Home သတင်း ရွှေ့ပြောင်း ဆရာ၊ ဆရာမများ၏အသံကို လေးစားတန်ဖိုးထား နားထောင်သင့်ဟု BMWEC တိုက်တွန်း

ရွှေ့ပြောင်း ဆရာ၊ ဆရာမများ၏အသံကို လေးစားတန်ဖိုးထား နားထောင်သင့်ဟု BMWEC တိုက်တွန်း

594

အောက်တိုဘာ ၅၊ ၂၀၂၄ ခုနှစ်။ ကေအိုင်စီ

အခက်အခဲနှင့် စိန်ခေါ်မှုမျိုးစုံတို့ကို အံတုကာ လူ့အဖွဲ့အစည်းကို အကျိုးပြုနေသည့် ရွှေ့ပြောင်းကျောင်း ဆရာ၊ ဆရာမများ၏ အသံကို လေးစားတန်ဖိုးထား နားထောင် သင့်သည်ဟု မြန်မာရွှေ့ပြောင်း လုပ်သားပညာရေး ကော်မတီ B.M.W.E.C ၏ ယနေ့ ကျရောက်သည့် ကမ္ဘာဆရာများနေ့ သဝဏ်လွှာတွင် ပြောဆိုထားသည်။

လွန်ခဲ့သည့် နှစ် ၂၀ မှစ၍ လက်ရှိအချိန်ထိ ရွှေ့ပြောင်းဒေသတွင် မြန်မာနိုင်ငံသား တိုင်းရင်းသား ကလေးသူငယ် များ၏ ပညာရေးနှင့် ပတ်သက်သည့် အခက်အခဲမျိုးစုံကို ပြုစုပေးလျက်ရှိသူ ဆရာ၊ ဆရာမများသည် ရွှေ့ပြောင်း ဒေသအတွက် သာမက ထိုင်းနှင့် မြန်မာအကျိုး၊ ကမ္ဘာလောက အကျိုးကို ဆောင်ရွက်နေသူများ ဖြစ်သည်ဟု အဆိုပါ ကော်မတီက ပြောသည်။

ထို့အပြင် ရွှေ့ပြောင်းဒေသတွင် အခွင့်အရေးများအကြောင်း တွင်ကျယ်စွာပြောဆို နေသော်ငြားလည်း မျက်မှောက် ခေတ်လူ့အဖွဲ့အစည်းနှင့် အနာဂတ်လူ့အဖွဲ့အစည်းများကို ကောင်းမွန်တိုးတက်အောင် ပုံဖော်ပေးနေသူရွှေ့ပြောင်း ဆရာ၊ ဆရာမများ၏ အခွင့်အရေးနဲ့ ပတ်သက်ပြီး ပြောဆိုဆွေးနွေးသံများ တိတ်ဆိတ်ငြိမ်သက်လျက် ရှိသည်ဟု သဝဏ်လွှာတွင် ထောက်ပြထားသည်။

ထိုသို့ ရှိခြင်းက ရွှေ့ပြောင်း ဆရာ၊ ဆရာများသည် မိမိတို့ အခွင့်အရေးကို မလိုလားပဲ အနာဂတ်မျိုးဆက်သစ် များ၏ အခွင့်အရေးကိုသာ အလေးထားကြောင်း ထင်ရှားပေါ်လွင်နေသည်ဟု အဆိုပါ ကော်မတီက ပြောသည်။

“ဘယ်လိုအခက်အခဲတွေပဲရှိနေပါစေ ကျနော်တို့ ဝိုင်းဝန်းဖြေရှင်းပြီးတော့မှ ကလေးတွေရဲ့ အနာဂတ်လှပဖို့ ဆရာတွေရော၊ မိဘတွေရော ခေါင်းဆောင်တွေရော ပူးပေါင်းလုပ်ဆောင်သွားကြရမှာဖြစ်ပါတယ်။ ကလေးတွေ ကိုရဲ့ အနာဂတ်လမ်းလှပဖို့ လက်တွဲ ပို့ဆောင်ပေးသွားရမှာဘဲလို့ ပြောချင်တယ်” ဟု ကျောင်းဆရာ တစ်ဦးဖြစ်သူ စောအယ်ဒိုစေးက‌ ပြောသည်။

ရွှေ့ပြောင်း ဆရာ၊ ဆရာမများသည် ၎င်းတို့၏ တန်ဖိုးရှိသော အချိန်နှင့် ဘဝကို အနာဂတ်မျိုးဆက်သစ်ခေါင်း ဆောင်များအတွက် ပေးဆပ်ထားသူများဖြစ်သလို ကျောင်းဆရာဘဝဖြင့် နေထိုင်ခြင်းသည် ငွေကြေး ဂုဏ်ဒြပ်အရ မမြင့်မားသော်လည်း မြင့်မြတ်ဖြူစင်စွာ ရှင်သန်နေထိုင်သူများပင် ဖြစ်သည်ဟု BMWEC က ပြောသည်။

ယခု အောက်တိုဘာ ၅ ရက်နေ့တွင် ကျရောက်သည့် ကမ္ဘာ့ ဆရာများနေ့ အခမ်းအနားကို BMWEC အဖွဲ့ဝင် ကျောင်း ၃၀ ကျောင်းမှ ဆရာ၊ ဆရာမ ၂၂၆ ယောက်တို့သည် မဲဆောက်မြို့ရှိ ဆာသူးလေကျောင်း၌ ကျောင်း ၂၅ နှစ်ပြည့် အထိမ်းအမှတ်အခမ်းအနားနှင့် ကမ္ဘာ့ဆရာများနေ့ ကိုလည်း ဂုဏ်ပြုကျင်းပခဲ့ကြောင်း သိရသည်။

၂၀၂၄ ခုနှစ် အတွက် ကမ္ဘာ့ဆရာများနေ့ ဆောင်ပုဒ်မှာ “Valuing teacher voices: Towards a news social contract for education – ပညာရေးနှင့် ပတ်သက်သော လူမှုပဋိညာဉ်သစ် ဖြစ်ပေါ်လာရန် ဆရာများအသံကို နားထောင်ပါ” ဟူ၍ ဖြစ်ကြောင်း သိရသည်။