“ဒီဒေသ(လေးကေကော်)မှာတော့ အခုဆိုရင် စစ်တပ်ကင်းစင်ပြီးလို့ ပြောလို့ရတယ်…” ကော်ဘရာစစ်ကြောင်း(၁)စစ်ကြောင်းမှူး ဗိုလ်စောကော်
ကော်ဘရာစစ်ကြောင်း(၁)စစ်ကြောင်းမှူး ဗိုလ်စောကော်နှင့် တွေ့ဆုံမေးမြန်းခြင်း
အောက်တိုဘာလ ၂၃ ရက်၊ ၂၀၂၄ ခုနှစ်။ ကေအိုင်စီ
ပြီးခဲ့သည့် အောက်တိုဘာ ၁၇ ရက်နေ့တွင် လေးကေကော်အနီးရှိ စစ်ကောင်စီ၏ စွယ်တော်ကုန်းကို ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံးနှင့် တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့တို့ တက်ရောက်တိုက်ခိုက်သိမ်းပိုက်ခဲ့သည်။ ထိုစခန်းသည် စစ်ရေးအရ မည်မျှအရေးပါပြီး တိုက်ခိုက်သိမ်းယူခဲ့မှုအခြေနေများအပေါ် ကော်ဘရာစစ်ကြောင်း (၁) စစ်ကြောင်းမှူး ဗိုလ်စောကော်ကို ကေအိုင်စီက သွားရောက်တွေ့ဆုံမေးမြန်းထားသည်များကို ပြန်လည် ဖော်ပြလိုက်ပါသည်။
မေး။ ။ စွယ်တော်ကုန်းစခန်းက ဒီနယ်စပ်မှာရှိတဲ့တပ်စခန်းထဲက စစ်ကောင်စီအတွက် အရေးကြီးစခန်းတစ်ခု ဆိုရင်လည်း ပြောလို့ရတယ်။ ဒီစခန်းကို တိုက်ခိုက်သိမ်းပိုက်နိုင်ဖို့ ဘယ်လောက်အထိ ကြိုးစားလုပ်ဆောင်ရပါ သလဲ။
ဖြေ။ ။ ဒီစွယ်တော်ကုန်းကို တက်ရောက်တိုက်ခိုက် သိမ်းပိုက်နိုင်ဖို့က ကျနော်တို့ ကြိုတင်ပြင်ဆင်ထားတာတွေ အများကြီးလုပ်ရတယ်။ ဘာလို့လဲဆိုတော့ ဒီစွယ်တော်ကုန်းစခန်းက တော်တော်လေးကို နေရာအချက်အချာကျတဲ့စခန်း တစ်ခုလို့ ပြောလို့ရတယ်။ ပြီးတော့ ဗျူဟာစခန်းလည်း ဖြစ်တယ်ဆိုတော့။ ဒီစခန်းတက်နိုင်ပြီးတဲ့ နောက်ပိုင်းမှာ စစ်ကောင်စီ ဘက်က ထွေထွေထူးထူး လုပ်လာတာ မရှိသေးဘူး။ ဒါပေမယ့် လေယာဉ်နဲ့ နှစ်ကြိမ်သုံးကြိမ်လောက်တော့ လာပြီးပစ်တာတွေတော့ရှိပါတယ်။ အခုတော့ ဒီနယ်မြေက အေးအေးဆေးဆေးတော့ဖြစ်သွားပြီးတော့ ဒီမှာရှိတဲ့ ပြည်သူတွေကလည်း နေရပ်ပြန်လာပြီးတော့ ပြောင်းဖူးပြန်လာချိုးတာတွေ၊ စီးပွားရေးတွေ လွတ်လွတ်လပ်လပ် ပြန်လာလုပ်လို့ ရသွားပါပြီး။
မေး။ ။ ဒီတပ်စခန်း တက်ပြီးတဲ့နောက်ပိုင်းမှာ ပြည်သူလူထုတွေက ဒီကရဲဘော်တွေကို ဂုဏ်ပြုတာတွေ ရှိတာ တွေ့နေရတယ်ပေါ့နော်။ အဲဒီအပေါ်လည်းပြောပြပေးပါအုံး။
ဖြေ။ ။ ကျနော်တို့လဲ အဲလိုတွေ့ရတော့ တော်တော်လေးကို ဝမ်းသာပီတိဖြစ်ရတယ်။ ဘာဖြစ်လို့လဲဆိုတော့ ပြည်သူလူထုတွေက ကျနော်တို့ တော်လှန်ရေးတပ်ဖွဲ့တွေကို ချစ်တာတွေ့ရတော့ အရမ်းဝမ်းသာရတယ်။ ဒီလို မျိုးက ကျနော်တို့တစ်ခါမှကိုမကြုံဖူးဘူး။ ဒါပေမယ့် ၂၀၀၇ခုနှစ်တုန်းကတော့ ကရင်နှစ်သစ်ကူးမှာ ဒီလို သပြေပန်းတွေနဲ့ ဂုဏ်ပြုတာတော့ တစ်ခါကြုံဖူးတယ်။
အခုကတော့ စစ်ကောင်စီတပ်စခန်းကို တက်ရောက်တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့လို့ ပြည်သူလူထုတွေ ကလည်း အရမ်းဝမ်းသာနေကြတယ်။ အဲဒါကြောင့် ကျနော်တို့ကိုသူတို့က ဂုဏ်ပြုတာ။ ဒီလိုဂုဏ်ပြုတာတွေ့တော့ ကျနော်တို့လဲ နောက်ထပ် ဆက်သွားဖို့အတွက် အားအင်တွေ ရသွားတယ်။ လုပ်မယ့်အားတစ်ခုဖြစ်သွားတာပေါ့။
မေး။ ။ အခုဒီလေးကေကော်မှာ စစ်ကောင်စီတပ်ကင်းစင်တဲ့နယ်မြေဖြစ်သွားပြီးလို့ ပြောနိုင်ပြီးလား အခြေအနေ ပြောပြပေးပါအုံး။
ဖြေ။ ။ ဒီဒေသမှာတော့ အခုဆိုရင် စစ်တပ်ကင်းစင်ပြီးလို့ပြောလို့ရတယ်။ ဘာဖြစ်လဲဆိုတော့ စွယ်တော်ကုန်း အပါအဝင် လက်ခတ်တောင်တို့ အခြားကုန်းစခန်းကုန်းတို့လည်းကုန်ပြီးဆိုတော့ ရှင်းသွားပြီးလို့ပြောလို့ရတယ်။ စစ်ကောင်စီတပ်စခန်းရှိရင် ကျေးရွာထဲမှာ အများအားဖြင့် လက်နက်ကြီးနဲ့ပစ်တယ်။ သူတို့ကိုသွားလုပ်ပြီးဆိုရင် ကျေးရွာထဲမှာ လက်နက်ကြီးပြန်ပစ်တယ်။ အဲလိုတွေတော့ပြည်သူလူထုကို ပြန်လုပ်တာတွေရှိတယ်။
မေး။ ။ ဒီစွယ်တော်ကုန်း စစ်ကောင်စီတပ်စခန်းဟာ ဒေသခံလူထုတွေအပေါ် ဘယ်လိုကျူး လွန်မှုလုပ်ဆောင်ခဲ့တာရှိသလဲ အခြေအနေပြောပြပေးပါအုံး။
ဖြေ။ ။ ဒီစခန်းက ဘယ်လောက်အထိဆိုးလဲဆိုရင် ကျနော်တို့မပြောလည်း ဒီမှာရှိတဲ့ရွာခံတွေက အသိဆုံးပါပဲ။ ဘာဖြစ်လဲဆိုရင် ကလေးတွေကျောင်းတက်တာ သိသိကြီးနဲ့ကို စာသင်ကျောင်းကို လက်နက်ကြီးနဲ့ ပစ်တာတွေ လုပ်တယ်။ တော်သေးလို့ကလေးတွေက အဲဒီကျောင်းကနေထွက်သွားတာမြန်လို့ မထိတာ၊ ထွက်သွားတာမမြန် ရင် ကလေး ၃၀ နဲ့ ၄၀ လောက် ကထိလောက်တယ်။ အဲဒါကိုတော်တော်ရက်စက်တယ်လို့တော့ ပြောလို့ရတယ်။
မေး။ ။ အခုလေးကေကော်နယ်မြေမှာ စစ်ကောင်စီတွေ ရှင်းသွားပြီးဆိုတော့ ဒေသခံပြည်သူလူထုတွေကို ဘာပြော ချင်တာတွေရှိပါသလဲ။
ဖြေ။ ။ အခုက စစ်ကောင်စီမရှိတော့ဘူးဆိုတော့ကျနော်ထင်တာတော့ အေးအေးဆေးဆေးပြန်လာနေလို့ ရ လောက်ပြီး။ ပြန်လာနေရင်တော့ အုပ်ချုပ်ရေးအပိုင်းဘက်က တာဝန်ယူလုပ်ဆောင်ရမယ့် အပိုင်းဖြစ်သွားမှာ ပေါ့နော် ကျနော်အထင်တော့။ နောက်ပြီး ပြည်သူလူထုတွေကို ကျေးဇူးတင်ကြောင်းပြောချင်တယ်။
ဘာလို့လဲဆိုရင် ပြည်သူလုထုတွေကလည်း ကျနော်တို့ကို အနောက်ဘက်က ကူညီဆောင်ရွက် ပေးတာ တွေရှိတယ်။ အဲလိုကူညီဆောင်ရွက်တာတွေရှိတော့ ကျနော်တို့ အရှေ့ဘက်သွားတဲ့အခါမှာလည်း ချောချောမွေ့မွေ့သွားနိုင်ခဲ့တယ်။ အဲလိုပူးပေါင်း လုပ်ဆောင်မှုတွေ လုပ်ဆောင်တဲ့အတွက် ပြည်သူလူထု တွေကိုတော့ ကျေးဇူးတင်ကြောင်းကို နောက်ဆုံးအနေနဲ့ ပြောချင်ပါတယ်။