Home သတင်း ဝင်းဒရယ်ရွာသားများ လက်မခံသော်လည်း စခန်းတည်ဆောက်မည်ဟု DKBA ဗိုလ်ဘိပြော

ဝင်းဒရယ်ရွာသားများ လက်မခံသော်လည်း စခန်းတည်ဆောက်မည်ဟု DKBA ဗိုလ်ဘိပြော

1180
Photo: Social Media

စက်တင်ဘာ ၂၆ ရက်၊ ၂၀၂၄ ခုနှစ်။ ကေအိုင်စီ

ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး၊ သထုံခရိုင်/တပ်မဟာ(၁)နယ်မြေ၊ ဖားအံမြို့နယ် ဝင်းဒရယ်ကျေးရွာ စာသင်ကျောင်းရှေ့၌ ရွာသားများလက်မခံသော်လည်း အခြေချတပ်စခန်း ဆက်ဆောက်သွားမည်ဟု DKBA မှ ခွဲထွက်ထားသူ ဗိုလ်ဘိက စက်တင်ဘာ ၂၄ ရက်တွင် ဒေသခံတို့ကို ခေါ်ယူတွေ့ဆုံ ပြောဆိုခဲ့သည်။

အဆိုပါ ဝင်းဒရယ်စာသင်ကျောင်းရှေ့၌ စက်တင်ဘာ ၁၉ ရက်နေ့မှစ၍ ဒီမိုကရေစီအကျိုးပြု ကရင့်တပ်မတော်- DKBA မှ ခွဲထွက်ပြီး ယခင်တိုးတက်သော ဗုဒ္ဓဘာသာ ကရင်အမျိုးသားတပ်မတော်အဖြစ် ရပ်တည်နေသည့် ဗိုလ်ဘိအဖွဲ့ဝင်များ ရောက်ရှိလာပြီး ဒေသခံများက စာသင်ကျောင်းရှေ့တွင် ယခုလို အခြေချတပ်စခန်းချခြင်း မသင့်တော်သည့်အတွက် မလိုလားသော်လည်း ဗိုလ်ဘိက လက်မခံကြောင်း ဒေသခံများဘက်က ပြောဆိုသည်။

အစည်းအဝေးတက်ရောက်သည့် ဒေသခံတစ်ဦးက “ဗိုလ်ဘိကိုယ်တိုင်က ဒီမှာစခန်းလာချတာ ဒေသခံတွေ လက်မခံလည်းနေမှာပဲလို့ ခေါ်ပြောတယ်။ ပြီးတော့ သူတို့စခန်းက အရှေ့အနောက်အကျယ်အဝန်း ဘယ်လောက် အထိယူမလဲ အဲလိုတွေလာရှင်းပြတယ်။ သူပြောတာက စစ်ကောင်စီတပ်တွေ စခန်းလာချရင် လာလို့မရအောင် ကျေးရွာထဲကို လက်နက်ကြီးမပစ်အောင် သူတို့လာနေတာဖြစ်တယ်လို့ ပြောတယ်” ဟု ကေအိုင်စီသို့ ပြောသည်။

တွေ့ဆုံပွဲသို့ ဝင်းဒရယ် ကျေးရွာအုပ်စုအတွင်းရှိ အခြားကျေးရွာ ၄ ရွာခန့်မနည်း တက်ရောက်ခဲ့ပြီး ဗိုလ်ဘိအပါ အဝင် တိုယိုတာ VIGO အမျိုးအစား ဟိုင်းလတ်ယာဉ် ၄ စီးခန့်ဖြင့် တပ်ဖွဲ့ဝင်များ အင်အားပြတက်ရောက်ခဲ့သည်ဟု ဒေသတွင်း သတင်းရင်းမြစ်များက ပြောသည်။

ကျေးရွာ စာသင်ကျောင်းရှေ့၌ ယခုလိုတပ်စခန်း လာရောက်တည်ဆောက်သည့်အတွက် ကျောင်းမတက်ရဲသည့် ကျောင်းသူ၊ ကျောင်းသားများနှင့် ဆရာ၊ ဆရာမများအနေဖြင့်ကျောင်းပြန်လည်တက်ရန် ဗိုလ်ဘိဘက်က ပြောဆို သော်လည်း ကျောင်းပြန်တက်သည့် ကလေးများ နည်းသေးသည်ဟု ဒေသခံထံမှ သိရသည်။

“ကျေးရွာအတွင်း စာသင်ကျောင်းအနီးမှာ ဒီလိုတပ်စခန်းလာဆောက်တာတော့ မလိုချင်ဘူးပေါ့။ ဒါပေမယ့် သူတို့ က ကျနော်တို့ဒေသခံမလိုလားလည်း ဆောက်စရာရှိရင်တော့ ဆောက်ရမှာပဲ၊ အဲ့လိုဖြစ်တော့ လက်မခံလည်း ဘာမှ လုပ်လို့မှမရဘူး။ ပြီးတော့ ကျောင်းသားတွေကို ကျောင်းပြန်တက်ခိုင်းတယ်။ ကျနော်တို့ ကြောက်တာက လူမဟုတ်ဘူး အဲဒီ့သေနတ်တွေပဲ ဖြစ်တယ်” ဟု ကေအိုင်စီသို့ ပြောသည်။

ညှိနှိုင်းဆွေးနွေးမှုမရှိဘဲ DKBAမှ ခွဲထွက်ထားသည့် ဗိုလ်ဘိတပ်ဖွဲ့က ယခုလို စခန်းဝင်း တည်ဆောက်ခြင်းသည် ပဋိပက္ခဖြစ်ရန် ဖန်တီးခြင်းဖြစ်သည့်အတွက် KNU အနေဖြင့် လက်ခံပေး၍မရကြောင်း ခရိုင်အတွင်းရေးမှူး ပဒိုစောအေးနိုင်က ပြောဆိုသည်။

“ဒေသခံနဲ့သွားတွေ့တော့ ဒေသခံတွေက လက်မခံနိုင်ဘူးပေါ့။ ဒါပေမယ့် သူတို့ဘယ်လို ပြန်ပြောလဲဆိုရင် သူများ လက်မခံချင်တဲ့နေရာဆိုရင် သူတို့ကနေချင်တာ ပြီးတော့ ပဋိပက္ခဖြစ်ပြီး သူများလာပစ်ရင်သူတို့ ပြန်ပစ်မယ်ပေါ့ အဲလိုပြောတယ်။ သူအဲလိုပြောတာက ကျနော်တို့မြင်တာက အကြမ်းဖက်မှု နည်းလမ်းကို သူတို့လိုချင်တာပဲ ဖြစ်မယ်” ဟု ၎င်းက ကေအိုင်စီသို့ ပြောသည်။

လက်ရှိအချိန်တွင် အုတ်နှင့်စခန်းအခိုင်အမာ တည်ဆောက်ရန်အတွက် ရပ်ဝေးမှ ကရင်စကားမပြောတတ်သည့် အလုပ်သမားများကို ခေါ်ယူကာ စတင်ဆောက်လုပ်နေပြီးဖြစ်သလို ကျေးရွာထဲတွင်လည်း တပ်စွဲနေထိုင်သည့် ခွဲထွက်-DKBA အင်အား ၃၀ ခန့်ရှိကြောင်း ဒေသခံထံမှ သိရသည်။

လာရောက်တပ်စွဲနေထိုင်သည့် အဆိုပါခွဲထွက် (DKBA) အဖွဲ့ဝင်များသည် စစ်ကောင်စီထံ လက်နက်ပြန်အပ်သည့် ဒေသအတွင်း ပြည်သူ့စစ်အဖွဲ့ဝင်များပါဝင်သလိုဦးဆောင်သူသည် ပြည်သူ့စစ်မှထွက်၍ DKBA ခွဲထွက်တပ်သို့ ပြန်ပူးပေါင်းလာသည့် စောချစ်သန်း ဆိုသူဖြစ်သည်ဟု သိရသည်။ ဗိုလ်ဘိအဖွဲ့သည် စစ်ကောင်စီနှင့် ပူးပေါင်းလုပ် ဆောင်မှုများရှိသည်ဟု စစ်ရေးသတင်းရင်းမြစ်များက ပြောဆိုထားသည်။

ဗိုလ်ဘိ DKBA အဖွဲ့ ဝင်းဒရယ်စာသင်ကျောင်းရှေ့ ဝင်ရောက်တပ်စွဲနေထိုင်မှုအခြေအနေနှင့်ပတ်သက်၍ သက်ဆိုင်ရာ ၎င်းတို့တာဝန်ရှိသူများ၏ တုန့်ပြန်မှုကိုရရှိရန် ကေအိုင်စီက ကြိုးစားဆက်သွယ်နေဆဲဖြစ်သည်။