Home သတင်း ကျေးရွာအဆင့်ထိ အဖွဲ့အားကောင်းအောင် လုပ်ဆောင်မည်ဟု ဒူးပလာယာခရိုင် KWO ဥက္ကဋ္ဌသစ်ပြော

ကျေးရွာအဆင့်ထိ အဖွဲ့အားကောင်းအောင် လုပ်ဆောင်မည်ဟု ဒူးပလာယာခရိုင် KWO ဥက္ကဋ္ဌသစ်ပြော

641
Photo: (KWO)

အောက်တိုဘာ ၂၂၊ ၂၀၂၄ ခုနှစ်။ ကေအိုင်စီ

ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး၊ ဒူးပလာယာခရိုင်၊ တပ်မဟာ(၆)တွင် ကျေးရွာအဆင့်ထိ ဖွဲ့စည်းထားသည့် ကရင်အမျိုးသမီးအစည်းအရုံး-KWO ၏ ဖွဲ့စည်းပုံကို စနစ်တစ်ကျဖြစ်ရန် လုပ်ဆောင် မည်ဟု အသစ်ရွေးကောက်တင်မြှောက်ခံရသူ ခရိုင်ဥက္ကဋ္ဌ နော်အိုအေစစ်က ကေအိုင်စီသို့ ပြောသည်။

ဒူးပလာယာခရိုင်၊ KWO ၏ ၉ ကြိမ်မြောက် ကွန်ဂရက်ကို ပြီးခဲ့သည့် စက်တင်ဘာ ၂၇ ရက်မှ ၂၈ ရက်နေ့ အထိ ကျင်းပပြုလုပ်ခဲ့သည်။ အဆိုပါ ကွန်ဂရက်၌ ခရိုင်ဥက္ကဋ္ဌအပါအဝင် အလုပ်အမှု ဆောင်ကော်မတီ အဖွဲ့ဝင်များကို ပြန်လည်ရွေးချယ်တင်မြှောက်ခဲ့ပြီး ရှေ့ဆက်လုပ်ဆောင်မည့်လုပ်ငန်းစဉ်များကိုလည်း ကွန်ဂရက်၌ ဆွေးနွေးခဲ့သည်ဟု သိရသည်။

“အခုအခြေအနေက ကျေးရွာတော်တော်များများမှာ ဖွဲ့စည်းထားတဲ့ ကျေးရွာအဆင့် KWO ဖွဲ့စည်းပုံ မပြည့်စုံတော့တာများတယ်။ အဲဒီတော့ အောက်ခြေကို စနစ်တကျ ပြန်လည်မွမ်းမံဖို့ အရင်စလုပ်မယ်။ ပြီးရင် မြို့နယ်အလိုက် KWO ကွန်ဂရက်ပြန်လုပ်ဖို့ ညှိနှိုင်းဆောင်ရွက်သွားဖို့ ရှိတယ်။ အရင်ကလုပ် နေကျ မြို့နယ်မှာ စည်းရုံးရေးဆင်းတာ အသိပညာပေး ဆွေးနွေးတာတွေကိုတော့ ပုံမှန် အတိုင်း လုပ်ဆောင်သွားဖို့ရှိတယ်”ဟု KWO ခရိုင်ဥက္ကဋ္ဌ နော်အိုအေစစ်က ပြောသည်။

၎င်းအပြင် လက်ရှိကာလ နိုင်ငံရေးအခြေအနေကြောင့် KWO အနေဖြင့် အသိပညာပေးလုပ်ငန်းစဉ်၊ စည်း ရုံးရေး လုပ်ငန်းများကို လုပ်ဆောင်ရာတွင် အခက်အခဲစိန်ခေါ်မှု ပိုများလာနိုင်ဖြစ်သော်လည်း တစ်ဦး တစ်ယောက်မဟုတ်ဘဲ စုပေါင်းလုပ်ဆောင်ကြမည်ဖြစ်သည့်အတွက် ထိုအခက်အခဲစိန်ခေါ်မှုများကို အမျိုးသမီးများအနေဖြင့် ကျော်ဖြတ်ကာ အကောင်းဆုံးလုပ်ဆောင်သွားမည်ဟု KWO ခရိုင် ဥက္ကဋ္ဌက ဖြည့်စွက်ပြောသည်။

Photo: (KWO)

ဒူးပလာယာခရိုင်၊ KWO ၉ ကြိမ်မြောက် ကွန်ဂရက်၌ ဥက္ကဋ္ဌ အဖြစ် နော်အိုအေစစ်၊ ဒုဥက္ကဋ္ဌ နော်သော သောကလယ်၊ အတွင်းရေးမှူး နော်အယ်ကလူဝါးနှင့် တွဲဖက်အတွင်းရေးမှူး နော်အဲအဲတို့ကို အသီးသီးပြန်လည် ရွေးချယ်တင်မြှောက်ခဲ့ကြောင်း သိရသည်။

ထို့အပြင် ထိုကွန်ဂရက်၌ ဒူးပလာယာခရိုင် KWO ဥက္ကဋ္ဌဟောင်းလည်းဖြစ်ပြီး KWO အဖွဲ့အစည်း၌ ၂၅ နှစ်ကျော်ကြာ လက်တွဲလုပ်ဆောင်ခဲ့သူ လက်ရှိ ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး၊ ဗဟိုတရား သူကြီး (၁) အဖြစ် တာဝန်ယူနေသည့် ပဒိုနော်မယ်ရီဌေးကိုလည်း ဂုဏ်ပြုခဲ့သည်ဟု သိရသည်။

ဒူးပလာယာခရိုင်၊ KWO ၏ ၉ ကြိမ်မြောက် ကွန်ဂရက်သို့ ကေအဲန်ယူ ဗဟိုတရားသူကြီးချုပ် ပဒိုနော်မြိုင်ဖိုး၊ ကေအဲန်ယူ ဗဟိုကော်မတီဝင် ပဒိုနော်ဒါးဒါး၊ ပဒိုနော်မယ်ရီဌေးအပါအဝင် KWO ဗဟို ကိုယ်စားလှယ်များနှင့် မြို့နယ်အဆင့်ကိုယ်စားလှယ်များလည်း တက်ရောက်ခဲ့ကြောင်း သိရသည်။

KWO ခရိုင်ဥက္ကဋ္ဌအသစ် ဖြစ်လာသူ နော်အိုအေစစ်သည် လူငယ်အမျိုးသမီးတစ်ဦးဖြစ်သလို KWO ၏ ကရင်အမျိုးသမီးငယ်ခေါင်းဆောင်မှုသင်တန်းကျောင်းမှ အောင်မြင်ခဲ့သူ အမျိုးသမီးငယ်တစ်ဦး ဖြစ်ကြောင်း သိရသည်။