အောက်တိုဘာ ၁၅ ရက်၊ ၂၀၂၄ ။ကေအိုင်စီ
တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့ပေါ်၌ စစ်ကောင်စီက ဦးဆောင်ကျင်းပသည့် ထားဝယ်ရိုးရာ သပိတ်မျှောပွဲ ကျင်းပမည့် နေရာအနီးတွင် ယနေ့ နံနက်အစောပိုင်းတွင် ဗုံးနှစ်လုံး ထပ်မံပေါက်ကွဲခဲ့သည်ဟု ဒေသခံများက ပြောသည်။
ဗုံးနှစ်လုံး ပေါက်ကွဲမှု ဖြစ်ပွားသည့် နေရာသည် ထားဝယ်မြို့၊ ကြက်စားပြင်ရပ်ကွက်အနီး တလိုင်း မရပ်ကွက်၊ ဆိပ်ကမ်းသာ ကမ်းနားလမ်းရှိ မြစ်ကမ်းတွင် စစ်ကောင်စီက ဦးဆောင်ပြီး သပိတ်မျှောပွဲ ကျင်းပနိုင်ရန်ပြင်ဆင်နေသည့် နေရာအနီး၌ ယနေ့နံနက် ၈ နာရီဝန်းကျင်အချိန်တွင် ဗုံးနှစ်လုံးပေါက်ကွဲခဲ့ခြင်းဖြစ်သည်။
“မနေ့က ဆီတွေသိုလှောင်ထားတဲ့ ဆီဘောမှာတစ်လုံးပေါက်တယ်။ ဒီနေ့မနက်မှာက သပိတ်မျှောပွဲရှိတဲ့ နေရာ နားမှာ နှစ်လုံးပေါက်တယ်။ ဒရုန်းနဲ့လာကြဲတာဖြစ်နိုင်တယ်။ ဘာလို့လည်းဆိုတော့ လုံခြုံရေးတွေ ချထားတာ လူလုပ်မိုင်းတော့ မဖြစ်နိုင်ဘူး။ အဲ့ဒီနေရာမှာက နှစ်တိုင်းပေါက်တယ်။ အမျိုးသမီးတစ် ယောက်လည်း ထိသွားတယ်လို့ကြားတယ်”ဟု ထားဝယ်မြို့ခံတစ်ဦးက ကေအိုင်စီသို့ မှတ်ချက်ပြု ပြောသည်။
လက်ရှိအချိန်တွင်လည်း အဆိုပါသပိတ်မျှောပွဲကျင်းပမည့်နေရာ တစ်ဝိုက်တွင် စစ်ကောင်စီ တပ်ဖွဲ့ဝင်များက လုံခြုံရေးတင်းကြပ်စွာ ပြန်လည်ချထားပြီး ဖြတ်သန်းသွားလာခွင့်ကို ယာယီပိတ် ထားလိုက်သည်ဟု ထားဝယ်မြို့နေ ဒေသခံအမျိုးသမီးတစ်ဦးက ပြောဆိုသည်။
အဆိုပါ ဖြစ်စဉ်နှင့်ဆက်စပ်၍ ထားဝယ်ခရိုင်ပြည်သူ့ကာကွယ်ရေးတပ်မတော် အမှတ်(၁) တပ်ရင်း လက်ရုံး ဒရုန်း တပ်ဖွဲ့မှလည်း Sky Ghost Drone Force(SGDF)က စစ်ကောင်စီက ဦးဆောင်ပြုလုပ်သည့် ပွဲလမ်းသဘင်တိုင်းကို ထားဝယ်သူ၊ ထားဝယ်သားများ အနေဖြင့် သွားလာခြင်းမလုပ်ကြရန် လေးလေးနက်နက် တောင်းဆိုထားပြီး လိုက်နာခြင်းမရှိပါက နောက်ဖြစ်လာမည့် ဆိုးကျိုးတွေကို SGDF ဒရုန်းရဲဘော်များ အနေဖြင့် လုံးဝတာဝန်ယူမှာ မဟုတ်ကြောင်း အောက်တိုဘာ ၁၄ ရက်နေ့တွင် ထုတ်ပြန်ထားသည်။
ထို့အပြင် ယမန်နေ့ညနေပိုင်းတွင်လည်း ကြက်စားပြင်ရပ်ကွက်အနီးတွင် ဗုံးပေါက်ကွဲမှုဖြစ်ပေါ်ကာ ဆီဘော မီးလောင်ပေါက်ကွဲခဲ့ပြီး အောင်တိုဘာ ၁၅ ရက်နေ့နံနက် (၈) နာရီဝန်းကျင် တွင်ပြန် လည်မီးငြှိမ်းသတ်နိုင်ခဲ့သည်။ သို့သော် သေဆုံးသူ ရှစ်ဦးထိရှိနေပြီး ပျောက်ဆုံးသူလေးဦးရှိနေကြောင်း ထားဝယ်ခရိုင် မီးသတ်ဦးစီးဌာနက ယနေ့ နံနက် ၁၀ နာရီခွဲကျော်ချိန်တွင် သတင်းထုတ်ပြန်ထားသည်။