Home သတင်း ကျုံဒိုးဂျိုင်းမြစ် ကားကူးဖောင်ဆိပ်များကို ပိတ်ထားပြီး သတင်းပေးများဖြင့် စောင့်ကြည့်မှုပြုလုပ်နေ

ကျုံဒိုးဂျိုင်းမြစ် ကားကူးဖောင်ဆိပ်များကို ပိတ်ထားပြီး သတင်းပေးများဖြင့် စောင့်ကြည့်မှုပြုလုပ်နေ

884
Photo credit to: မောရဝတီ ကျုံဒိုး

အောက်တိုဘာ ၂၈ ရက်၊ ၂၀၂၄ ခုနှစ်။ ကေအိုင်စီ

ကရင်ပြည်နယ်၊ ကျုံဒိုးမြို့ ဂျိုင်းမြစ်တစ်ဘက်ကမ်းကျေးရွာများနှင့် ဆက်သွယ်သွားလာရသည့် ဂျိုင်းမြစ်လှေဂိတ်၊ ကားဆိုင်ကယ်ကူးသည့်ဖောင်ဂိတ်များကို စစ်ကောင်စီတပ်က ပိတ်သိမ်းရပ်ဆိုင်းထားပြီး စစ်တပ် သတင်းပေးများအားတာဝန်ပေးစောင့် ကြည့်မှုများလုပ်ဆောင်နေကြောင်း ကျုံဒိုးဒေသခံသတင်း အရင်းအမြစ် များက ပြောသည်။

“ကျုံဒိုး BGF မောင်ဝင်းအာင်အဖွဲ့က ကမ်းနီ၊ ညောင်ရိပ်သာ၊ ကမ္မရိုက်လှေဂိတ်ဖောင်ဂိတ်တွေပိတ်ခိုင်း ထားတယ်။ စစ်တပ်က သတင်းပေးတွေကို ကမ်းနားလှေဂိတ်မှာအသွင်ယူ သတင်းပေးဖို့ ကျော်ကြီးဆိုတဲ့ သူကိုသေနတ် ပေးထားပြီး PDFတွေ ထောက်လှမ်းဖို့ တာဝန်ပေးထားတယ်။ PDF အယ်စေးဝါးအဖွဲ့တွေ ကမ်းကူးရောက်လာမှာ ကြောက်ကြတယ်။” ဟု ကျုံဒိုးကမ်းနားပိုင်းနေထိုင်သူ သတင်းအရင်းအမြစ်က ကေအိုင်စီသို့ ပြောသည်။

ထိုသို့ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်-KNLA မဟာမိတ်တပ်များ ကျုံဒိုးမြို့ဘက်ကမ်းသို့ ရောက်ရှိ မလာနိုင်ရေး စစ်ကောင်စီတပ် ခြေမြန်တပ်ရင်း-ခမရ ၅၄၅၊ ၅၄၆ တပ်နှင့် BGF ပူးပေါင်းတပ်များက ကျေးရွာများ ဘက် လက်နက်ကြီးပစ်ခတ်ခြောက်လှန့် မှု နေ့စဉ်ရှိနေသည့်အတွက် အရပ်သားထိခိုက်မှုနှင့် နေအိမ် အဆောက်အအုံ များ ပျက်စီးမှုဆက်ပြီးရှိနေကြောင်း ဒေသခံများက ပြောသည်။

Photo credit to: မောရဝတီ ကျုံဒိုး

ပြီးခဲ့သည့် အောက်တိုဘာ၂၆ ရက်တွင် ကော့ကရိတ်အာရှလမ်းပိုင်းတိုက်ပွဲများအတွင်း KNLA မဟာမိတ် တပ်ဘက်က စစ်ကောင်စီယာဉ်တန်းကို ကြားဖြတ်တိုက်ခိုက်၍ အကျအဆုံးများပြီး ထိခိုက်ဒဏ်ရာရရှိသူများအား ဖားအံတောင်ကလေးဆေးရုံသို့ ပို့ဆောင်ကြောင်း၊ စစ်တပ်လက်နက်ခဲယမ်းများသိမ်းပိုက်ရရှိပြီး စစ်ယာဉ်ပါ စစ်ကားများအား ဖျက်ဆီးနိုင်ခဲ့ကြောင်း တော်လှန်ရေးစစ်ကြောင်းများက ထုတ်ပြန်ထားသည်။

လက်ရှိ ကော့ကရိတ်မြို့နှင့် အာရှလမ်းပိုင်းတိုက်ပွဲများနှင့်ပတ်သက်ပြီး စစ်ရေးနယ်မြေသတင်း အရင်းအမြစ်တစ်ခု က “ ကော့ကရိတ်ပတ်ခြာလည်ကို ပြန်ဝိုင်းတိုက်နေတဲ့သဘောပါပဲ။ အာရှလမ်းတက်မရတော့ စစ်တပ် ကတောင်ခြေရွာတွေကို လက်နက်ကြီးနဲ့ ကြိုပစ်ပြီးစစ်ကြောင်းထိုးဖို့ မြို့ပြင်ထွက်လာတော့ဒီ ဘက်က အဖွဲ့တွေဖြတ်ပြီး ပိတ်ဆော်နေတော့ တပ်ပြန်ပြန်ဆုတ်ဝင်သွားတယ်။ သူတို့စစ်ကားတွေ၊ ခဲယမ်း တွေရိက္ခာတွေသယ်မနိုင်ဘဲထားပြီး ပြေးတော့ကိုယ့်ဘက်က သိမ်းရတာပေါ့”ဟု ပြောသည်။

ထိုသို့ ကော့ကရိတ် မြို့နှင့် ကျုံဒိုးမြို့ဘက်တွင် စစ်ကောင်စီတပ်က ဖားအံမြို့ဘက်ကမှ စစ်ကူလာသည့်တပ်ဖွဲ့ များ/လက်နက်ခဲယမ်းများအား ခမရ ၅၄၅/၅၄၆ တပ်တွင်စုစည်းထားပြီးနောက် ကော့ကရိတ် ခြေလျင်တပ်ရင်း-ခလရ ၉၇ တပ်နှင့် အောင်ဇေယျ စစ်ကြောင်းနေရာများသို့ ဆက်လက်ပို့ဆောင်ပေးနေကြောင်း သိရှိရသည်။