Home သတင်း မြဝတီမြို့ရှိ ခရိုင်အဆင့် စစ်ကောင်စီ အရာရှိများ ရှောင်တိမ်းနေထိုင်မှုရှိနေ

မြဝတီမြို့ရှိ ခရိုင်အဆင့် စစ်ကောင်စီ အရာရှိများ ရှောင်တိမ်းနေထိုင်မှုရှိနေ

702
Photo: CJ

အောက်တိုဘာလ ၂၂ ရက်၊ ၂၀၂၄ ခုနှစ်။ ကေအိုင်စီ

ကရင်-ထိုင်းနယ်စပ် မြဝတီမြို့ရှိ စစ်ကောင်စီလက်အောက်ခံ ခရိုင်အဆင့် အုပ်ချုပ်စီမံရသည့် အရာရှိဝန်ထမ်းများ တော်လှန်ရေးတပ်ဖွဲ့များ အလစ်အငိုက်တိုက်ခိုက်ဖမ်းဆီးမှုခံရမည့်အ‌ရေး စိုးရိမ်ပြီး ရှောင်တိမ်းနေထိုင်နေကြရကြောင်း မြဝတီမြို့ခံ သတင်းအရင်းအမြစ်များက ပြောသည်။

ပြီးခဲ့သည့် အောက်တိုဘာလ ၁၇ ရက်က လေးကေကော်အမြောက်ကုန်းစခန်းအား ကရင်အမျိုးသား လွတ်မြောက်ရေးတပ်မတော်-KNLA မဟာမိတ်ပူးပေါင်းတပ်ဖွဲ့များသိမ်းယူခံရပြီးနောက်ပိုင်း မြဝတီမြို့ရှိ စစ်ကောင်စီခရိုင်အဆင့် ဝန်ထမ်းအကြီးအကဲများ ရှောင်တိမ်းနေထိုင်မှုလုပ်ဆောင်လာခြင်းဖြစ်သည်ဟု အမည်မဖော်လိုသူ စစ်ကောင်စီ ဌာနဆိုင်ရာနှင့် နီးစပ်သည့် သတင်းအရင်းအမြစ်တစ်ခုက ပြောသည်။

၎င်းက “သူတို့တွေ ကြောက်ကြတယ်။ မြဝတီကို လာတိုက်မယ့် အခြေအနေဖြစ်လာရင် မလွယ်ဘူး၊ မလွတ် ဘူးပေါ့နော်။ မိသားစုတွေ ဖားအံဆင်းနေကြပြီ။ သူတို့လည်း ပြည်နယ်ရုံးဘက်ကို ပြောင်းပြီးအလုပ်လုပ်ကြပြီ။ အခုကရုံးတွေမှာ မြဝတီနယ်ခံဝန်ထမ်းတွေနဲ့ အလုပ်လုပ်နေကြတာ၊ တံတားကလူကြီးတွေ၊ အကောက်ခွန် လူကြီးတွေလည်း ရုံးလိုင်းခန်း၊ ဝန်ထမ်းလိုင်းခန်းတို့ ရုံးတို့ မှာ မအိပ်ဘူး၊ BGFဟော်တည်တွေမှာ ပြောင်းအိပ်နေကြတာ။ ”ဟု ပြောသည်။

ယခုလိုအခြေအနေကြောင့် မြဝတီမြို့ စစ်ကောင်စီလက်အောက်ခံဌာနဆိုင်ရာများ အုပ်ချုပ်စီမံလည်ပတ်မှုမှာ ယခု ရက်ပိုင်းအတွင်း သိသိသာသာအင်အားနည်းပါးလာပြီး စစ်ဆေးရေးဂိတ်များ၊ ရုံးများတွင် အရပ်သားနေ့ စားဝန်ထမ်းများ၊ သတင်းပေးအရပ်သားများဖြင့်သာ ရုံးလုပ်ငန်းလည်ပတ်လုပ်ကိုင်နေကြကြောင်း မြို့ခံများက ပြောသည်။

Photo: CJ

“အခုလေး ကေကော်ကစစ်တပ်စခန်းကျပြီးတော့ ၂၇၅ မှာ ပြန်ပြီးစစ်ကြောင်းပြန်စုနေတယ်။ မြဝတီကို ပြီးခဲ့ တဲ့ ၄ လပိုင်းတုန်းကလို ပြန်ချခံရမှာမျိုးစိတ်ပူနေကြတယ်။ ဒီတစ်ခါကတော့ ပစ်ကူပေးစရာ အမြောက်ကုန်း မရှိတော့ဘူး။ လေယာဉ်ကြဲတာပဲရှိတော့မယ်။ ၂၇၅ မှာ ခံစစ်ပြန်ပြင်နေတာပေါ့ဗျာ။ ချကြပြီဆိုရင်တော့ ထိုင်း ဘက်ပြေးဖို့ပဲရှိတော့တယ်” ဟု စစ်ကောင်စီတပ်နှင့်နီးစပ်သည့် ရေပူကျေးရွာဒေသခံတစ်ဦးက ပြောသည်။

လက်ရှိ မြဝတီအာရှလမ်းသစ်တွင် စစ်ကောင်စီအောင်ဇေယျစစ်ကြောင်းနှင့် ကရင်အမျိုးသားလွတ်မြောက်ရေး တပ်မတော်- KNLA မဟာမိတ်ပူးပေါင်းတပ်များ တိုက်ပွဲဆက်လက်ပြင်းထန်နေဆဲဖြစ်ကြောင်း တော်လှန်ရေးသတင်းအရင်းအမြစ်များထံမှ သိရသည်။

ထိုသို့ နှစ်ဖက်တိုက်ပွဲ ပြင်းထန်နေမှုကြောင့် ဒေါနတောင်လမ်းဟောင်းဘက်မှ သွားလာကြသည့် ခရီးသွားကား၊ ကုန်စည်ကားများသည် တိုက်ပွဲအခြေအနေ၊ လက်နက်ကြီး ပစ်ခတ်မှုအခြေအနေနှင့် လေကြောင်းတိုက်ခိုက်မှု အခြေအနေကို လမ်းကြည့်ပြီး သွားလာနေကြရကြောင်း ယာဉ်မောင်းများက ပြောသည်။