Home သတင်း သောက်သုံးရေ မသန့်ရှင်းမှုကြောင့် ကရင်နီ စစ်ရှောင်းများ အရေပြားရောဂါဖြစ်နေ

သောက်သုံးရေ မသန့်ရှင်းမှုကြောင့် ကရင်နီ စစ်ရှောင်းများ အရေပြားရောဂါဖြစ်နေ

523
Photo: CJ

စက်တင်ဘာ ၂၅ရက်၊ ၂၀၂၄ ခုနှစ်။ ကေအိုင်စီ

ကရင်နီ(ကယား)ပြည်နယ်၊ ဒီးမော့ဆိုမြို့နယ်၊ အနောက်ဘက်ခြမ်းရှိ စစ်ဘေးရှောင် စခန်းများ၌ ရေကြီးမှု ဖြစ်ပွားပြီးနောက် သောက်သုံးရေ မသန့်ရှင်းမှုကြောင့် စစ်ရှောင်များ အရေပြားရောဂါ ဖြစ်ပွားနေသည်ဟု သိရသည်။

ရာဂီမုန်တိုင်းအရှိန်ကြောင့် ဒီးမော့ဆို အနောက်ဘက်ခြမ်းတွင် ယခုလို ရေကြီးရေလျှံမှုများ ဖြစ်ပွားခဲ့ပြီး နောက် ပိုင်း မသန့်ရှင်းသည့် သောက်သုံးရေများ အသုံးပြုရသည့်အတွက် စစ်ဘေးရှောင်များ ခန္ဓာကိုယ်ပေါ်၌ ယားယံ အနာများ ပိုမိုဖြစ်ပေါ်လာသည်ဟု စစ်ဘေးရှောင်ကူညီနေသူတစ်ဦးက စက်တင်ဘာ ၂၅ ရက်တွင် ပြောသည်။

“လက်ရှိပေါ့နော်၊ ဝေငှထားတဲ့ ရေသန့်တွေကုန်ရင် နီးစပ်ရာ တွင်းရေ၊ ကန်ရေကနေပဲ ခပ်ပြီးအသုံးပြုနေကြရမှာ ဖြစ်တယ်။ ပြီးတော့ ရေမသန့်လို့ ယားနာဖြစ်နေတာတွေတော့ လက်ရှိမှာ စစ်ဘေးရှောင်တွေအများစု ကြုံတွေ့ နေရတယ် ကလေးတွေရော လူကြီးတွေရော”ဟု ၎င်းက ကေအိုင်စီသို့ ပြောသည်။

ထို့အပြင် စစ်ဘေးရှောင်စခန်းများတွင် ရေကြီးချိန်နှင့်ရေကြီးပြီးနောက်ပိုင်း မြေပြင်အဖွဲ့အစည်းများ၏ အထောက် အပံ့ပစ္စည်းများကို ဒေသခံများနှင့် စစ်ဘေးရှောင်စခန်းတွင်းနေထိုင်သူများရရှိခဲ့ပြီး လတ်တလော ဝမ်းပျက် ဝမ်းလျောရောဂါများ ဖြစ်ပွားသော်လည်း ဆိုးဝါးမှုမရှိသေးဟု ၎င်းစစ်ဘေးရှောင် အနီးကပ်ကူညီနေသူ တစ်ဦးက ဆက်ပြောသည်။

Photo: CJ

ထိုသို့ ရေသန့်များ အလုံအလောက်မရရှိသည့် နေရာများတွင် မိုးရေကို တိုက်ရိုက်သောက်သုံး နေသူများရှိသလို စခန်းအနီးရှိ စမ်းရေ၊ ချောင်းရေ၊ ကန်ရေ၊ တွင်းရေများကိုလည်း အားထား အသုံးပြုနေသည်ဟု သိရသည်။

“ရေကန်ရေကနေပဲ ခပ်ပြီး ကြိုသောက်ရဦးမှာပဲ။ သေချာမကျိုချက်ရင်တော့ ဝမ်းပျက်ဝမ်းလျှောက အဲ့ကာလမှာ အများကြီးဖြစ်လာမယ်ထင်တယ်။ စစ်ရှောင်ရော ရွာခံရောမှာ ရေသန့်ဝယ်သောက်တာ ရှားပါတယ်။ စမ်းရေ၊ ချောင်းရေ၊ ကန်ရေ၊ တွင်းရေ နဲ့ မိုးရေတို့ကိုပဲ ကြိုချက်ပြီးသောက်ကြပါတယ်။ မိုးရေကိုအစိမ်းလိုက်သောက်တဲ့သူ အချို့လည်း ကျန်ရှိနေကြပါသေးတယ်” ဟု စစ်ရှောင်ကူညီနေသူက ဖြည့်စွက် ပြောသည်။

ကရင်နီပြည်နယ်တွင် ဒီးမော့ဆိုမြို့နယ်အပြင် ရေရှားသည့် ဖရူဆိုမြို့နယ်အတွင်းရှိ ကျေးရွာများတွင် ယခင် ဦးသိန်းစိန်အစိုးရ လက်ထက် ၂၀၁၂ မှ စ၍ ၂၀၂၀ ပြည့်နှစ်အထိ အသုံးစရိတ် ချပေးကာ ရေရရှိရေး ဆောင်ရွက်ခဲ့သည်ဟု ယခင် ပြည်နယ်လွှတ်တော် အစည်းအဝေးထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

မုန်တိုင်းအရှိန်ကြောင့် မိုးများ ရေကြီးခဲ့သည့် နေပြည်တော်၊ ကရင်၊ ကယား(ကရင်နီ)၊ မွန်နှင့် ရှမ်းပြည်နယ်၊ ပဲခူး၊ မကွေးနှင့် မန္တလေး တိုင်းဒေသကြီးတို့ရှိ ပြည်သူ ၆၃၁,၀၀၀ ဦးခန့်ရေဘေးသင့်ခဲ့သလို ကမ္ဘာ့စားနပ်ရိက္ခာအစီ အစဉ်(WFP)က ရေဘေးတုံ့ပြန်ရေး အကူအညီများကို သိသိသာသာတိုးချဲ့ လုပ်ဆောင် သွားမည်ဟု စက်တင်ဘာ ၁၈ ရက်တွင် ထုတ်ပြန်ထားသည်။