Home သတင်း ဒေါနတောင်ကျော် လမ်းဟောင်းတစ်လျှောက် ကုန်တင်ယာဥ်များထံ ဂိတ်ကြေးကောက်ယူမှု ပိုများလာ

ဒေါနတောင်ကျော် လမ်းဟောင်းတစ်လျှောက် ကုန်တင်ယာဥ်များထံ ဂိတ်ကြေးကောက်ယူမှု ပိုများလာ

795
Photo: CJ

အောက်တိုဘာ ၉ ရက်၊ ၂၀၂၄ ခုနှစ်။ ကေအိုင်စီ

မြဝတီ-ကော့ကရိတ်အာရှလမ်းမကြီးအစား ယခင် ဒေါနတောင်ကျော် လမ်းဟောင်း အစားထိုး၍ နေ့စဥ်ကုန်သွယ်သွားလာနေသော မော်တော်ယာဥ်ထံမှ လမ်းတစ်လျှောက် လက်နက်ကိုင်ဂိတ်များ၏ ဂိတ်ကြေးငွေကောက်ယူမှု ပိုမိုများပြားလာကြောင်း ထိုယာဥ်မောင်းများထံမှ သိရသည်။

ထိုင်း-မြန်မာ နှစ်နိုင်ငံ ကုန်သွယ်သွားလာမှု အဆင်ပြေလွယ်ကူရေးအတွက် ဖောက်လုပ်ထားသည့် အာရှလမ်းမကြီးအား တိုက်ပွဲများကြောင့် တစ်နှစ်နီးပါးကြာ ပိတ်ထားသည့်နောက်ပိုင်း ကုန်နှင့်ခရီး သည်တင် မော်တော်ယာဥ်များမှာ ပြည်တွင်းမှနယ်စပ် မြဝတီမြို့သို့သွားလာရာတွင် လမ်းဟောင်းနှင့် တောလမ်းများကို အစားထိုးအသုံးပြုနေရခြင်းဖြစ်သည်။

ယင်းအနက် လမ်းဟောင်းတစ်လျှောက်ဖွင့်လှစ်ထားသော စစ်ကောင်စီအပါအဝင် လက်နက်ကိုင် ဂိတ်များ၏ ဂိတ်ကြေးငွေတောင်းယူမှုမှာ ယခင်ကထက် သိသာစွာ များပြားလာကြောင်း ဖားအံ-မြဝတီ ကုန်တင်ယာဥ်မောင်းတစ်ဦးက ပြောသည်။

“တောင်ပေါ်က ဂိတ်ရော၊ အောက်ဘက်ကဂိတ်တွေရော လမ်းကြေးတွေပိုတိုးတောင်းတယ်။ ကားသေးတွေဆို တောင်ပေါ်ကိုအတက် ကုန်ပါတယ်နော်။ အဲဒါ အလယ်ဘိုတဲမှာ အရင်က ငါးသောင်းပဲပေးရတာ၊ အခု တစ်သိန်းဖြစ်သွားပြီ။ အရင်က ကုန်တစ်ဝက်တင်ရင် တစ်ဝက်ကြေး ပဲပေးရတာ။ အဲဒါကြောင့် ပစ္စည်းနည်းနည်းပဲ ပြန်ပါလာမယ်ဆို ဘာမှကိုမတင်တော့ဘူး ။ ခါလီ(ကုန်မပါ)ပဲပြန်တော့တယ်” ဟု ထိုယာဥ်မောင်းက ကေအိုင်စီသို့ ပြောသည်။

ထို့အပြင် ထိုင်း-မြန်မာနယ်စပ် ကုန်သွယ်ရေးလမ်းကြောင်းတစ်ခုဖြစ်သည့် ဘုရားသုံးဆူမြို့တွင်လည်း ကုန်တင်မော်တော်ယာဥ်များ သွားလာမှုပြန်များလာသဖြင့် မြဝတီဘက်သို့ ပို့မည့်ကုန်တင်ယာဥ်ခမှာ ယခင်ကလောက် မရရှိတော့ဘဲ ပေးရသည့်လမ်းခရီးစရိတ်နှင့် တွက်ချေမကိုက်ကြောင်း ၎င်းယာဥ်မောင်းက ဖြည့်စွက်ပြောသည်။

ပြီးခဲ့သည့် စက်တင်ဘာလကုန်ပိုင်းအထိ မိုးရွာသွန်းမှုများပြီး လမ်းပျက်စီးသောကြောင့် ထို့ကော်ကိုးလမ်း၊ ကြက်ဥတောင်လမ်း၊ ၁၀၁၈ လမ်းတို့မှာ သွားလာ၍မရတော့ဘဲ လမ်းဟောင်းတစ်ခုတည်းကိုသာ မော်တော်ယာဥ် အသွားများခဲ့ခြင်းဖြစ်သည်။

ထို့ကော်ကိုးလမ်းကဲ့သို့ တောလမ်းများတွင် လက်နက်ကိုင်တပ်ဖွဲ့များ၏ ဂိတ်ကြေး ကောက်ယူမှုရှိ သည်ဆိုသော်လည်း လမ်းဟောင်းလောက် အဆမတန် ပေးနေရခြင်းမဟုတ်သောကြောင့် ရာသီဥတုပြန်ကောင်းပြီးလျှင် တောလမ်းများ အသုံးပြုသွားလာသည်က စရိတ်ပိုနည်းနိုင်ကြောင်း နယ်စပ်ကုန်တင်ယာဥ်မောင်းများက မျှော်မှန်းပြောဆိုကြသည်။

တဖက်တွင်လည်း ထိုင်းနိုင်ငံဘက်မှ ကုန်စီးဆင်းမှုနှောင့်နှေးခြင်းအတွက် အဓိကအာရှ လမ်းမကြီးပြန်ဖွင့်ရန် မြဝတီ-ကော့ကရိတ်ဒေသတစ်ဝိုက် နယ်မြေလှုပ်ရှားသည့် ကရင့်လက် နက်ကိုင်များကို တွန်းအားပေးမှုရှိနေသည်ဟု မြဝတီကုန်သည်အသိုင်းအဝိုင်းထံမှ သိရသည်။

လမ်းကိစ္စနှင့်ပတ်သက်၍ ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံးပါဝင်သော လက်နက်ကိုင်လေးဖွဲ့တို့ စက်တင်ဘာလအတွင်းက တွေ့ဆုံဆွေးနွေးမှုရှိခဲ့သော်လည်း အာရှလမ်းမကြီးပြန်ဖွင့်ရေးကိစ္စ ထူးခြားမ ှုမရှိဟု ဆွေးနွေးပွဲတွင်ပါဝင်ခဲ့သည့် တပ်အုပ်ချုပ်မှုပိုင်းဆိုင်ရာ သတင်းအရင်းအမြစ်က ဆိုသည်။

ထို့အတူ လက်နက်ကိုင်အဖွဲ့စုံ နယ်မြေလုံခြုံနှင့်စစ်ရေးလှုပ်ရှားလျက်ရှိသည့် ဒေသတစ်လျှောက် လမ်းပိုင်းများအပေါ် ဂိတ်ချငွေတောင်းခံနေမှုများနှင့် ပတ်သက်၍ ကေအဲန်ယူအနေဖြင့် စုံစမ်းသိရှိ ရသော်လည်း စနစ်ကျနသော စီမံအုပ်ချုပ်မှု မလုပ်ဆောင်နိုင်သေးကြောင်း ကေအဲန်ယူထံမှ သိရသည်။