အောက်တိုဘာ ၂၀၊ ၂၀၂၄ ခုနှစ်။ ကေအိုင်စီ
ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး၊ တပ်မဟာ-၁၊ ဘီးလင်းမြို့နယ် အလူးလေးကျေးရွာ အနီး ရန်ကုန်-မော်လမြိုင်လမ်းမပေါ်တွင် စစ်ကောင်စီ ယာဉ်တန်းကို တော်လှန်ရေးပူးပေါင်းတပ်များက အောက်တိုဘာ ၁၈ နှင့် ၁၉ ရက်တို့တွင် နှစ်ရက်ဆက် ပစ်ခတ်တိုက်ခိုက်မှုဖြစ်ပွားခဲ့သည်ဟု တော်လှန်ရေးတပ်ဖွဲ့ဝင်များက ပြောသည်။
အဆိုပါ ပစ်ခတ်မှုဖြစ်စဉ်မှာ အောက်တိုဘာ ၁၈ ရက်နေ့က ယာဉ် ၈ စီးပါ စစ်ကောင်စီယာဉ်တန်းကို အလူးလေး ဆီဆိုင်နှင့် အထပ်သား စက်ရုံကြား၌ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်-KNLA ပူးပေါင်းတပ်ဖွဲ့က ပစ်ခတ်တိုက်ခိုက်ခဲ့ရာ စစ်သုံးယာဥ် တစ်စီး မီးလောင်ပျက်စီးပြီး စစ်ကောင်စီတပ်ဖွဲ့ဝင် ၅ ဦးသေဆုံးကာ ၇ ဦး ဒဏ်ရာရရှိခဲ့သည်ဟု စစ်ရေးသတင်းအရင်းအမြစ်က ပြောဆိုသည်။
ထို့နောက် အောက်တိုဘာ ၁၉ ရက်နေ့တွင် ပစ်ခတ်မှုဖြစ်ပွားခဲ့သည့် နေရာအနီးသို့ အရပ်ဝတ်များဖြင့် ကင်းလှည့် လာသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များကို ပူးပေါင်းတပ်က လက်နက်ငယ်များဖြင့် ထပ်မံပစ်ခတ်ခဲ့ရာ စစ်ကောင်စီ တပ်ဖွဲ့ဝင် ၃ ဦးသေဆုံးပြီး ၅ ဦး ဒဏ်ရာရသွားသည်ဟု ပူးပေါင်းတပ်တွင်ပါဝင်သူ တပ်ဖွဲ့ဝင်တစ်ဦးက ပြောသည်။
“၁၈ ရက်နေ့က စုစုပေါင်း သူတို့ကား ၈ စီးနဲ့တက်လာတော့ ၃ စီးမြောက်ယာဥ်ကနေ ကျနော်တို့ စတိုက်တာ နှစ်စီး လောက်ကတော့ သံတံတားဂိတ်ကနေ ကျိုက်ထိုဘက်ကိုပြန်တက်သွားတယ်။ နောက်တစ်ရက်ကျ အဲဒီတိုက်ပွဲ ဖြစ်တဲ့ ဝန်းကျင်နားမှာပဲ သူတို့ကားတွေကို ပုံပြောင်းပြီး အရပ်ဝတ်နဲ့ကင်းလှည့်လာလို့ ကျနော်တို့ လက်နက်ငယ် တွေနဲ့ သွားတိုက်ကြတာ” ဟု ၎င်းက ကေအိုင်စီသို့ ပြောသည်။
ယခုလို သီတင်းကျွတ်လပြည့်ကျော် နှစ်ရက်ဆက် ပစ်ခတ်မှုဖြစ်ပွားပြီးနောက် စစ်ကောင်စီက ရန်ကုန်-မော်လ မြိုင် လမ်းနံဘေး၊ ပစ်ခတ်မှု ဖြစ်သည့်နေရာနှင့်နီးစပ်ရာသို့ လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ရမ်းသန်း ပစ်ခတ်သည့်အတွက် နေအိမ်ပျက်စီးမှုအချို့ရှိသော်လည်း ဒေသခံအထိအခိုက်မရှိကြောင်း ဘီးလင်း နယ်ခံများမှ သိရသည်။
ထို့အပြင် စစ်ကောင်စီဘက်က အဆိုပါဒေသအနီးတဝိုက်ရှိ ကျေးရွာများကို လျှပ်စစ်မီးနှင့် ဖုန်းလိုင်းအချို့ ဖြတ်တောက်ထားသလို လက်နက်ကြီးပစ်ခတ်မှုများရှိနေသည့်အတွက် သတိဖြင့်နေရသည်ဟု အလူးရွာခံ အမျိုးသမီး တစ်ဦးက ပြောသည်။
“လမ်းပိုင်းပေါ်က အိမ်တွေတော့ ကျည်စမှန်တာတွေရှိတယ်။ လက်နက်ကြီးပစ်တာ ရွာစပ်တွေလောက်ပဲကျတာ ရွာတွေထဲကိုမကျလို့ ဒဏ်ရာရတာမရှိဘူး။ လေယာဥ်ပဲကြောက်ရတာ လက်နက်ကြီးက ပုံမှန်လိုဖြစ်နေပြီ။ ရွာသားတွေက လက်နက်ကြီးသံကြားတဲ့အချိန်သာ သတိနဲ့ ကျန်တဲ့အချိန် အေးဆေးသွားလာနေကြတာပဲ။ လျှပ်စစ်မီးနဲ့တချို့ဖုန်းလိုင်းတွေကတော့ ဖြစ်တဲ့နေ့ကတည်းက ဒီနေ့အထိဖြတ်ထားတယ်” ဟု ၎င်းအမျိုးသမီးက ပြောသည်။
ယခုလို ပစ်ခတ်မှုကို KNLA အပါအဝင် ပြည်သူ့ကာကွယ်ရေးတပ်မတော်-PDF တပ်ရင်း (၇၈၀၅) တပ်ခွဲ(၄) မှ တပ်ဖွဲ့ဝင်များအပါအဝင် ကျောင်းသားတပ်မတော်-ABSDF တပ်ရင်း(၃)မှ တပ်ဖွဲ့များ ပါဝင်တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး KNLA ပူးပေါင်းတပ်ဘက်မှ ထိခိုက်သေဆုံးမှုမရှိကြောင်း သိရသည်။
ဘီးလင်းမြို့နယ်၊ အလူးကျေးရွာအနီးရှိ ရန်ကုန်-မော်လမြိုင်လမ်းပိုင်းအား စစ်ကောင်စီက ထောက်ပို့အင်အား ဖြည့်တင်းရန် ပြေးဆွဲအသုံးပြုလေ့ရှိသလို ကင်းပုန်းဝပ်စစ်ဆေးလှည့်လည်မှုများကြောင့် အာဏာသိမ်းထားသည့် ကာလအတွင်း တော်လှန်ရေးတပ်နှင့် ထိတွေ့ ပစ်ခတ်မှုများ မကြာခဏ ဖြစ်ပွားလေ့ရှိသည်။
ထို့အပြင် အလူးကျေးရွာအုပ်စုနှင့် အနီးတဝိုက်ကျေးရွာများသို့ တိုက်ပွဲဖြစ်ပွားစဥ် စစ်တပ်က လက်နက်ကြီး ပစ်ခတ်မှုများ ပြုလုပ်လေ့ရှိသည့်အတွက် ယခင်က ဒေသခံများအကြိမ်ကြိမ် နေရပ်စွန့်ခွာထွက်ပြေးကြရသလို မလုံခြုံမှုကြားမှ ရပ်တည်နေထိုင်ရသည့် နယ်မြေလည်းဖြစ်သည်ဟု ဒေသတွင်းသတင်းအရင်းအမြစ်များထံမှ သိရသည်။



















