Home သတင်း ခလယ်လွီထူးခရိုင်တွင် စစ်ရေးလှုပ်ရှားမှုတိုးလာ လက်နက်ကြီးကြောင့် ကိုရင်၂ ပါး၊ အရပ်သား ၂ ဦး ဒဏ်ရာရ

ခလယ်လွီထူးခရိုင်တွင် စစ်ရေးလှုပ်ရှားမှုတိုးလာ လက်နက်ကြီးကြောင့် ကိုရင်၂ ပါး၊ အရပ်သား ၂ ဦး ဒဏ်ရာရ

632
Photo: KNU

စက်တင်ဘာ ၂၇၊ ၂၀၂၄ ခုနှစ်။ ကေအိုင်စီ

ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး၊ ခလယ်လွီထူး(ညောင်လေးပင်)ခရိုင်၊ တပ်မဟာ(၃)နယ်မြေ အတွင်း စစ်ကောင်စီက စစ်ရေးလှုပ်ရှားမှုတိုးလုပ်လာပြီး လက်နက်ကြီးပစ်ခတ်ခြင်းကြောင့် ကိုရင်၂ ပါး အပါအဝင် ၄ ဦး ထိခိုက်ဒဏ်ရာ ရရှိသွားသည်ဟု အဆိုပါခရိုင်က ထုတ်ပြန်ပြောသည်။

ဖြစ်စဉ်များမှာ လယ်ဒိုမြို့နယ်တွင် ၂၀၂၄ ခုနှစ် စက်တင်ဘာ ၁၉ ရက်၊ ညနေ ၃ ဝန်းကျင်အချိန်တွင် စစ်ကောင်စီ ခြေလျင်တပ်ရင်း (ခလရ−၂၆၄) က ၁၂၂ မမ ဟောင်ဝစ်ဇာ လက်နက်ကြီးတစ်လုံးပစ်ခတ်ခဲ့ရာ ယောက်သွားကုန်း ကျေးရွာအတွင်းသို့ ကျရောက်ပေါက်ကွဲခဲ့ပြီး ကိုရင်လေး ၂ ပါးထိခိုက်ဒဏ်ရာ ရရှိသွားခဲ့သည်။

အလားတူ မူးမြို့နယ်တွင် စက်တင်ဘာ ၂၅ ရက်၊ နံနက် ၉ ဝန်းကျင် အချိန်ခန့်တွင် စစ်ကောင်စီခြေမြန်တပ်ရင်း (ခမရ−၅၉၉) က ၈၁ မမ လက်နက်ကြီး ၇ လုံး ပစ်ခတ်မှုကြောင့် စဝင်းကျေးရွာအတွင်း ကျရောက်ပေါက်ကွဲခဲ့ပြီး ဦးဝင်းလှိုင် ၆၃ နှစ်နှင့် မောင်အောင်ပြည့်ဖြိုး ၁၈ နှစ်တို့ ထိခိုက် ဒဏ်ရာရရှိသွားသည်။

Photo: KNU

တပ်မဟာ (၃) ခရိုင်ပြောရေးဆိုခွင့်ရှိသူ ပဒိုဟဲဂေးက “အခုနောက်ပိုင်း စစ်ကောင်စီက လက်နက်ကြီးအပြင်ကို ဒရူန်းတွေကို ပိုပြီးတော့အသုံးပြုလာတာ တွေ့ရတယ်။ ပြီးတော့ တပ်မဟာ-၃ နယ်မြေအတွင်းမှာ သူတို့ရဲ့စစ်ရေး လှုပ်ရှားမှုတွေကို ပိုပြီးလုပ်ဆောင်လာတာ တွေ့ရတယ်”ဟု စက်တင်ဘာ ၂၇ ရက်၊ ယနေ့တွင် ကေအိုင်စီသို့ ပြောသည်။

ထို့အပြင် စစ်ကောင်စီတပ်ဖွဲ့ဝင်များအနေဖြင့် မြို့နယ်အတွင်း စစ်ဆေးရေးဂိတ်များကို ယခင်ကထက်ပို၍ တိုးချဲ့ ထားရှိသလို ကျေးရွာအတွင်းရှိ စာသင်ကျောင်းများနှင့် ဘာသာရေးအဆောက်အအုံးများကို စစ်ရေးပစ်မှတ် အဖြစ် အဓိကထား တိုက်ခိုက်မှုများ လုပ်ဆောင်လျက်ရှိသည်ဟု ၎င်းက ဆက်ပြောသည်။

ပြီးခဲ့သည့် စက်တင်ဘာ ၂၅ ရက်နေ့တွင်လည်း စစ်ကောင်စီ၏ လက်နက်ကြီး ပစ်ခတ်မှုကြောင့် တပ်မဟာ (၃) နယ်မြေအတွင်းရှိ ကျေးရွာများတွင် နေအိမ် ၂ လုံး လက်နက်ကြီးထိမှန်၍ ပျက်စီးသွားသည်ဟု ကေအဲန်ယူဗဟိုက ယမန်နေ့တွင် ထုတ်ပြန်ထားသည်။