ပြောလာတယ်။ ဒီ့အပေါ် ပါတီသဘောထား အမြင်ကိုပြောပြပေးပါ။
စစ်အုပ်စုက သိတဲ့အတိုင်းပဲ ဖက်ဆစ်လက္ခဏာရှိတဲ့ကောင်တွေ၊ ဖက်ဆစ်ထက်တောင်ဆိုးတယ် ကျနော်တို့တိုင်း ပြည်မှာဆိုရင်။ လူမျိုးစုံပြည်သူတွေကို နည်းလမ်းပေါင်းစုံနဲ့ သူနှိပ်စက်နေတယ်။ နည်းလမ်းသဏ္ဍာန်ပေါင်းစုံနဲ့ သတ်ဖြတ်နေတယ်ပေါ့။ အခုဆိုရင် သူ့ပြည်သူလို့ ပြောလို့ရတဲ့သူတွေတောင်ပြန်သတ်ဖြတ်နေတယ်။ သူ့ပြည်သူလို့ ပြောရတဲ့ အရင်တုန်းကဆိုရင် ကျနော်တို့က ဗမာမဟုတ်တဲ့တိုင်းရင်းသားတွေက ဗမာဆိုရင် တစ်မျိုးမြင်ကြတာပေါ့နော်။
ဒါပေမဲ့ အခုအနေအထားမှာ တော်တော်ရှင်းရှင်းလင်းလင်းဖြစ်သွားပြီး ဒီကောင်ဗမာတွေလည်း သတ်တာပဲ၊ လူတိုင်းကို သတ်ဖြတ်နေတာ။ သတ်ဖြတ်တဲ့ အဆင့်ထက်တောင်ကျော်လွန်နေတယ်ပေါ့နော်၊ အဲ့လို ပုဂ္ဂိုလ်မျိုး တွေကို စစ်တပ်လို့တောင် ဘယ်လိုမှ ပြောလို့မရဘူး။ တပ်မတော်လို့ ဘယ်လိုမှ သုံးနှုန်းလို့ ရလိမ့်မယ်လို့ ကျနော် မယူဆဘူး။ ဒီကောင်တွေ လူသတ်သမားတွေ၊ ဒီကောင်တွေ သူခိုးတွေ ဓါးပြတွေ၊ အဲ့အဆင့်ထက်တောင်နိမ့်သေး တယ်။ အဲ့လို အခြေအနေမျိုးမှာ ဒီကောင်တွေကို အမှီသဟဲပြုပြီးတော့၊ ဒီကောင်တွေကို လက်ဆွဲနှုတ်ဆက် ပြီး တော့ တိုင်းပြည်ကို ပြန်ထူထောင်ဖို့ဆိုတာကလေ အဲ့အခြေအနေမရှိဘူးလို့ ကျနော်ထင်တယ်။
ကရင်ပြည်သူတွေလည်းပဲ ကရင်ပြည်ရအောင်၊ ကရင်နီပြည်သူတွေလည်းပဲ ကရင်နီပြည်ရအောင်၊ ကချင်ပြည်သူ တွေလည်းပဲ ကချင်ပြည်ရအောင် အဲ့ဒီလိုကြိုးစားရမယ်။ ကျနော်တို့ တိုင်းပြည်ကို ပြန်တည်ဆောက်လို့ရှိရင် အောက်ခြေကစပြီးတော့ အခိုင်အမာပြန်တည်ဆောက်မယ်။ ပြီးမှ ပြန်လက်တွဲကြမယ်ဆိုတဲ့ ပုံစံကို ကျနော်တို့ သွားရလိမ့်မယ် ထင်ပါတယ်။
မေး။ ။ အခု မြန်မာ့အရေးကို တရုတ်ကကြားဝင်ပြီး လုပ်ဆောင်လာတယ်။ ဩဂုတ်လအတွင်းက ဝမ်ယိခရီးစဉ် အပြီး ပိုသိသာလာတယ်။ ဒီဟာက ဘယ်အတိုင်းတာအထိ ခရီးရောက်သွားနိုင်သလဲ ပြောပြပေးပါ။
ဖြေ။ ။ ကျနော်တော့ မယူဆပါဘူး။ ကနေ့အခြေအနေထိ ကျနော်တို့ ပြည်သူတွေရဲ့ သဘောထား အစစ်အမှန်က ဖက်ဒရယ် ပြည်ထောင်စုတည်ဆောက်ရေးပဲ ဖြစ်တယ်လို့ ယုံကြည်တယ်။ ကနေ့အချိန်ထိ ပြည်သူတွေ တင်းခံနေ တာကိုက စစ်အုပ်စုကို ဖယ်ရှားရေးဖြစ်တယ်။ ဒီမြေပေါ်က အပြီးတိုင်ဖယ်ရှားရေးဖြစ်တယ်။ အဲ့ဒါက ကျနော်တို့ ပြည်သူတွေရဲ့ အစစ်အမှန် ဆန္ဒဖြစ်တယ်။
တရုတ်က ဘယ်လိုပဲ ကြိုးစားကြိုးစား တိုင်းပြည်ထဲက ပြည်သူအများစုရဲ့ ဆန္ဒနဲ့ ကင်းကွာနေရင် သူ့ကြိုးစား ဆောင်ရွက်မှုက အောင်မြင်နိုင်လိမ့်မယ်လို့ မယူဆဘူး။ သူလည်းပဲခုနလို အာဆီယံနိုင်ငံတွေကတဆင့် ချဉ်း ကပ်လိုက်၊ သူကိုယ်တိုင်နောက်ဆုံး ချဉ်းကပ်တဲ့အဆင့်ကို ရောက်လာတယ်။ အဲ့လို အနေအထားတွေဖြစ် လာတယ်။
သို့သော်လည်းဘဲ သူဘယ်လိုပဲ ကြိုးစားကြိုးစား ကျနော်တို့ ပြည်သူတွေရဲ့ သဘောထားအမှန်ကို သူအခြေခံအား ဖြင့် ဆုပ်ကိုင်မိဖို့လိုတယ်။ ကျနော်တို့ ပြည်သူတွေရဲ့ သဘောထားက ကျိန်းသေတယ်၊ ဒီဖက်ဆစ် အုပ်စုကို ဖယ်ထုတ်ရေးပဲ ဖြစ်တယ်။ နိုင်ငံရေး အခန်းကဏ္ဍပေးလို့ မရဘူး။ ဒီပုဂ္ဂိုလ်တွေကို နိုင်ငံရေးစည်းဝိုင်း အပြင်ဘက် ကို မောင်းထုတ်ရေးဖြစ်တယ်လို့ ကျနော်အဲ့လိုပဲ နားလည်ပါတယ်။
မေး။ ။ ပြီးခဲ့တဲ့ ရှစ်လေးလုံး ၃၆ နှစ်ပြည့်မှာ လူ့ဘောင်သစ်ပါတီက “စစ် ၃ စစ် (စစ်အုပ်စု၊ စစ်အစိုးရ၊ စစ်ဗျူရို ကရေစီ ယန္တရား) နှင့် ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေတို့ကို တစမကျန် ဖယ်ရှားဖျက် သိမ်းပစ်ကြရမည်” လို့ ထုတ်ပြန် တာတွေ့ရတယ်။ ဒီ့အတွက် တော်လှန်ရေးအင်အားစုတွေဘက်က ဘယ်လိုဗျူဟာချ မှတ်သင့်ပါသလဲ။
ဖြေ။ ။ ဒီကနေ့ အခြေအနေမှာတော့ တပ်ကို လုံးလုံးဖယ်ပစ်ရမယ်။ နိုင်ငံရေးအရရော စစ်ရေးအရရော၊ စီးပွားရေး အရရော နေရာပေးလို့မရဘူး။ အခြားအုပ်ချုပ်ရေး ကိစ္စတွေမှာလည်း နေရာပေးလို့ မရဘူး။ အဲ့အခြေအနေမျိုးက ပြည်သူတွေ သဘောပေါက်နေတာ ဖြစ်တယ်။ အဖွဲ့အစည်းတိုင်း ဒီအခြေအနေကို လက်ခံနေတာဖြစ်တယ်။ ဒါကြောင့်ဒီကနေ့ ကာလမှာ စစ်သုံးစစ်၊ အမြစ်ဖျက်ရေး ကိစ္စကို ရှေ့တန်းကိုတက်ပြီးတော့ အော်တာ ဖြစ်ပါတယ်။ ဒါအားလုံးရဲ့ သဘောထားကို ခြုံငုံမိတယ်လို့ ယူဆတဲ့အတွက် ခံယူတဲ့အတွက် ကျနော်တို့ ပြောတာဖြစ်ပါတယ်။
ကျနော့်နားလည်မှုကတော့ အခြေခံအားဖြင့်က ကရင်နဲ့ ကရင်နီလည်း တူတာပဲ၊ ကချင်နဲ့ ကရင်နဲ့လည်းတူတာပဲ ။ အခြားတိုင်းရင်းသားတွေမှာလည်း အခြေခံသဘောထား တူညီတယ်လို့ ယူဆတယ်။ တပြိုင်နက်ထဲမှာ ကျနော်တို့ ပြောပြောနေတဲ့ တပ်ပေါင်းစုဆိုတာ ကနေ့ကာလမှာသန္ဓေတည်နေပြီးလို့ ယူဆတယ်။ ကျနော်တို့ ဒီမှာအလုပ်လုပ် နေကြတယ်။ အဆင်ပြေပြေလုပ်လို့ ကိုင်လို့ ရနေတယ်။ မဟာမိတ်တွေနဲ့ ပူးပေါင်းပြီး အလုပ်လုပ်လို့ ရနေတယ်။
အဲ့အခြေခံက ခင်ဗျားတို့ ကျနော်တို့ ပြောပြောနေတဲ့ တပ်ပေါင်းစုအခြေခံမဟုတ်ဘူးလား။ ဒါပေမဲ့ ခေတ်ကာလ ပေါ့ဗျာ၊ ကျနော်တို့ ငယ်ငယ်က မြင်ချင်တဲ့တပ်ပေါင်းစုနဲ့ ဒီကနေ့ကာလစုဖွဲ့ရတဲ့ ပုံသဏ္ဍာန်တွေကတော့ ကွာခြား သွားနိုင်တယ်။ နဂိုအတိုင်းဖြစ်ရမယ်ဆိုပြီးတော့ တသမတ်တည်း ကိုင်စွဲထားလို့ တော့မရဘူးပေါ့။ အခြေအနေ အချိန်အခါနဲ့အညီ ပြောင်းလဲမှုတော့ရှိတယ်။ သို့သော်အခြေခံအားဖြင့် ကျနော်တို့ အတူတူအလုပ်လုပ်နေ ကြတာ။ ဒီထက်ပိုပြီးတော့ ဟန်ချက်ညီဖို့ ပြီးတော့ စည်းလုံးတဲ့ပုံသဏ္ဍာန်ကို ဖော်ပြနိုင်ဖို့လိုတယ်လို့ ယူဆပါတယ်။
မေး ။ ။ အခု မြန်မာ့အရေး ဖြေရှင်းရေးလမ်းကြောင်း အာဆီယံမူ၊ တရုတ်မြင်လိုတဲ့ အားလုံးပါတဲ့ ရွေးကောက်ပွဲ စတဲ့ ချဉ်းကပ်မှုအမျိုးမျိုး တွေ့ရတယ်။ ဘယ်လမ်းကြောင်းက အားသာနေပြီး ပိုအလုပ်ဖြစ်နိုင် မလဲ။
ဖြေ။ ။ ကျနော်ပြောချင်တာက ကျနော်တို့ လမ်းကြောင်းက ရှေ့ရောက်မှာပဲ။ ကျနော်တို့ တိုင်းပြည်ထဲက လမ်း ကြောင်းက ရှေ့ရောက်မှာပဲလို့ ပြောချင်တယ်။ အဲ့နိုင်ငံတွေရဲ့ အကူအညီလိုပါတယ်။ အဲ့နိုင်ငံတွေရဲ့ ဆက်စပ်မှု၊ အားပေးထောက်ခံမှု လိုပါတယ်။ ဒီနိုင်ငံကြီးတွေက ကျနော်တို့နဲ့ ဆက်စပ်လာအောင် ကျနော်တို့ကိုကူညီလာ အောင်၊ ကြိုးစားရမှာ တစ်ပိုင်းဖြစ်တယ်။ အခြေခံအကျဆုံးကတော့ ကိုယ့် ရပ်တည်ချက်အပေါ်မှာ ခိုင်ခိုင်မာမာ ရပ်ပြီးတော့ ညီညီညာညာနဲ့ အလုပ်ဆက်လုပ်ဖို့ပဲလိုတယ်လို့ ကျနော်ထင်ပါတယ်ဗျ။

မေး။ ။ အခု တရုတ်က စကစကို အလေးပေးဆက်ဆံလာတယ်။ နောက် စကစ လေသံပစ်ထားတာက သန်း ခေါင် စာရင်းကိစ္စ အတည်ပြုလုပ်ဆောင်ပြီးရင် ၂၀၂၅ ကျရင် ရွေးကောက်ပွဲလုပ်မယ်လို့ ပြောဆိုတာမျိုး ရှိတဲ့ အပေါ်မှာ ဒီရွေးကောက်ပွဲက အထမြောက်မမြောက် အမြင်လေး ပြောပါအုံး။
ဖြေ။ ။ ကျနော်နားလည်တာကတော့ ကျနော်တို့ယုံတဲ့ ကိစ္စကိုဆက်လုပ်မှာပဲ ဖြစ်တယ်။ ဆက်လုပ်ကြရလိမ့်မယ် လို့ ကျနော်ယူဆတယ်။ သူ့ဘာသူ ရွေးကောက်ပွဲပဲ လုပ်လုပ်၊ သန်းခေါင်စာရင်းပဲ ကောက်ကောက်၊ ဘာပဲလုပ် လုပ်။ သန်းခေါင်စာရင်းတွေ ကောက်တာလည်း ခင်ဗျားသိတဲ့အတိုင်း တစ်ရပ်ကွက်တစ်မျိုး၊ တစ်အိမ်တမျိုး ရန်ကုန်မှာဆိုရင် သူတို့ ကောက်လို့ ရတဲ့အိမ်ဆိုရင် အကုန်တက်ကောက်တယ်။ ကောက်လို့မရတဲ့နေရာကို သူတို့ရုံးကို ဧည့်စာရင်းစာရွက်လေးတွေ လာပေးခိုင်းတယ်။ ရပ်ကွက်တစ်ခုနဲ့ တစ်ခုကလည်း မတူဘူး။
တကယ်တမ်းကျတော့တိုင်းပြည်ကို တော်လှန်ရေးတပ်ဖွဲ့တွေ သိမ်းထားတာက မြို့နယ် ၁၀၀ လောက် ရှိနေပြီး၊ နောက်တစ်ခုက ရန်ကုန်လိုဒေသမျိုးမှာတောင်မှ နေရာတိုင်းကို သူတို့ မလွှမ်းမိုးနိုင်ဘူး။ သူတို့ သေသေချာချာ လုပ်နိုင်တာက ဧရာဝတီတိုင်းတစ်ခုပဲ ရှိတယ်။ ဒါတောင်မှ ဧရာဝတီတိုင်းမှာက တစ်စုံတစ်ရာ ကျနော်တို့ ရဲဘော် တွေ ပေါ်မလာဘူးလို့ ပြောလို့ မရဘူး။ ဆိုတဲ့အခါကျတော့ သန်းခေါင်စာရင်းကောက်တယ်ဆိုတာ တတိုင်းပြည် လုံးကို ခြုံငုံလုပ်ကြရတာဖြစ်တယ်။
မဲစာရင်းတွေ လုပ်မယ်ဆိုလည်း တစ်တိုင်းပြည်လုံးကို ခြုံငုံလုပ်ကြရတာဖြစ်တယ်။ အဲ့လို အခြေအနေမျိုးမှာ ဘယ်လို ရွေးကောက်ပွဲလုပ်မလဲ။ နောက်တစ်ခုက ဒီမိုကရေစီ ရွေးကောက်ပွဲ ဖြစ်ပါ့မလား။ ဘယ်လိုမှမဖြစ်နိုင် ဘူးဆိုတာ အကုန်လုံးသိတယ်။ သူဘာပဲ လုပ်လုပ်ထောက်ခံတဲ့နိုင်ငံတွေကတော့ ထောက်ခံမှာပဲ၊ မထောက်ခံတဲ့ နိုင်ငံတွေကတော့ မထောက်ခံမှာ မဟုတ်ဘူး။ ဆိုတော့ အဲ့အခြေအနေတော့ အမှန်တကယ်ရှိတယ်။
ဒါကြောင့်ရွေးကောက်ပွဲကို သိပ်ပြီးတော့မှထည့် စဉ်းစားစရာ မလိုဘူးလို့ ထင်တယ်။ ကိုယ်လုပ်နေကျအလုပ်ကို ပုံမှန် ဆက်လုပ်သွားဖို့ပဲလိုတယ်။ ဒီကောင်တွေကို ချရမယ်ဆို အားနည်းသွားအောင် ဆက်ချဖို့လိုတယ်။ နိုင်ငံရေး၊ စစ်ရေးအရပဲ ဖြစ်ဖြစ် သူ့ကိုတိုက်ရခိုက်ရမဲ့ သူနောက်ကို ဆုတ်သွားအောင်လုပ်ရမဲ့ ကိစ္စကို ဆက်ပြီးတော့ လုပ်သွားဖို့လိုတယ်လို့ ကျနော်တော့ အဲ့လို ပြောချင်ပါတယ်။ ရွေးကောက်ပွဲ လုပ်မယ်စဉ်းစားလိုက်၊ အမျိုးသား ညီလာခံလုပ်မယ် စဉ်းစားလိုက် သူတို့နောက်ကို လိုက်သလို မဖြစ်သင့်ပါဘူးလို့ ကျနော်ပြောချင်တယ်။
မေး။ ။ ဆရာလည်း လူ့သက်တမ်း တစ်ဝက်နီးပါးလောက် နိုင်ငံရေးအတွေ့အကြုံရှိခဲ့တာ တွေ့ရတယ်။ ဒီတော့ အပေါ် မှာပြောခဲ့သလိုပဲ စစ် ၃ စစ် အမြစ်ပြတ်ဖို့ ခန့်မှန်းထားတဲ့ အချိန်ကာလကိုလည်း ရှင်းပြစေချင်ပါတယ်။
ပြောဖို့ ခက်တယ်ဗျ။ ဥပမာ- မြန်မာပြည်မှာတော်လှန်ရေး စဖြစ်လာတာ နှစ် ၇၀၊ ၈၀ ရှိပြီးဗျ။ မပြီးသေးလို့ ဆက် တိုက်နေကြရတာ ဖြစ်တယ်။ ဒီကနေတော်လှန်နေတဲ့ နိုင်ငံရေးတိုက်ပွဲဘဲဖြစ်ဖြစ်၊ စစ်ရေးတိုက်ပွဲပဲ ဖြစ်ဖြစ်။ ရှေ့ ဆက်ပြီးတော့ တိုက်နိုင်အောင် တစ်ဆင့်ပြီးတစ်ဆင့် သိမ်းနိုင်အောင် ကျနော်တို့က ကြိုးစားကြရမှာပဲ ဖြစ်တယ်။ ကျနော်တို့ ဆက်ပြီး ကြိုးစားသွားမှာပဲ။ ကျနော်ယူဆတာကတော့ အနည်းဆုံး လေး၊ ငါး၊ ခြောက်နှစ်ကြာရင်တော့ ဒီကောင်တွေ သွားကိုသွားတော့မယ်လို့ ယူဆတယ်။ သို့သော် ဒီထက်ကြာလည်း ကျနော်တို့ ဆက်ချရမှာပဲ။
ဒီကောင်တွေ လုပ်နေတာက အချိန်ဆွဲတဲ့ ဗျူဟာကို ကျင့်သုံးနေတာပဲ။ အချိန်ဆွဲပြီးတော့ ကျနော်တို့ အင်အားစု တွေ အားနည်းအောင်လုပ်မယ်။ တစ်ဆင့်ပြီး တဆင့်ပေါ့ဗျာ အဲ့လိုနည်းနဲ့ သူတို့ ပြန်ခေါင်းထောင်လာအောင်လုပ် နေတယ်။ ပြန်ကြိုးစားနေတယ်။ ဒါပေမဲ့ အခုချိန်ထိ ပြန်ခေါင်းထောင် နိုင်တဲ့အခြေအနေတော့မရှိသေးဘူး။ ကျနော်တို့ကသာ တဖြည်းဖြည်းခေါင်းထောင်လာတာ အဲ့လိုကျနော်ယူဆတယ်ဗျ။
မေး။ ။ အခု စကစ ကတော့ နိုင်ငံရေးပြဿနာကို နိုင်ငံရေးနည်းနဲ့ တွေ့ဆုံဆွေးနွေးဖို့ ဖိတ်ခေါ်နေတယ်။ လက်တွေ့မှာ ဆွေးနွေးနိုင်မလား။ ဒီအတွက် ရပ်တည်စဉ်းစားချက်ကို ပြောပြပေးပါ။
လက်တွေ့တော့ဒီကနေ့ ကာလမှာ ဘယ်သူမှ သွားဆွေးနွေးမှာ မဟုတ်ဘူး။ နိုင်ငံရေး ဆွေးနွေးတယ်ဆိုတာ သာမန်အခြေအနေမှာ ဖြစ်ကောင်းဖြစ်နိုင်ပါတယ်။ သို့သော်လည်းဘဲ အခုအခြေအနေ လူသတ်သမားတွေနဲ့ ပြည်သူကို နှိပ်စက်ထားတဲ့ ကောင်တွေနဲ့ လက်ဆွဲနှုတ်ဆက်ဖိုကတော့ အတော်ကိုခက်ခဲတဲ့ အခြေအနေဖြစ်တယ် လို့ ကျနော်တော့ ပြောချင်ပါတယ်ဗျ။
မေး။ ။ အခု မြန်မာပြည်မှာ စစ်တပ်က အခိုင်မာဆုံး အဖွဲ့အစည်းဖြစ်တယ်။ စစ်တပ်မရှိရင်တိုင်းပြည်လည်း တစ်စစီဖြစ်နိုင်တယ်လို့ တချို့ပညာရှင်တွေက ပြောနေကြတယ်။ အဲ့ဒီအပေါ် သဘောထားပြောပြပါ။
ဖြေ။ ။ အဲ့အယူအဆတွေက ဟောင်းသွားပြီး လွန်ခဲ့တဲ့ ၁၀ နှစ်၊ အနှစ် ၂၀ ကလွှမ်းမိုးခဲ့တာပေါ့နော်။ လွှမ်းမိုးခဲ့လို့ ဒီလိုအခြေအနေထပ်ပြီးတော့ ကြုံတာ။ အခုအခြေအနေလက်တွေ့ကြုံတဲ့အခါ ကျတော့ အဲ့ဒီ့တပ်ကြီးက အင်စတီ ကျူးရှင်း(Institution) ဆိုတာရော ဟုတ်သေးရဲ့လား။ သေသေချာချာစဉ်းစားကြည့် သေသေချာချာ ကြည့်ကြည့်၊ ဟောင်းလောင်းကြီးလေ။ ဘယ်တပ်ကမှ ဖွဲ့စည်းပုံအပြည့် မရှိကြဘူး။ ထိပ်ပိုင်းတစ်စုလောက်ပဲ ယူနီဖောင်း သေသေချာချာ ဝတ်နိုင်တာ။ ခြင်းကျားနဲ့ ညှပ်ဖိနပ်နဲ့ စစ်သားတွေက စဉ်းစားကြည့်ဦး ဘယ်လိုလုပ် ခုနက ပြောနေတဲ့ ကိစ္စတွေကမှန်နိုင်မလဲ။ လက်တွေ့ ကိုယ်တွေ့ ကြုံကြည့်တဲ့အခါကျတော့ ဒီကောင်တွေတပ်က ဘယ်လောက်ထိ စုတ်ပြတ်နေလဲဆိုတာ ကျနော်တို့ မျက်မြင်ပဲလေ။
ဒီတော့ကိုယ်က ဆက်ပြီး မားမားရပ်ဖို့လိုတယ်လို့ ပြောချင်တယ်။ ဒီကောင်တွေတပ်တွေက ကေအဲန်ယူတပ်တွေနဲ့ တူလား။ ဒီကောင်တွေ တပ်တွေက ကချင်တပ်တွေနဲ့ တူလား။ ပလောင်တပ်တွေနဲ့ တူလို့လား။ စုတ်ပြတ်နေတာ ခင်ဗျာတို့ မြင်တဲ့အတိုင်းပဲ။ ဒါကို ကျနော်ပြောချင်ပါတယ်။ နိုင်ငံတကာက ပညာရှင် ဆိုတဲ့ကောင်တွေ ပြောပြော နေတဲ့ ဘာအင်စတီကျူးရှင်းကြီး၊ ညာအင်စတီကျူးရှင်းကြီး ဆိုတာတစ်ခုမှ မဟုတ်ဘူး။
ကျနော်တို့ အင်အားစုတွေကိုလည်း သူပုန်၊ သူပုန်လို့ ပြောပြောနေတဲ့ ကျနော်တို့ အင်အားစုတွေကျတော့ အင်စတီ ကျူးရှင်း မဟုတ်ဘူးတဲ့။ အဲ့လိုအခြေအနေတော့ ဖြစ်တယ်။ အဲ့အယူအဆက တကယ်တော့ ခေတ်တော်တော် နောက်ကျတဲ့ အယူအဆဖြစ်တယ်လို့ ကျနော်ပြောချင်ပါတယ်ဗျ။
မေး။ ။ ခြုံကြည့်ရင် စုစည်းညီညွတ်ရင် တော်လှန်ရေးက မကြာတော့ဘူးလို့ မြင်ထားတယ်ပေါ့။ တော်လှန်ရေး အင်အားစုတွေ စုစည်းညီညွတ်ဖို့ ဘယ်လို လုပ်ဆောင်သွားဖို့ တိုက်တွန်းလိုပါသလဲ။
ဖြေ။ ။ ကျနော်ခိုင်ခိုင်မာမာကို ယုံကြည်တယ်။ ကျနော်တို့ အင်အားစုအချင်းချင်း၊ ဆက်စပ်မှု ကောင်းဖို့ လိုတယ်။ ညှိနှိုင်း ဆောင်ရွက်ဖို့လိုတယ်။ အတူတကွ ပူပေါင်းဆောင်ရွက်ဖို့လိုတယ်။ အခုက ဒီတိုက်ပွဲမှာ လူတိုင်းလိုလို ပါနေ တာ။ အများကြီးဆိုတဲ့အခါကျတော့ နေရာဒေသအသီးသီးဆိုတဲ့အခါကျတော့ စုစည်းရတာက တော်တော် လေး ခက်ခဲတယ်။ အခြေအနေကိုသာ ကျနော်တို့ ပုံမှန်ဖြစ်အောင် လုပ်နိုင်မယ်ဆိုရင်၊ သေသေချာချာ ဆက်စပ်နိုင် မယ်ဆိုရင်၊ ကျိန်းသေတယ် ဒီကောင်တွေကို မြန်မြန်ဆန်ဆန်မောင်းကိုထုတ်နိုင်တယ်။ ကျနော်အဲ့လိုပဲ ယုံတယ်။
မေး။ ။ အခု ဆရာတို့ပါတီအနေနဲ့ ဒဏ်အမျိုးမျိုးခံနေရတဲ့ ပြည်သူတွေကို ဘာများ သတင်းစကားပါးချင်ပါသလဲ။
ဖြေ။ ။ ကျနော်အဓိက ပြောချင်တာကတော့ ကျနော်တို့ ပြည်သူတွေကို အထူးကျေးဇူးတင်တယ်။ ပြည်သူတွေ ကြောင့်ပဲ ကျနော်တို့ ဒီတော်လှန်ရေးထဲကို ပါလာရသလို၊ ဒီတော်လှန်ရေးကို ဆက်အောင် ကြိုးစားနေကြတာ ဖြစ်တယ်။ တော်လှန်ရေးဆက်ရှိနေတာက ဒီပြည်သူတွေ ကြောင့်ပဲ ဖြစ်တယ်။ ဆိုတဲ့အခါကျတော့ ဒီတော်လှန် ရေးက နိုင်မှဖြစ်မှာ။ နိုင်မှ ပြည်သူတွေ စိတ်အေးချမ်းသာနေရမှာ။ ဒီတော်လှန်ရေးနိုင်မှဖြစ်မှာ ဖြစ်တဲ့အတွက် ကျနော်တို့ ပြည်သူတွေအနေနဲ့ ကျနော်တို့နဲ့အတူ ဆက်ပြီးတော့ တည်ရှိနေဖို့ ထောက်ခံအားပေး နေဖို့ ကျနော် မေတ္တာရပ်ခံချင်တယ်။ ကျနော်တောင်းဆိုချင်တယ်လို့ ပြောပါရစေ။
အခုချိန်ထိလည်း မြို့ပေါ်ရော၊ တောဘက်မှာပါ ပြည်သူတွေ တောင့်ခံနေတုန်းဖြစ်တယ်။ တကယ်တမ်းကျတော့ ဒီတော်လှန်ရေးက ပြည်သူတွေ စခဲ့တာ ဖြစ်တယ်။ ပင်ပန်းတော့ ပင်ပန်းနေကြပြီး။ ဆင်းရဲတော့ ဆင်းရဲနေကြပြီး ဒုက္ခတော့ ရောက်နေကြပြီး သို့သော်လည်းပဲ ဒီကောင်တွေဆက်ရှိရင် ကျနော်တို့မျိုးဆက်က တစ်ဆက်ပြီးတဆက် ဆက်ပြီးတော့ ဒုက္ခရောက်ဦးမယ်။ အဲ့အခြေအနေအတွက် ပြန်ပြီးတော့ အနစ်နာခံပြီးတော့ စစ်အုပ်စု လက်အောက် ကနေပြီးတော့ အမြန်ဆုံး ရုန်းထွက်နိုင်အောင်လို့ ကြိုးစားကြပါစို့လို့ ကျနော် တင်ပြချင်ပါတယ်ဗျ။



















