အစ္စရေးနဲ့ အီရန်အခြေအနေကို သုံးသပ်ခြင်း
အစ္စရေးက အီရန်ကို စစ်မျက်နှာဖွင့်လာနိုင်သလား
၂၀၂၄ ခုနှစ်၊ အောက်တိုဘာ ၁၉ရက်
နိဒါန်း
အစ္စရေးက အီရန်ကျောထောက်နောက်ခံပေးထားတဲ့ လက်ဘနွန်မှာရှိတဲ့ ဟစ်ဇ်ဘိုလာအဖွဲ့တွေကို မြေပြင် ထိုးစစ်တွေ စတင်ချိန်မှာ ဟားမတ်စ်ခေါင်းဆောင် Haniyeh, ဟစ်ဇ်ဘိုလာခေါင်းဆောင် Nasrallah နှင့် အီရန်ဗိုလ်ချုပ် Nilforoushan တို့ကို အစ္စရေးက လုပ်ကြံသတ်ဖြတ်ခဲ့တယ်ဆိုတဲ့ ခေါင်းစဉ်ကိုတပ်ပြီး အီရန်ဘက်က ဒုံးကျည် ၁၈၀ ကျော်နဲ့ တယ်လ်အဗီးမြို့ (TelAviv)ကို ကြီးမားတဲ့ ပစ်ခတ်တိုက်ခိုက်မှု ပြုလုပ်ခဲ့ပါတယ်။
အစ္စရေးဘက်ကလည်း ဒီပစ်ခတ်မှုတွေအတွက် ပြန်လည်တုံ့ပြန်သွားမယ်လို့ ပြောဆိုထားတာရှိပါတယ်။ အခုချိန်မှာ အစ္စရေးက အီရန်ကိုတိုက်ဖို့အတွက် ပြင်ဆင်မှုတွေလုပ်နေတယ်လို့ သုံးသပ်ရပြီး အစ္စရေးက အီရန်ကို နောက်ထပ် စစ်မျက်နှာသစ်ဖွင့်လိုက်မယ်ဆိုရင် တတိယကမ္ဘာစစ်ကို ဦးတည်သွားနိုင်မလားဆိုတာကတော့ မတွေးရဲစရာပါပဲ။ ဒါပေမယ့် နှစ်ဖက်စလုံးက အင်အားကြီးနိုင်ငံတွေဖြစ်တဲ့အတွက် နောက်ထပ်စစ်မျက်နှာတခု ဖြစ်လာနိုင်မလားဆိုတာ ကတော့ အရင်ဆုံး သုံးသပ်ကြည့်ဖို့လိုပါလိမ့်မယ်။ ဒီတော့ အစ္စရေး(Israel)နဲ့ အီရန်(Iran)တို့အကြားကို သုံးသပ်တဲ့အ ခါမှာ စစ်ရေး၊ နိုင်ငံရေး၊ စီးပွားရေး၊ နည်းပညာနဲ့ နိုင်ငံတကာဆက်ဆံရေး စတဲ့အချက်တွေအပေါ်မှာ အခြေခံနေပါတယ်။
အစ္စရေးနှင့် အီရန်စစ်ရေးနှိုင်းယှဉ်ချက်
အစ္စရေးနဲ့ အီရန်ဟာနှစ်ဖက်စလုံးက အင်အားကြီးနိုင်ငံတွေဖြစ်ပေမယ့်လို့ ကွာခြားချက်တွေတော့ ရှိပါတယ်။ အထူးသ ဖြင့် စစ်ရေးမှာဆိုရင် အမြဲတမ်း တိုက်ခိုက်ရေးစစ်သည်၊ အရန်အင်အားတွေမှာ အစ္စရေးဟာ အီရန်ထက်ကို နည်းပါ တယ်။ ဒါပေမယ့် အီရန်ထက် အစ္စရေးက လေကြောင်းတိုက်ခိုက်ရေးစွမ်းရည်နဲ့ အင်အားက ပိုများပါတယ်။ ဒီတချက်မှာ အစ္စရေးက လူအင်အားစုဆောင်းတာထက် လေယာဉ်အင်အားစုဆောင်းတာက ပိုများမယ်လို့ ယူဆလို့ရပါတယ်။ အစ္စရေးရဲ့ အဓိကအင်အားဟာ အခုချိန်မှာ မြင်သာတာကတော့ အမေရိကန်ဖြစ်နေတာကို သုံးသပ်မိပါတယ်။
အစ္စရေးရဲ့ စစ်ဆင်ရေးတွေမှာ နည်းပညာ၊ လေကြောင်းကာကွယ်ရေး၊ ဆိုက်ဘာလုံခြုံရေးတွေအတွက် အမေရိကန်နဲ့ ပေါင်းပြီး အများကြီး လုပ်နိုင်စွမ်းရှိပါတယ်။ သို့သော် အီရန်ဘက်ကို ကြည့်လိုက်မယ်ဆိုရင် Islamic Revolutionary Guard Corps (IRGC) ဆိုတဲ့ အစ္စလာမ်လက်နက်ကိုင်အဖွဲ့ဟာ နာမည်ကြီးတဲ့အဖွဲ့တခု ဖြစ်ပါတယ်။ အဲ့ဒီနောက် Hezbollah နဲ့ Houthi Rebels အဖွဲ့တွေကိုလည်း ထောက်ပံ့ပေးပြီး ထိန်းချုပ်နိုင်တာကြောင့် အရှေ့အလယ်ပိုင်းမှာ အင်အားကြီးတယ်လို့ ဆိုနိုင်ပါတယ်။ အမေရိကန်နဲ့အပြိုင်ဖြစ်တဲ့ တရုတ်နဲ့ ရုရှားတို့ဟာလည်း အီရန်ရဲ့ မဟာမိတ်အင် အားစုတွေထဲမှာပါတယ်လို့ ပြောလို့ရနိုင်ပါတယ်။
အစ္စရေးနဲ့ အီရန် နည်းပညာနှင့် စီးပွားရေးနှိုင်းယှဉ်ချက်
အစ္စရေးဟာ “Start-Up Nation” လူသိများတဲ့နိုင်ငံတခုဖြစ်ပြီး နည်းပညာတီထွင်မှုတွေမှာ ဆိုက်ဘာလုံခြုံရေး၊ စက်မှု ပညာနှင့် ကာကွယ်ရေးနည်းစနစ်တွေကို လူ့စွမ်းအားအရင်းအမြစ်တွေနဲ့ ပညာရေးပိုင်းမှာ အမြင့်ဆုံး ထုတ်လုပ်နိုင်ပြီး စီးပွားရေအရ နိုင်ငံတကာကုန်သွယ်မှုတွေမှာ အာရှ၊ ဥရောပ၊ အမေရိကန်တို့နဲ့ ချိတ်ဆက်ဆောင်ရွက်နိုင်ပြီး နိုင်ငံရေး မူဝါဒတွေအပေါ်မှာ အခြေခံထားပြီးတော့ အပြောင်းအလဲတွေကို လျင်မြန်စွာ တုံ့ပြန်နိုင်စွမ်းရှိတဲ့ စီးပွားရေးမူဝါဒတွေကို ချမှတ်ထားပါတယ်။ အီရန်နိုင်ငံကတော့ ရေနံပမာဏအများကြီး ထုတ်လုပ်နိုင်တဲ့နိုင်ငံတခုဖြစ်ပြီးတော့ နျူးကလီးယား စွမ်းအင်ထုတ်လုပ်နိုင်မှုအတွက် အကြိတ်အနယ် ကြိုးစားနေတဲ့နိုင်ငံတခု ဖြစ်ပါတယ်။
အီရန်ဟာ အစ္စရေးထက် နည်းပညာ မသာလွန်ပေမယ့် အာကာသကို ဂြိုလ်ထုလွှင့်တင်နိုင်ရေးအထိ ကြိုးစားတာကိုတွေ့ ရပါတယ်။ နောက်တချက်က အီရန်ဟာ ရေနံတွေအများကြီး ထုတ်လုပ်နိုင်ပေမယ့်လို့ နိုင်ငံတကာရဲ့ ဒဏ်ခတ်ပိတ်ဆို့ အရေးယူမှုတွေကြောင့် ကုန်သွယ်မှုကို ထင်သလောက် မလုပ်နိုင်ပါဘူး။ အထူးသဖြင့် အမေရိကန်နဲ့ ကုလသမဂ္ဂက ပိတ် ဆို့ထားတာကို တွေ့ရပါတယ်။
ဘာကြောင့် ပိတ်ဆို့ခံရလဲဆိုရင်တော့ အီရန်ဟာ ၂၀၀၀ ခုနှစ်လောက်က နျူးကလီးယား လက်နက်အသုံးပြုမှုအတွက် ယူရေနီယမ်းထုတ်လုပ်လာမှုတွေကြောင့် အနောက်နိုင်ငံတွေကြား စိုးရိမ်မှုတွေဖြစ်လာခဲ့တာတွေ အပါအဝင် ဒေသတွင်း လူ့အခွင့်အရေးဖိနှိပ်မှုတွေ၊ အထူးသဖြင့် အမျိုးသမီးတွေအပေါ်မှာ ဖိနှိပ်မှုတွေနဲ့ ဟားမတ်စ်၊ ယီမင်ကဟူသီ သူပုန်၊ ဟစ်ဇ်ဘိုလာတွေကို ထောက်ပံ့ပေးရာက စစ်ရေးတင်းမာလာမှုတွေဖြစ်စေခဲ့ပြီး အီရတ်၊ ဆီးရီးယားတွေနဲ့ မိတ်ဖွဲ့မှုတွေ ကြောင့် ဒဏ်ခတ်ပိတ်ဆို့ခံရမှုတွေဟာ စီးပွားရေးနဲ့ အခြားကူးသန်းရောင်းဝယ်ရေးတွေမှာ အလွန်ထိခိုက်မှုတွေ ဖြစ်စေခဲ့ ပါတယ်။
အစ္စရေးနဲ့ အီရန်ရဲ့ တနှစ်တာဝင်ငွေ၊ တယောက်ချင်းဝင်ငွေ GDP တွေကိုတွက်မယ်ဆိုရင် အီရန်က အစ္စရေးထက် အများ ကြီးနိမ့်ကျတဲ့ အနေအထားမှာရှိတယ်။ သို့သော် အစ္စရေးဟာ ဟားမတ်စ်တိုက်ခိုက်မှုတွေနဲ့ ဟစ်ဇ်ဘိုလာ တိုက်ခိုက်တာ တွေကြောင့် နိုင်ငံရဲ့ GDP ဟာကျဆင်းနေတယ်လို့ Times of Israel သတင်းက ဖော်ပြထားပါတယ်။ ဒီတော့ အစ္စရေးက အီရန်ကိုပါ စစ်မျက်နှာဖွင့်ပြီး တိုက်ခိုက်မယ်ဆိုရင် နိုင်ငံရဲ့ GDP တွေလည်း ကျဆင်းလာမှာ ဖြစ်ပါတယ်။
အစ္စရေးနဲ့ အီရန် နိုင်ငံတကာ ဆက်ဆံရေးနှိုင်းယှဉ်ချက်
နှစ်နိုင်ငံရဲ့ နိုင်ငံတကာဆက်ဆံရေးကိုကြည့်မယ်ဆိုလို့ရှိရင်လည်း အစ္စရေးက လူမျိုးတုံးသတ်ဖြတ်မှုတွေ လုပ်နေတယ် ဆိုပြီး တောင်အာဖရိကနိုင်ငံက ICJ မှာ တရားစွဲတဲ့အပေါ်မှာ အမေရိကန်က ကန့်ကွက်ခဲ့ပါတယ်။ ကြည့်ရတာကတော့ အမေရိကန်နဲ့ အစ္စရေးဟာ ရှည်လျားတဲ့ မိတ်ဖက်ဆက်ဆံရေးတွေရှိပြီး ၂၀၂၀ ခုနှစ်မှာ UAE နဲ့ ဘာရိန်းစတဲ့ အာရပ်နိုင်ငံ များနဲ့လည်း (Abraham Accords) သဘောတူညီချက်တွေ ရခဲ့ပါတယ်။ ပြီးတော့ စီးပွားရေးနဲ့ နည်းပညာကြောင့် ဥရောပနဲ့ အာရှမှာ မိတ်ဖက်များတည်ဆောက်နိုင်ပြီး နိုင်ငံပေါင်း ၃၈နိုင်ငံလောက် ပါဝင်တဲ့ Organisation for Economic Co-operation and Development (OECD) ရဲ့ အဖွဲ့ဝင်နိုင်ငံတခုလည်း ဖြစ်ပါတယ်။
အီရန်ဘက်ကိုကြည့်လိုက်မယ်ဆိုရင် အီရန်ဟာ ကုလသမဂ္ဂနဲ့ အမေရိကန်တို့ရဲ့ ဒဏ်ခတ်ပိတ်ဆို့မှုတွေကိုခံခဲ့ရပြီး အစ္စ ရေးနဲ့ ဟစ်ဇ်ဘိုလာစစ်ပွဲမှာ မပါဝင်ဖို့ကိုလည်း အမေရိကန်အနေနဲ့ အကြိမ်ကြိမ်သတိပေးတာ ခံထားရပါတယ်။ အီရန် ဟာ ဒီမိုကရေစီနိုင်ငံတွေနဲ့ မဟာမိတ်ပြုလုပ်တာကို မတွေ့ရဘဲ ရုရှား၊ တရုတ်နဲ့ မြောက်ကိုရီးယားတို့နဲ့ ပိုပြီးနီးစပ် တာကို တွေ့မြင်ရပါတယ်။ အရှေ့အလယ်ပိုင်း ဒေသတွင်းမှာ အာရပ်နိုင်ငံတွေ၊ အထူးသဖြင့် ဆော်ဒီအာရေးဗျားနဲ့ UAE စတဲ့နိုင်ငံတွေနဲ့တော့ ပြဿနာတွေ အနည်းငယ်ရှိတယ်ဆိုတာ တွေ့မြင်ရပါတယ်။
ဒါတွေကို ခြုံပြီးသုံးသပ်ရမယ်ဆိုရင် အစ္စရေးဟာ နည်းပညာဆိုင်ရာတွေနဲ့ နိုင်ငံတကာအထောက်အပံ့တွေ ကောင်းတယ် ဆိုပေမယ်လို့ အီရန်ဘက်ကလည်း အရှေ့အလယ်ပိုင်းဒေသမှာ IRGC တွေနဲ့ အီရတ်၊ ဆီးရီးယားနဲ့ အခြား စစ်သွေးကြွ တွေနဲ့ အချိတ်အဆက်ကောင်းကောင်း မိနေတယ်ဆိုတာကို နားလည်ထားဖို့လိုအပ်ပါတယ်။ ဒီတော့ ဒီနေရာမှာတခုရှိ တာက ဒီစစ်ပွဲကြားထဲမှာ အမေရိကန်အနေနဲ့ ဘယ်လိုအခန်းကဏ္ဍမျိုးတွေ လုပ်လာနိုင်သလဲဆိုတာကလည်း စိတ်ဝင် စားဖို့ ကောင်းပါတယ်။
အစ္စရေးနဲ့ အီရန်တို့ကြားက အမေရိကန်အခန်းကဏ္ဍ
ထပ်ပြီးလေ့လာကြည့်မယ်ဆိုရင် အမေရိကန်ကတော့ အစ္စရေးဘက်က အမာခံတယောက်အနေနဲ့ ရှိနေပါတယ်။ သို့သော် အမေရိကန်ရဲ့ဆုံးဖြတ်တွေက ဒေသတွင်းငြိမ်းချမ်းရေး၊ အထောက်အပံ့၊ နှိမ်နင်းရေး သေကြေပျက်စီး ထိခိုက် လာတဲ့အပေါ်မှာ စဉ်းစားချက်တွေ ပြောင်းလဲလာနိုင်ပါတယ်။ အကယ်၍ အစ္စရေးက တိုက်ဖို့ဆုံးဖြတ်ရင် အမေရိကန်ရဲ့ စစ်ရေးအထောက်အပံ့ဟာ အစ္စရေးအတွက် အရေးကြီးဆုံးအချက်တစ်ခုပါ။ ဒါကြောင့် စစ်ပွဲဖြစ်လာရင် အမေရိကန်က အစ္စရေးကို လက်နက်ပစ္စည်း၊ စစ်ရေးအထောက်အပံ့၊ သတင်းအချက်အလက်နဲ့ နည်းပညာပိုင်းက ထောက်ပံ့နိုင်တယ်လို့ ပြောလို့ရပါတယ်။ အီရန်ဘက်ကိုတော့ အမေရိကန်က အပြင်းထန်ဆုံး ပိတ်ဆို့မှုတွေနဲ့ ရွေ့လျားမှုတွေကို ထိန်းချုပ်နိုင်ဖို့ ကြိုးစားလာနိုင်ပါတယ်။
စစ်ပွဲဖြစ်လာရင် အမေရိကန်က အီရန်ရဲ့ စီးပွားရေးနဲ့ စစ်ရေးအင်အားတွေကို ဆိုက်ဘာနှင့် နည်းပညာပိုင်းကနေ ပိတ်ဆို့ နိုင်ပါတယ်။ နိုင်ငံတကာ အဖွဲ့အစည်းတွေနဲ့လည်း ပူးပေါင်းပြီး ပိတ်ဆို့မှုတွေကို တိုးမြှင့်လုပ်ဆောင်လာနိုင်ပါတယ်။ နောက်တချက်က စစ်ရေးမှာ တိုက်ရိုက်ပါဝင်မှုအနေနဲ့ကတော့ အခုလည်း အရှေ့အလယ်ပိုင်းမှာ အမေရိကန်တပ်တွေ ဟာ တပ်ဖြန့်မှုတွေရှိနေတာကြောင့် တိုက်ရိုက်ဖြစ်စေ၊ အရိပ်အမြွက်ပေးလို့ဖြစ်စေ အစ္စရေးကို ကူညီနိုင်ပါတယ်။ သို့သော် စစ်ရေးပြင်းထန်လာမှုအပေါ်မှာ အမေရိကန်က တိုက်ခိုက်မှုတွေ ပြင်းထန်လာမယ်ဆိုရင် အမေရိကန်ကို မကြိုက်တဲ့နိုင်ငံတွေက နိုင်ငံတကာတွေမှာ တုန့်ပြန်မှုတွေလုပ်လာနိုင်တာကြောင့် သတိထားပြီး လုပ်ကိုင်ရမယ့် အနေ အထားမှာ ရှိနေနိုင်ပါတယ်။ ဒါကြောင့် စစ်ပွဲကို အမေရိကန်အနေနဲ့ အားပေးအားမြှောက်ပုံစံမျိုး မဖြစ်စေဖို့တော့ လိုပါ မယ်။
နိဂုံးချုပ်
နောက်ဆုံးအချုပ်ပြောရမယ်ဆိုရင် အစ္စရေးက နောက်ခံထောက်ပံ့မှု အင်အားကောင်းပေမယ့်လို့ အီရန်လို နိုင်ငံကြီးတခု ကို စစ်မျက်နှာတခုဖွင့်တိုက်မယ်ဆိုရင် နှစ်ဘက်ပြည်သူတွေက အဓိကခံရပါလိမ့်မယ်။ အီရန်ဘက်ကလည်း အလွယ်တ ကူတော့ အလျှော့ပေးမှာ မဟုတ်ပါဘူး။ အစ္စရေးဘက်က အားသာချက်တွေရှိသလို အီရန်ဘက်မှာလည်း အားသာချက် တွေရှိပါတယ်။ ဒီတော့ အစ္စရေးအနေနဲ့လည်း အီရန်ကိုတိုက်ဖို့ ဆုံးဖြတ်ရင်တောင် အလွန်ခက်ခဲမယ့် အနေအထားမှာ ရှိနေပါတယ်။
ဒီစစ်ပွဲရဲ့ တင်းမာမှုတွေက စီးပွားရေးဆိုင်ရာ အကျိုးဆက်နဲ့ နိုင်ငံတကာငြိမ်းချမ်းရေးအပေါ်မှာ ထိခိုက်မှုတွေ ဖြစ်လာ နိုင်လို့ အမေရိကန် အပါအဝင် အနောက်တိုင်း မဟာမိတ်တွေက အစ္စရေးကို စစ်ဘောင်မချဲ့ဖို့ တိုက်တွန်းရမှာဖြစ်သလို အီရန်ဘက်ကိုလည်း အစ္စရေးကို ပစ်ခတ်တာတွေမလုပ်အောင် တားဆီးရမှာဖြစ်ပါတယ်။ အစ္စရေးနဲ့ အီရန်သာ စစ်ဖြစ်ခဲ့ ရင် အဲ့ဒီနှစ်နိုင်ငံမှာပဲ အကျိုးသက်ရောက်မှာမဟုတ်ဘဲ မဟာမိတ်တွေနဲ့ အခြားအိမ်နီးချင်းနိုင်ငံတွေပေါ်မှာလည်း အကျိုးသက်ရောက်လာမှာဖြစ်ပါတယ်။ အထူးသဖြင့် တတိယကမ္ဘာစစ်ဖြစ်လာဖို့ကို တွန်းအားပေးသလို ဖြစ်သွားနိုင် တယ်ဆိုတာကို သုံးသပ်တင်ပြလိုက်ရပါတယ်။
စောမြတ်သွီး ရေးသည်။