Home သတင်း အကျဥ်းထောင်အတွင်း သန်းခေါင်စာရင်းကဲ့သို့ အချက်အလက်ကောက်ယူမှုများ လုပ်ဆောင်နေ ကြောင်း PPNM ပြော

အကျဥ်းထောင်အတွင်း သန်းခေါင်စာရင်းကဲ့သို့ အချက်အလက်ကောက်ယူမှုများ လုပ်ဆောင်နေ ကြောင်း PPNM ပြော

261
Photo: PPNM

အောက်တိုဘာလ ၁၉ ရက်၊ ၂၀၂၄ ခုနှစ်။ ကေအိုင်စီ

မြန်မာတစ်နိုင်ငံလုံးရှိ အကျဥ်းထောင်များတွင် ယခုနှစ် စက်တင်ဘာလမှ စ၍ ဖမ်းဆီးထောင်ချခံရ သော အကျဥ်းသူ၊ အကျဥ်းသားများထံမှ ကိုယ်ရေးအချက်အလက်တချို့ကို ထောင်အာဏာပိုင်များက သန်းခေါင်စာရင်းကောက်ယူသလို ကောက်ခံနေကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေး အကျဥ်းသားများကွန်ရက် (PPNM) က ထုတ်ပြန်ပြောဆိုသည်။

စစ်ကောင်စီလက်အောက်ခံ အကျဥ်းဦးစီးဌာနဝန်ထမ်းများမှတဆင့် ထောင်တွင်းအကျဥ်း ကျခံနေရသူများ၏ အဘအမည်၊ အသက်၊ မှတ်ပုံတင်နံပါတ်၊ နေရပ်လိပ်စာနှင့် အိမ်ထောင်ရှိမရှိ အစရှိသည်တို့ကို အဓိကထား၍ မေးမြန်းလျက်ရှိကြောင်းကိုလည်း အောက်တိုဘာလ(၂၈)ရက်နေ့က လူမှုကွန်ရက်စာမျက်နှာမှတဆင့် PPNM က ထုတ်ပြန်ထားခြင်း ဖြစ်သည်။

နိုင်ငံရေးအကျဥ်းသားများ၏ ကိုယ်ရေးအချက်အလက် (၃၂)ချက်ကို အကျဥ်းထောင်စဝင်ချိန်၌ ကောက်ယူပြီးစီးပြီးဖြစ်သော်လည်း ယခုလို ထပ်မံကောက်ယူမှုသည် လက်ရှိ စစ်ကောင်စီ၏ ရွေးကောက်ပွဲကျင်းပနိုင်ရန် သန်းခေါင်စာရင်းကောက်ယူမှုနှင့် ဆက်စပ်နိုင်သဖြင့် ၎င်းအပေါ် စိုးရိမ်ပူပန်နေရကြောင်း PPNM က ဆိုသည်။

PPNM ၏ ဦးဆောင်ကော်မတီဝင် ကိုသိုက်ထွန်းဦးက “အကျဥ်းဦးစီးက သူတို့ မသက်ဆိုင်တဲ့ လုပ်ငန်း တွေမှာ ပူးပေါင်းပါဝင်တယ်လို့ ကျနော်တို့ကတော့ သုံးသပ်ပါတယ်။ အမိန့်ချခံထားတဲ့ အကျဥ်းသား တွေဟာ ရွေးကောက်ပွဲမှာရော ပြည်သူ့ဆန္ဒခံယူပွဲမှာရော ပါဝင်ခွင့် မရှိပါဘူး။ ဒီလိုအခြေအနေမျိုးမှာ ထပ်ကောက်တာက စစ်ကောင်စီရဲ့ နိုင်ငံရေးအကျိုးစီးပွားအတွက် အသုံးပြုနိုင်ချေရှိတဲ့အတွက် စိုးရိမ်ရပါတယ်” ဟု ကေအိုင်စီသို့ ပြောသည်။

ထို့အပြင် အကျဥ်းထောင်အတွင်းရှိ အကျဥ်းသားများအနေဖြင့်လည်း မဲပေးပိုင်ခွင့်မရှိဘဲ စစ်ကောင်စီ ဘက်မှ မဲမသမာမှုများ ပြုလုပ်မည်ကို လည်းကောင်း၊ စစ်ကောင်စီ၏တပ်ဖွဲ့ဝင်အင်အား လိုအပ်ချက် အရ အတင်းအဓမ္မ စစ်မှုထမ်းခိုင်းခြင်းများ ဖြစ်ပေါ်လာမည်ကိုလည်းကောင်း စိုးရိမ်မှု ရှိနေကြသည်ဟု PPNM ၏ ထိုထုတ်ပြန်ချက်အရ သိရသည်။

စစ်ကောင်စီ၏ အချက်လက်မေးမြန်းသည့်ပုံစံမှာ အကျဥ်းထောင်တစ်ခုနှင့်တစ်ခု ကွဲပြားမှုရှိသလို လက်ရှိအချိန်ထိ ကောက်ယူမှုမလုပ်ဆောင်ရသေးသော အကျဥ်းထောင်အသီးသီးမှ အကျဥ်းကျခံ နေရသူများ၏ အချက်အလက်ကိုပါ ဆက်လက်ကောက်ယူသွားမည်ဟု သိရှိထားကြောင်း PPNM က အသိပေးထားသည်။

စစ်ကောင်စီသည် လာမည့် ၂၀၂၅ ခုနှစ်တွင် ရွေးကောက်ပွဲကျင်းပပြုလုပ်ခြင်းဖြင့် နိုင်ငံတကာ၏ တရားဝင်မှုရရှိရန် ကြိုးပမ်းနေခြင်းဖြစ်သလို ကနဦးခြေလှမ်းအဖြစ် တစ်နိုင်ငံလုံး သန်းခေါင်စာရင်း ကောက်ယူရေးကို အောက်တိုဘာ (၁) ရက်မှ (၁၅) ရက်အတွင်း လုပ်ဆောင်ခဲ့ပြီးဖြစ်သည်။

သို့ရာတွင် အာဏာသိမ်းမှုနောက်ဆက်တွဲ တစ်နိုင်ငံလုံးနီးပါး ပဋိပက္ခဖြစ်ပွားနေသဖြင့် စစ်တပ် ထိန်းချုပ်မှုအပြည့်အဝရရှိထားသော မြို့နယ်၊ ကျေးရွာများတွင်သာ သန်းခေါင်စာရင်းကောက်ယူမှု လုပ်ဆောင်နိိုင်ခဲ့ကြောင်း မြေပြင်သတင်းအရင်းအမြစ်များက ဆိုသည်။

နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေးအသင်း-AAPP ၏ အောက်တိုဘာလ ( ၂၃) ရက်နေ့ ထုတ်ပြန်ချက်အရ မြန်မာနိုင်ငံရှိ အကျဥ်းထောင်အသီးသီးတွင် စစ်တပ်အာဏာသိမ်းယူချိန်မှ ယခု အောက်တိုဘာလအထိ တော်လှန်ရေးအမှုနှင့်ဆက်စပ်ပြီး (၉,၄၇၄) ဦးမှာ ထောင်ဒဏ်ချမှတ် ခံထားရခြင်းဖြစ်သည်။