Home သတင်း ကျုံပျော်မြို့နယ်ရှိ ကျေးရွာများတွင် စစ်တပ်က ဂိတ်များဆောက်လုပ်ပြီး ဒေသခံများအား ညဘက်လုံခြုံရေးယူခိုင်း

ကျုံပျော်မြို့နယ်ရှိ ကျေးရွာများတွင် စစ်တပ်က ဂိတ်များဆောက်လုပ်ပြီး ဒေသခံများအား ညဘက်လုံခြုံရေးယူခိုင်း

1142
Photo: CJ

စက်တင်ဘာ ၂၅ ရက်၊ ၂၀၂၄ ခုနှစ်။ ကေအိုင်စီ

ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်မြို့နယ်ရှိ ကျေးရွာများတွင် စစ်ကောင်စီ၏ ပြည်သူ့လုံခြုံရေးစနစ်အရ ပြီးခဲ့သည့် ဩဂုတ်လပိုင်းမှစတင်ကာ ရွာခံများသာပါဝင်သည့်လုံခြုံရေးအဖွဲ့များ ဖွဲ့စည်းပြီး ဂိတ်တဲများဆောက်လုပ်၍ ညဘက်လုံခြုံရေး ယူခိုင်းထားကြောင်း ဒေသခံများထံမှ သိရသည်။

ကျုံပျော်မြို့နယ်၊ ရှမ်းစု-ချောင်းစောက်-လှည်းဆိပ်-မိုးကြိုးပစ် အစရှိသည့်ကျေးရွာများမှ ကျုံပျော်မြို့အထိ ရွာထိပ်၊ ရွာချင်းဆက်လမ်းပိုင်းနှင့် ရွာအလယ်နေရာများတွင် စစ်တပ်က ဂိတ်ကင်းတဲများ ဆောက်လုပ်ပြီး တစ်ရွာ လျှင်အမျိုးသား(၅)ဦး တစ်အုပ်စုဖြင့် ညစဥ်အလှည့်ကျ မဖြစ်မနေ ကင်းစောင့်ရသည်ဟု လှည်းဆိပ်ရွာခံ အမျိုးသမီးတစ်ဦးက ပြောသည်။

“တစ်ရွာမှာကင်းတဲက ရွာထိပ်မှာတစ်ခု ရွာကြားမှာတစ်ခု။ ကျမတို့ရွာမှာဆို ရွာအလယ်မှာနဲ့ အုပ်ချုပ် ရေးမှူးအိမ်ဘေးနားမှာ တစ်ခုအဲ့လိုထားထားတယ်။ တစ်ခါစောင့်ရင် ၅ ယောက်တစ်အုပ်စု။ အလှည့်ကျစီပေါ့။ ညတိုင်းလိုလိုပဲ နေ့ဘက်ဆိုရင်တော့ လူမရှိဘူး။ မစောင့်ချင်ရင်တော့ ပိုက်ဆံပေးရမှာ။ ကိုယ့်ဆန္ဒနဲ့ကိုယ်ဆိုရင်တော့ ဘယ်သူမှမစောင့်ပါဘူး။” ဟု ၎င်းအမျိုးသမီးက ပြောသည်။

ဩဂုတ်လ (၁၆)ရက်နေ့မှစတင်ကာ စစ်ကောင်စီက နိုင်ငံတစ်ဝှမ်းရှိ မြို့နယ်၊ ကျေးရွာများ၏ လုံခြုံရေး အကြောင်းပြချက်ဖြင့် ပြည်သူ့လုံခြုံရေးနှင့်အကြမ်းဖက်နှိမ်နင်းရေး ဗဟိုကြီးကြပ်ကွပ်ကဲရေးအဖွဲ့ကို ဖွဲ့စည်းခဲ့ပြီး တိုင်းဒေသကြီးမှကျေးရွာအဆင့်ဆင့်ထိ လုံခြုံရေးအဖွဲ့များ ဖွဲ့စည်းလုပ်ဆောင်လာခြင်းဖြစ်သည်။

ကျုံပျော်မြို့နယ်အတွင်း ရပ်ရွာကင်းစောင့်တာဝန်ယူထားရသည့်ဒေသခံအမျိုးသားတစ်ဦးက “ကင်းစောင့်ကလည်း ဘာကိုရည်ရွယ်ပြီးစောင့်ခိုင်းမှန်းမသိဘူး၊ စောင့်ခိုင်းလို့သာ စောင့်နေရတာ။” ဟု ဆိုသည်။

ထို့အပြင် စစ်ကောင်စီက တာဝန်လစ်ဟင်းသည်ကို စစ်ဆေးတွေ့ရှိသည်နှင့် တာဝန်ပျက်ကွက်သူအား ဒဏ်ငွေ ဆောင်ခိုင်းခြင်းမျိုးရှိသလို ဆိုင်ကယ်ကိုသာ အဓိကအားထားအသုံးပြုနေသော ဒေသအတွင်း ကျုံပျော်မြို့ ပေါ်မှ ကျေးရွာများအထိပါ လိုက်လံစစ်ဆေးဖမ်းဆီးနေသောကြောင့် ရွာခံများ အသွားအလာမလုပ်ရဲတော့သည်အထိ ဖြစ်ရကြောင်းလည်း ကိုယ်တွေ့ကြုံရသူနယ်ခံများ၏ ပြောပြချက်အရ သိရသည်။

စစ်ကောင်စီက လက်ရှိအချိန်ထိ ကျုံပျော်မြို့နယ်အတွင်း စစ်မှုထမ်းသင်တန်းခေါ်ယူရေးကိုလည်း ဆက်လက်ဆောင်ရွက်နေဆဲဖြစ်ပြီး စစ်သင်တန်းတက်သူများအတွက်ကိုမူ တစ်အိမ်ထောင်လျှင် သတ်မှတ်ထားသည့်ထောက်ပံ့စရိတ်နှင့်အညီ ရွာခံများမှ စားဝတ်နေရေးအခက်အခဲကြား မပေးမနေ ထောက်ပံ့ပေးနေရသည်ဟု ဆိုသည်။

အလားတူ ဧရာဝတီတိုင်းဒေသကြီး၊ ပန်းတနော်မြို့နယ်တွင်လည်း ကျေးရွာအုပ်ချုပ်ရေးမှူးများဦး ဆောင်၍ သက်ဆိုင်ရာကျေးရွာအလိုက် နာမည်စာရင်းကောက်ခံခြင်းနှင့် ဂိတ်တဲများဆောက်လုပ်ခြင်းကို စစ်တပ်၏ ပြည်သူ့လုံခြုံရေးစနစ် ထုတ်ပြန်ကြေညာလာပြီးနောက် စက်တင်ဘာလဆန်းပိုင်းမှစတင်ကာ လုပ်ဆောင်လျက်ရှိသည်။