အောက်တိုဘာ ၁၆ရက်၊ ၂၀၂၄ ခုနှစ်။ ကေအိုင်စီ
တနင်္သာရီ တိုင်းဒေသကြီးအတွင်းရှိ ကျေးရွာများအတွင်းသို့ စစ်ကောင်စီက စစ်ကြောင်းထိုးဝင်ရောက်ပြီး လက်နက်ကြီး ပစ်ခတ်ခြင်းနှင့် ဒရုန်းများဖြင့် ဗုံးကြဲတိုက်ခိုက်မှုများကြောင့် ပြီးခဲ့သည့် စက်တင်ဘာလအတွင်း ဒေသခံ အရပ်သား ၁၇ ဦး သေဆုံးခဲ့သည်ဟု သုတေသနအဖွဲ့တစ်ခုဖြစ်သည့် FE5 Tanintharyi က အောက်တို ဘာ ၁၅ ရက်နေ့တွင် ထုတ်ပြန်ပြောသည်။
စစ်ကောင်စီက တော်လှန်ရေးတပ်ဖွဲ့ဝင်များ ထိန်းချုပ်ထားသည့်နေရာအများစုကို နယ်မြေစိုးမိုးမှုပြန်လည် ရရှိ နိုင်ရေးအတွက် ပြီးခဲ့သည့် ဩဂုတ်အတွင်းမှစတင်ကာ တော်လှန်ရေးဖွဲ့ဝင်များ၏ တည်နေရာအများစုကို ဒရုန်း အသုံးပြုပြီး ကင်းထောက်ခြင်း၊ ဒရုန်းအကြီးစားများကို အသုံးပြုကာ ဗုံးချတိုက်ခိုက်မှုများ ဆက်တိုက်လုပ်ဆောင် လာနေသည်ဟု တော်လှန်ရေးတပ်ဖွဲ့ဝင်များ ဘက်က ပြောဆိုသည်။
“အခုနောက်ပိုင်းမှာ စစ်ကြောင်းထိုးတာထက် လေကြောင်းကိုပိုပြီးတော့ အသုံးပြုလာတယ်။ ရိက္ခာတွေပို့တာက အစလေကြောင်းကနေပို့တယ်။ ဒရုန်းကို အသုံးပြုပြီး ဗုံးကြဲတာတွေကိုလည်း အသုံးပြုလာတာတွေ့ရတယ်” ဟု တော်လှန်ရေးတပ်ဖွဲ့ဝင် တစ်ဦးက အောက်တိုဘာ ၁၆ ရက်နေ့တွင် ကေအိုင်စီသို့ ပြောသည်။
ပြီးခဲ့သည့် စက်တင်ဘာလအတွင်းတိုင်းအတွင်းရှိ ကျေးရွာများအတွင်းသို့ စစ်ကောင်စီက စစ်ကြောင်းထိုး ဝင်ရောက်ပြီး လက်နက်ကြီးပစ်ခတ်ခြင်းနှင့် ဒရုန်းဖြင့် စက်တင်ဘာလအတွင်း ၁၉ ကြိမ်တိတိ ဗုံးကြဲတိုက်ခိုက် မှုများလုပ်ဆောင်ခဲ့သည့်အတွက် ဒေသခံပြည်သူ ၁၇ ဦး အထိ သေဆုံးသွားသည်။
ထို့အပြင် စစ်ကောင်စီက ဒရုန်းဖြင့် တိုက်ခိုက်ရန်အတွက် တနင်္သာရီတိုင်းအတွင်း ဒရုန်းတပ်ရင်းတစ်ခုကို သီးခြား ဖွဲ့စည်းထားပြီး အမှတ် (၆၀၃) ဒရုန်းတပ်ရင်းဟု အမည်ပေးထားကာ ကမ်းရိုးတန်းတိုင်း စစ်ဌာနချုပ် ကွပ်ကဲမှု အောက်တွင် ထားရှိကြောင်း စစ်ရေးသတင်းရင်းမြစ်များထံမှ သိရသည်။
ယခုလအတွင်း တနင်္သာရီမြို့နယ်၊ ပုလောမြို့နယ်နှင့် လောင်းလုံးမြို့နယ်တို့တွင် တိုက်ပွဲပြင်းထန်ခဲ့ပြီး ရက်ရှည် တိုက်ပွဲများလည်း တောက်လျှောက်ဖြစ်ပွားခဲ့သလို အဆိုပါ တိုက်ပွဲများကြောင့် နေရပ်စွန့်ခွာ ထွက်ပြေးတိမ်း ရှောင်ခဲ့ရသူ ၅၉,၀၀၀ ခန့်အထိရှိခဲ့ကြောင်း FE5 Tanintharyiမှ ထုတ်ပြန်ပြောဆိုသည်။



















