Home သတင်း ဘီးလင်းတွင် တောခွေးများက နွား ၁၀ ကောင်ခန့်ကို ကိုက်ဖြတ်သတ်စား

ဘီးလင်းတွင် တောခွေးများက နွား ၁၀ ကောင်ခန့်ကို ကိုက်ဖြတ်သတ်စား

766
Photo: KESAN

အောက်တိုဘာ ၂၉ ရက်၊ ၂၀၂၄ ခုနှစ်။ ကေအိုင်စီ

ကေအဲန်ယူ- ကရင်အမျိုးသားအစည်းအရုံးထိန်းချုပ်နယ်မြေ သထုံခရိုင်၊ တပ်မဟာ(၁) ဘီးလင်းမြို့နယ် ကျသောင်းဆိပ်ကျေးရွာ အုပ်စုတွင် ယခုနှစ်အတွင်း ဒေသခံတို့မွေးမြူထားသည့် နွား ၁၀ ကောင်ခန့်ကို တောခွေး များက အုပ်စုဖွဲ့ကိုက်သတ်စားမှု ဖြစ်ပွားခဲ့သည်ဟု ဒေသခံများက ပြောသည်။

အဆိုပါ တောခွေးများသည် ဘီးလင်းမြို့နယ်အတွင်းရှိ ကျသောင်းဆိပ်၊ ထော်ကလော်ထ၊ ညဖိုးခီး၊ ကွီးလေး စသည့် ကျေးရွာများတွင် အိမ်မွေးတိရစ္ဆာန်များဖြစ်သည့် နွား၊ ဆိတ်၊ ဝက်များကို မကြာခဏ ကိုက်သတ်စားခြင်း မျိုးပြုလုပ်နေသည်ဟု ဒေသခံများက ကေအိုင်စီသို့ ပြောသည်။

“ဒီအကြောင်းတွေက လူတွေအလေးမထားကြဘူး။ ခံရတဲ့လူလောက်ပဲ သိတယ်။ လူတွေစိတ်မဝင်စားတဲ့ အကြောင်းအရာဆိုတော့ တောခွေးရှိတဲ့ အကြောင်းကို ကောင်းကောင်း မသိနားမလည်ကြဘူး။ ထင်တာကတော့ တောပြုန်းလို့ တောခွေးတွေအစာငတ်လို့ နွားတွေလာစားတာ ဖြစ်မယ်။ နွားက လူမပါဘဲ တောထဲလွှတ်ထားရင် နွားတွေကို ကိုက်တယ်။ လူက နွားနောက်လိုက်ရင် သူမစားဘူး”ဟု ၎င်းက ကေအိုင်စီသို့ ပြောသည်။

ထို့အပြင် ဒေခံအချို့ကလည်း အဆိုပါ တောခွေးသည် အိမ်မွေးတိရစ္ဆာန်အပြင် လူကို အန္တရာယ်ပြန်ပြုမည်ကို စိုးရိမ်မှုရှိသော်လည်း ဒေသခံတောမုဆိုးများ၏ လေ့လာထားချက်အရ တောခွေးများသည် လူကို အန္တရာယ်ပြုခြင်း မရှိသည့်အတွက် အဆိုပါတောခွေးများကို ပစ်ခတ်သတ်ဖြတ်ခြင်း မပြုလုပ်ကြကြောင်း ဒေသခံများထံမှ သိရသည်။

ကေအဲန်ယူ သထုံခရိုင်အတွင်းရေးမှူး ပဒိုစောအေးနိုင်က “တောခွေးရှိတာ ဟုတ်တယ်။ အထူးသဖြင့် ဘီးလင်းမြို့ နယ်ထဲမှာပေါ့။ အခုက ဘယ်ရွာတွေမှာ နွားတွေ ဘယ်လောက်အထိကိုက်လဲတော့ ရွာခံတွေကို အတည်မပြုရ သေးဘူး။ တောခွေးက လူကိုတော့ မကိုက်ဘူး။ ဘာဖြစ်လဲဆိုရင် သူတို့က ရွာထဲအထိတော့ မဝင်လာဘူး။ ဒါပေ မယ့် တောစပ်မှာ နွားတို့တွေအစာစားတာတွေ့ရင် လူမရှိရင်တော့ ကိုက်ဖြတ်ပြီး စားတာတော့ရှိတယ်” ဟု ကေအိုင်စီသို့ ပြောသည်။

လက်ရှိ ၂၀၂၄ ခုနှစ်တွင် ကျသောင်းဆိပ်ကျေးရွာအုပ်စုထဲတွင် တောခွေးအကိုက်ခံရသည့်နွားအကောင်ရေ ၁၀ ကောင်ခန့် ရှိပြီးဖြစ်သလို အခြားကျေးရွာများတွင်လည်း အကိုက်ခံရခြင်းမျိုးရှိသည်ဟု ဒေသခံများက ပြောသည်။

ဒေသခံ၏ ရှေးယခင်ကတည်းက ရှိခဲ့သည့် ဓလေ့ထုံးတမ်း၊ အယူအဆ ပြောဆိုချက်အရ အဆိုပါ တောခွေးများ သည် ၃ နှစ်ဆက်တိုက် အသားစားပြီးမှ ပြန်အနားယူလေ့ရှိသည်။ တောခွေးများသည် သားကောင်များကို ၎င်းတို့၏ ကျင်ငယ်ရေနှင့် ပန်းလျှင်တောကောင်းများ မျက်စိမမြင်တော့၍ မုဆိုးများက လွယ်ကူစွာ တောကောင် များပစ်နိုင်သည့်အတွက် တောခွေးများကို လေးစားသောအားဖြင့် ဒေသခံမုဆိုးများက ပစ်ခတ် သတ်ဖြတ်ခြင်း ပြုလုပ်လေ့မရှိဟု ဒေသခံများထံမှ သိရသည်။

ကေအဲန်ယူ ကျိုက်ထိုမြို့နယ်နှင့် ဘီးလင်းမြို့နယ် စပ်ကြားတွင် သဘာဝပတ်ဝန်းကျင်နှင့် အကြီးစားစီမံကိန်း များကို ဟန့်တားရန်အတွက်ရည်ရွယ်ကာ ကေအဲန်ယူ သစ်တောဌာနက ဧက ၃,၀၀၀ ရှိ ထီးသိုးခီးဟု အမည် ပေးထားသည့် ဘေးမဲ့တောတစ်ခုကို ပြီးခဲ့သည့် ၂၀၂၃ ခုနှစ်က သတ်မှတ်အတည်ပြုထားကာ ထိုတောထဲတွင် တောခွေးအပါအဝင် တောရိုင်းတိရစ္ဆာန်မျိုးစိတ်ပေါင်း ၂၀ ကျော်ရှိကြောင်း သိရသည်။