Home သတင်း လောင်းလုံးတွင် စစ်ကောင်စီ ဒရုန်းဖြင့်ဗုံးကြဲ သုံးဦး ထိခိုက်ဒဏ်ရာရ

လောင်းလုံးတွင် စစ်ကောင်စီ ဒရုန်းဖြင့်ဗုံးကြဲ သုံးဦး ထိခိုက်ဒဏ်ရာရ

482
Photo-LLPDF

အောက်တိုဘာ ၁၅ ရက်၊ ၂၀၂၄ ။ ကေအိုင်စီ

တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ လောင်းလုံးမြို့နယ်အတွင်းသို့ စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီ စစ်ကြောင်းက အောက်တိုဘာ ၁၄ ရက်နေ့တွင် ဒရုန်းဖြင့် ဗုံးကြဲတိုက်ခိုက်မှုများကြောင့် ဒေသခံ ၃ ဦး ထိခိုက် ဒဏ်ရာရသွားသည်ဟု တော်လှန်ရေးတပ်ဖွဲ့ဝင်များနှင့် ဒေသခံများက ပြောဆိုသည်။

လောင်းလုံးမြို့နယ်ရှိအတွင်းရှိ ကျေးရွာများအတွင်းသို့ အင်အား ၁၀၀ ဝန်းကျင်ရှိ စစ်ကောင်စီ စစ်ကြောင်းက အောက်တိုဘာ ၁၂ ရက်နေ့တွင် စစ်ကြောင်းထိုးဝင်ရောက်လာပြီး အောက်တိုဘာ ၁၄ ရက်နေ့နံနက်ပိုင်းတွင် စပ်ပြဲ ကျေးရွာ အတွင်းသို့ ဒရုန်းဖြင့် ဗုံးကြဲတိုက်ခိုက်သည့်အတွက် ယခုလို ဒေသခံအမျိုးသား သုံးဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

“မနေ့က စစ်ကြောင်းထိုးလာတဲ့ စစ်ကြောင်းနဲ့ဒီဘက်က တိုက်ပွဲဖြစ်တယ်။ အဲ့တာပြီးတော့ ဒရုန်းနဲ့လာကြဲတာ အသက် (၆၀) ဝန်းကျင် အဖိုးတစ်ယောက်လည်း ထိသွားတယ်” ဟု ဒေသခံတစ်ဦးက ကေအိုင်စီသို့ ပြောသည်။

ထိုအပြင် စစ်ကောင်စီ စစ်ကြောင်းက ဒရုန်းဖြင့် ဗုံးကြဲတိုက်ခိုက်မှုကြောင့် အဆိုပါ ကျေးရွာရှိ ဒေသခံတစ်ဦး၏ နေအိမ်တစ်လုံး ထပ်မံမီးလောင်း ပျက်စီးခဲ့သည်ဟုလည်း ၎င်းဒေသခံက အောက်တိုဘာ ၁၅ ရက်နေ့တွင် ပြောသည်။

အဆိုပါ စစ်ကြောင်းသည် လက်ရှိအချိန်တွင် လောင်းလုံးမြို့နယ်အတွင်းရှိ ညှင်းမောကျေးရွာရှိ ဘုန်းကြီး ကျောင်းဝန်းအတွင်း၌ တပ်စွဲနေရာယူထားပြီး နှစ်ဖက်စစ်ရေးတင်းမာလျက်ရှိသည်ဟု လောင်းလုံးမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့၊ ပြန်ကြားရေးတာဝန်ခံ ရဲဘော်ကိုရှဲဒိုးက ကေအိုင်စီသို့ ပြောသည်။

၎င်းက “စစ်ကောင်စီဘက်က ဒရုန်းနဲ့ဗုံးကြဲတိုက်ခိုက်တာတွေရှိတယ်။ နှစ်ဖက်အပြန်အလှန် ပစ်ခတ်မှုတွေ အတွင်းမှာ။ နောက်ပြီးတော့ ထိခိုက်မှုတွေလည်းရှိနိုင်တယ်။ အသေးစိတ်တော့ မသိရသေးပါဘူး”ဟု ကေအိုင်စီသို့ ပြောသည်။

လောင်းလုံးမြို့နယ်အတွင်းရှိ ကျေးရွာများအတွင်းသို့ စစ်ကောင်စီစစ်ကြောင်းထိုးဝင်ရောက်လာပြီး ဒေသအခြေ စိုက်တော်လှန်ရေး တပ်ဖွဲ့ဝင်များနှင့် နှစ်ဖက်အပြန်အလှန် ပစ်ခတ်မှုများအပြင် စစ်ရေးတင်းမာနေသည့်အတွက် ညှင်းမော်၊ ညှင်းပုတ်၊ စပ်ပြဲ၊ ရေဖြူ၊ ဂေါ့အင်းကျေးရွာတွေက ဒေသခံထောင်ချီ နေရပ်စွန့်ခွာထွက်ပြေးတိမ်း ရှောင်နေရသည်ဟု ဒေသခံများထံမှ သိရသည်။

စစ်ကောင်စီ တပ်ဖွဲ့ဝင်များအနေဖြင့် ပြီးခဲ့သည့် ၂၀၂၂ ခုနှစ်၊ ဧပြီလမှစ၍ ၂၀၂၄ ခုနှစ်၊ ဩဂုတ်လအထိ တနင်္သာရီ တိုင်းဒေသကြီးအတွင်းရှိ ဒေသခံပြည်သူနေအိမ် စုစုပေါင်း ၁၂၄၄ လုံးထက်မနည်း မီးရှို့ဖျက်ဆီးခဲ့ပြီး ၎င်းတို့ ထဲတွင် စာသင်ကျောင်း၊ ဘုန်းကြီးကျောင်း၊ ကျန်းမာရေးဆေးပေးခန်းများနှင့် ဒေသခံများ ၏အသုံးဆောင် ပစ္စည်းများ မပါဝင်သေးကြောင်း FE5 Tanintharyi ၏ အစီရင်ခံစာတွင် ဖော်ပြထားသည်။