Home သတင်း လုံခြုံရေးကြောင့် ဖားအံကျေးရွာအချို့တွင် သန်းခေါင်စာရင်း စုကောက်

လုံခြုံရေးကြောင့် ဖားအံကျေးရွာအချို့တွင် သန်းခေါင်စာရင်း စုကောက်

572

အောက်တိုဘာ ၉ရက်၊ ၂၀၂၄ ခုနှစ်။ ကေအိုင်စီ

ကရင်ပြည်နယ်၊ ဖားအံမြို့နယ် ကျေးရွာအချို့တွင် လုံခြုံရေးကြောင့် သန်းခေါင်စာရင်းကို တစ်အိမ်တက်တစ်အိမ် ဆင်း ပုံစံမျိုးထက် စုရပ်တစ်ခု သတ်မှတ်ကာ စုကောက်ယူနေသည်ဟု ဒေသခံများက အောက်တိုဘာ ၉ ရက်တွင် ကေအိုင်စီသို့ ပြောသည်။

လူဦးရေနှင့် အိမ်အကြောင်းအရာ သိရှိရန်အတွက် တစ်အိမ်တက်တစ်အိမ်ဆင်း သန်းခေါင်စာရင်ကောက်ယူသူ များသည်လုံခြုံရေးအပြင် အိမ်တိုင်းမသွားနိုင်သည့်အတွက် ကျေးရွာအတွင်းရှိ သက်ဆိုင်ရာ ရာအိမ်မှူးတို့က အိမ် အကြောင်း ပြောနိုင်မည့်သူတစ်ဦးကိုသာ ခေါ်ယူပြီး သတ်မှတ်စုရပ်တွင် စာရင်းကောက်ယူသည်ဟု သိရသည်။

ဖားအံမြို့နယ် ဒုံရင်းရှိ ဒေသခံတစ်ဦးက “ကျမတို့ရွာမှာ ဒီနေ့ လာကောက်တယ်။ ကော့ထမလိန်းရွာကတော့ မနေ့ က ပြီးသွားပြီး အခုလာကောက်တာက တစ်အိမ်တက်တစ်အိမ်ဆင်း မဟုတ်ဘူး။ သူတို့ တစ်အိမ်တက်တစ်အိမ် ဆင်း မသွားနိုင်လို့ တစ်နေရာထဲမှာ လာစုခိုင်းတယ်” ဟု ကေအိုင်စီသို့ ပြောသည်။

ထို့အပြင် သာမညစံပြကျေးရွာတွင်လည်း သန်းခေါင်စာရင်းကောက်ယူသူများက တစ်အိမ်တတက်တစ်အိမ်ဆင်း ကောက်ယူမှုမပြုလုပ်သလို တောင်ခြေရှိ ဇရပ်၌ စုရပ်ထားကာ သန်းခေါင်စာရင်း ကောက်ယူခြင်းမျိုး ပြုလုပ်ခဲ့ သည်ဟု ဒေသခံများက ပြောသည်။

ယခုလို သန်းခေါင်စာရင်းကောက်ယူသည့်နေရာ၌ စစ်ကောင်စီတပ်ဖွဲ့ဝင်များက လုံခြုံရေးအပြည့် ယူပေးခြင်း ရှိသလို အရပ်ဝတ်ဖြင့် စစ်ကောင်စီတပ်ဖွဲ့ဝင်တစ်ချို့နှင့် စစ်တပ်ထောက်ခံသူများက သန်းခေါင်စာရင်း စုကောက် သည့်နေရာ၌ စောင့်ကြည့်မှုများလည်း လုပ်ဆောင်နေသည်ဟု ဒေသခံများထံမှ သိရသည်။

လက်ရှိ ကရင်ပြည်နယ်တွင် သန်းခေါင်စာရင်းကောက်ယူခြင်းကို စစ်ကောင်စီ လွှမ်းမိုးသည့် မြို့တွင်းနှင့် မြို့ပြင် နေရာတစ်ချို့တွင်သာ ကောက်ယူနိုင်သလို စစ်ကောင်စီစိုးမိုးမှုမရှိသည့် မြို့ပြင်ကျေးရွာအများအပြားတွင် သန်းခေါင်စာရင်းကောက်ယူနိုင်ခြင်း မရှိကြောင်း သိရသည်။

စစ်ကောင်စီ၏ သန်းခေါင်စာရင်းကောက်ယူခြင်းကို လက်မခံနိုင်ကြောင်း သင့်တော်သည့် အချိန်လည်းမဟုတ် ကြောင်း တော်လှန်ရေးတပ်ဖွဲ့များက ပြောဆိုထားသည်။ လက်ရှိ သန်းခေါင်စာရင်း ကောက်ယူချိန်တွင် ပြည်နယ် အတွင်းရှိ နယ်ခြားစောင့်တပ် -BGFနှင့် ငြိမ်းချမ်းရေးကောင်စီ-PC အဖွဲ့တို့က တစ်ချို့နေရာများတွင် လုံခြုံရေးအပိုင်း လိုက်ပါကူညီပေး နေသည်ဟု သတင်းရင်းမြစ်များထံမှ သိရသည်။