Home သတင်း တပ်မဟာ(၅)တွင် နှစ်ပတ်အတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၁ ဦးသေဆုံးပြီး ၉ ဦး ဒဏ်ရာရ

တပ်မဟာ(၅)တွင် နှစ်ပတ်အတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၁ ဦးသေဆုံးပြီး ၉ ဦး ဒဏ်ရာရ

573
Photo: Crd.

အောက်တိုဘာ ၁၉၊ ၂၀၂၄ ခုနှစ်။ ကေအိုင်စီ

ကရင်အမျိုးသားအစည်းအရုံး-ကေအဲန်ယူ၊ တပ်မဟာ(၅)ထိန်းချုပ်နယ်မြေ၊ ဖာပွန်ခရိုင်တွင် ယခုအောက်တိုဘာ ၁ ရက်မှ ၁၅ ရက်နေ့အထိ နှစ်ပတ်တာတိုက်ပွဲအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၁ဦး သေဆုံးခဲ့ပြီး ၉ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့သည်ဟု တပ်မဟာ(၅)ဘက်က သတင်းထုတ်ပြန် ပြောသည်။

ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်-KNLA၊ ပူးပေါင်းတပ်ဖွဲ့များနှင့် စစ်ကောင်စီတပ်ဖွဲ့ဝင်များ တပ်မဟာ (၅)နယ်မြေအတွင်း နှစ်ပတ်အတွင်း တိုက်ပွဲပေါင်း ၄၇ ကြိမ်ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီဘက်ကယခုလို ထိခိုက် သေဆုံးခဲ့သလို KNLA ပူးပေါင်းတပ်တို့က စစ်သုံးယာဥ်တစ်စီးနှင့် ၎င်းတို့နေထိုင်ရာ စစ်တန်းလျား အဆောက်အဦး တစ်ခုကိုလည်း ဖျက်ဆီးနိုင်ခဲ့သေးသည်ဟု ဆိုသည်။

ယခုလိုနှစ်ပတ်တာ တိုက်ပွဲအခြေအနေ ထုတ်ပြန်ချက်ပေါ် ကေအိုင်စီက တပ်မဟာ-၅ မူတြော်ခရိုင်တာဝန်ရှိသူ များထံ ဆက်သွယ်ပြီး မေးမြန်းခဲ့သော်လည်း လက်တလော အဆက်အသွယ်မရ ဖြစ်ခဲ့သည်။

ထို့အပြင် စစ်ကောင်စီက တိုက်ပွဲများအတွင်း လေကြောင်းကိုသာ အဓိကအားထားအသုံးပြုပြီး ဗုံးကြဲမှုပြုလုပ်ခဲ့ရာ စုစုပေါင်း ဗုံးအလုံးရေ ၅၁ လုံးတိတိကို ကြဲချတိုက်ခိုက်ခဲ့ပြီး ပြည်သူလူထု နေထိုင်ရာကျေးရွာများ အတွင်းသို့ လက်နက်ကြီး ၅ လုံးပစ်ခတ်ခဲ့သဖြင့် ဒေသခံ ၃ သေဆုံးကာ အခြား ၃ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သည်ဟု မူတြော် ခရိုင်ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

အလားတူ ပြီးခဲ့သည့် စက်တင်ဘာလအတွင်းက စစ်ကောင်စီနှင့် KNLA ပူးပေါင်းတပ်တို့ တိုက်ပွဲပေါင်း ၁၄၄ ကြိမ် ဖြစ်ပွားခဲ့ရာ စစ်ကောင်စီဘက်မှ တပ်ရင်းမှူး၊ တပ်ခွဲမှူးတစ်ချို့အပါအဝင် တပ်ဖွဲ့ဝင် ၇၀ ကျော်သေဆုံးခဲ့ပြီး ၄၁ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သည်ဟု တပ်မဟာ (၅) ဘက်က ထုတ်ပြန်ထားသည်။

စစ်တပ် အာဏာသိမ်းပြီးနောက်ပိုင်း တပ်မဟာ(၅)နယ်မြေတွင် KNLA ပူးပေါင်းတပ်များက မိမိတို့နယ်မြေအတွင်း စစ်တပ်ခြေကုပ်ယူထားသည့် စခန်းများကို ပြန်လည်သိမ်းယူနိုင်ရေး တိုက်ခိုက်သည့်အတွက် တိုက်ပွဲပေါင်းများစွာ ဖြစ်ပွားခဲ့သလို လက်ရှိအချိန် ထိတိုက်ပွဲများ ဆက်လက်ဖြစ်ပွားနေဆဲဖြစ်သည်ဟု စစ်ရေးနှင့် ဒေသတွင်း သတင်း အရင်းအမြစ်များထံမှ သိရသည်။

ထို့အပြင် စစ်တပ်က စစ်ရေးပစ်မှတ်များမဟုတ်သည့် အရပ်သားများနေထိုင်ရာ နေရာများကို ပစ်ခတ်တိုက်ခိုက် သည့်အတွက် ဒေသခံများ ထိခိုက်မှုများ ရှိသလို ပညာသင်ကြားရေးတွင်လည်း အခက်အခဲများဖြစ်ပေါ်ကာ အခြား နေရာများသို့ သွားရောက်ပညာသင်ယူနေရသည်ဟု ဒေသခံများထံမှ သိရသည်။