Home တွေ့ဆုံမေးမြန်းခန်း NUG အလုပ်သမားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးဦးကျော်နီနှင့် ဆက်သွယ်မေးမြန်းခြင်း။

NUG အလုပ်သမားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးဦးကျော်နီနှင့် ဆက်သွယ်မေးမြန်းခြင်း။

149
Photo- NUG အလုပ်သမားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးဦးကျော်နီ

“စစ်တပ်က သူ့ရဲ့အာဏာကိုကာကွယ်ပေးဖို့နည်းလမ်းမှာ ပါဝင်ပေးဖို့ကလွဲပြီး သူစိတ်မဝင် စားဘူး။ ပြည်သူ့ဘဝ လုံခြုံရေး၊ စီးပွားဖူလုံရေးဆိုတာ သူ့ခေါင်းထဲမှာမရှိဘူး။ အဲဒီတော့ ပြည်ပရောက်နေတဲ့ အလုပ်သမားတွေကို အခွင့်အရေးကာကွယ်ပေးဖို့ မဖြစ်နိုင်ဘူး။ အခွင့် အရေး ကာကွယ်ပေးတာမရှိဘူးဆိုရင် အခွင့်အရေးချိုးဖောက်မှုတွေက ဖြစ်နေဦးမှာ” ဒုတိယဝန်ကြီးဦးကျော်နီ (NUG အလုပ်သမားရေးဝန်ကြီးဌာန)

NUG အလုပ်သမားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးဦးကျော်နီနှင့် ဆက်သွယ်မေးမြန်းခြင်း။

( စက်တင်ဘာ, ၉ ရက်၊ ၂၀၂၄ခုနှစ်)

စစ်အာဏာသိမ်းပြီးနောက်ပိုင်း တိုင်းပြည်စီးပွား ပိုမိုဆုတ်ယုတ်လာပြီး အလုပ်အကိုင်အခွင့်အလမ်း နည်းပါးလာသည့်အပြင် စစ်ကောင်စီ၏ စစ်မှုထမ်းဥပဒေ ပြဌာန်းချက်ကြောင့် မြန်မာလူငယ်အများစု ပြည်ပနိုင်ငံများသို့ နည်းလမ်းပေါင်းစုံဖြင့် ထွက်ခွာလုပ်ကိုင်နေကြသည်။

ယင်းတို့ထဲတွင် အိမ်နီးချင်းထိုင်းနိုင်ငံသို့ လာရောက်အလုပ်လုပ်ကိုင်သူ မြန်မာလုပ်သား သန်းချီရှိကြောင်း အလုပ်သမားဝန်ကြီးဌာန၏ စာရင်းများအရ သိရသည်။ တရားဝင်ဖြစ်စေ ၊ တရားမဝင်ဖြစ်စေ ထိုင်းနိုင်ငံတွင် နေထိုင်အလုပ်လုပ်ကိုင်နေသည့် မြန်မာ အလုပ်သမားများသည် အလုပ်အကိုင်မရခြင်း၊ လုပ်ခလစာမရခြင်း စသဖြင့် အလုပ် သမားအခွင့်အရေး ချိုးဖောက်ခံနေရမှုများလည်း မကြာခဏဖြစ်ပွားနေကြောင်း တွေ့ရှိရသည်။

ထိုအခြေအနေများကြောင့် အမျိုးသားညီညွတ်ရေးအစိုးရ-NUG အလုပ် သမားရေးဝန်ကြီးဌာနအနေဖြင့် ထိုင်းရောက် မြန်မာအလုပ် သမားများအရေးအတွက် မည်သည်များ လုပ်ကိုင်ဆောင်ရွက်ပေးသနည်း စသည်တို့နှင့်ပတ်သက်ပြီး သိရှိနိုင်ရန် NUG အလုပ်သမားရေးဝန်ကြီးဌာန၏ ဒုတိယဝန်ကြီးဦးကျော်နီကို ဆက်သွယ်မေးမြန်းထားပါသည်။

မေး ။ ။ NUG အနေနဲ့ ထိုင်းနိုင်ငံရောက်အလုပ်သမားအရေးနဲ့ပတ်သက်ပြီး ဘာတွေလုပ်ဆောင်နေသလဲဆိုတာ အရင်ဆုံးသိပါရစေ။

ဖြေ။ ။ ကျနော်တို့ NUG အလုပ်သမားဝန်ကြီးဌာနအနေနဲ့ တိုင်ကြားရေးယန္တရားဆိုပြီး ဖွင့်လှစ်အကူအညီပေးနေပါတယ်။ အလုပ်သမားအခွင့်အရေးချိုးဖောက်ခံရတဲ့ မြန်မာ အလုပ်သမားတွေကို အထောက်အထား ရှိသည်ဖြစ်စေ၊ မရှိသည်ဖြစ်စေ အမှုအမျိုးမျိုးကို လက်ခံဖြေရှင်းပေးနေတယ်။ ထိုင်းနိုင်ငံမှာရှိနေတဲ့ အလုပ်သမား ရေးရာအဖွဲ့တွေနဲ့ ချိတ်ဆက်ပြီးတော့ ဆောင်ရွက်ပေးနေပါတယ်။

မေး။ ။ ထိုင်းရောက် မြန်မာအလုပ်သမားအရေးအတွက် ထိုင်းနိုင်ငံအစိုးရနဲ့ ညှိနှိုင်းဆွေးနွေးတာမျိုး ရှိထားပြီလား။ အစီအစဥ်ရော ရှိပါလား။

ဖြေ။ ။ ထိုင်းရောက် မြန်မာအလုပ်သမားတွေအတွက် ကျနော်တို့ဘက်ကတော့ ထိုင်းအစိုးရနဲ့ ညှိနှိုင်းဆွေးနွေးမှုတွေ တောက်လျှောက်တောင်းဆိုမှုတွေ ရှိတယ်။ အရင်ရွေးကောက်ပွဲမတိုင်ခင် အစိုးရကတည်းက ပြီးတော့ ကြားမှာ တက်သွားတဲ့ အစိုးရတွေနဲ့ ကျနော်တို့ဘက်က ညှိနှိုင်းအကြောင်းကြားစာတွေနဲ့ အလုပ် သမားတွေအတွက် လိုအပ်ချက်တွေ၊ အခက်အခဲတွေ ထိုင်းအစိုးရအနေနဲ့ ပြုပြင်ဆောင်ရွက်သင့်တဲ့ကိစ္စတွေကို ညှိနှိုင်းဆွေးနွေးတာတွေ လုပ်နေပါတယ်။ တွေ့ဆုံဆွေးနွေးမှုအနေနဲ့ကတော့ အခြားသောနည်းတွေပေါ့နော်၊ အခြားသော ပလက်ဖောင်းတွေကနေ ကြားခံပြီး ခုနကလိုပဲ လိုအပ်တဲ့ အလုပ်သမားအခြေအနေတွေကို ညှိနှိုင်းတောင်းဆိုမှုတွေ ရှိနေပါတယ်။

မေး။ ။ ထိုင်းကို တရားဝင်လမ်းကြောင်းနဲ့ ရောက်လာသော်ငြား ဘဝမလုံခြုံမှုမရှိတာ၊ အလုပ်အကိုင်မရတာ၊ အလုပ်သမားအခွင့်အရေး ချိုးဖောက်ခံရတာ ဘာကြောင့်ပါလဲ သုံးသပ်ပေးနိုင်ပါလားရှင့်။

ဖြေ။ ။ ထိုင်းကို တရားဝင်လမ်းကြောင်းနဲ့လာပေမယ် အလုပ်သမားအခွင့်အရေး ချိုးဖောက်ခံနေရတာတွေက ပြည်တွင်းမှာ ကျနော်တို့အလုပ်သမားတွေရဲ့ အခြေအနေက မတည်ငြိမ်ဘူး။ စစ်ကောင်စီကိုယ်တိုင်က အလုပ်သမားတွေကို ဖမ်းဆီးခြိမ်းခြောက်၊ နှိပ်စက်တာတွေရှိနေတော့ ပြည်ပကို အလုပ်ထွက် လုပ်ကြတယ်။ ပြည်ပရောက်တဲ့အခါမှာလည်း အခုလိုအခြေအနေမျိုးမှာ ပြည်တွင်းအလုပ်သမားတွေအပေါ် သူကိုယ်တိုင် အခွင့်အရေးချိုးဖောက်နေတဲ့အခါ ပြည်ပရောက်မြန်မာအလုပ်သမားတွေအတွက် လိုက်ပြီးတော့ အခွင့်အရေး ကာကွယ်ပေးဖို့ဆိုတာ စိတ်ကူးရုံနဲ့တင် မဖြစ်နိုင်ဘူးဆိုတာ သိနေပြီးသားပါ။

ဘာလို့လဲဆိုတော့ သူ့လက်အောက်မှာရှိတဲ့ အလုပ်သမားတွေကိုတောင် စစ်တပ်က သူ့ရဲ့အာဏာကို ကာကွယ်ပေးဖို့ နည်းလမ်းမှာ ပါဝင်ပေးဖို့ကလွဲပြီး သူစိတ်မဝင်စားဘူး။ ပြည်သူ့ဘဝလုံခြုံရေး၊ စီးပွားဖူလုံ ရေးဆိုတာ သူ့ခေါင်းထဲမှာမရှိဘူး။ အဲဒီတော့ ပြည်ပရောက်နေတဲ့ အလုပ်သမားတွေကို အခွင့်အရေး ကာကွယ်ပေးဖို့ မဖြစ်နိုင်ဘူး။ အခွင့်အရေး ကာကွယ်ပေးတာ မရှိဘူးဆိုရင် အခွင့်အရေး ချိုးဖောက်မှုတွေက ဖြစ်နေဦးမှာ။ ပြည်တွင်းမှာလည်း ဒါတွေက ဖြစ်နေတာပဲ။

အဲဒီတော့ ပြည်ပကတော့ ပိုဆိုးတာပေါ့၊ သက်ဆိုင်ရာ နိုင်ငံတွေရဲ့ အကာအကွယ်ပေးမှု ရှိနေလို့သာ ကျနော်တို့ဝန်ကြီးဌာနလည်း ကျန်တဲ့ အလုပ်သမားအရေး ဆောင်ရွက်သူတွေနဲ့ ပူးပေါင်းလုပ်ဆောင်နိုင်တာပေါ့။ ဒီနိုင်ငံတွေမှာသာ ကာကွယ်ပေးမှုအားနည်းရင် ဒီထက်ဆိုးမယ်။ အခုချိန်မှာတော့ အခွင့်အရေးချိုးဖောက်ခံရမှုတွေ ရှိတယ်ဆိုတာ ဒါကို ကာကွယ်ပေးတဲ့ သူတွေ ကိုယ်တိုင်က ချိုးဖောက်နေတယ်။ အလုပ်သမားတွေကို ဖိနှိပ်နေတဲ့သူတွေ ဖြစ်နေတာပေါ့။

မေး။ ။ သက်ဆိုင်ရာအေဂျင်စီက တာဝန်ယူတာဝန်ခံမှုမရှိလို့ ပုံစံမျိုးစုံနဲ့ ဒုက္ခရောက်ရတဲ့ မြန်မာအလုပ်သမားတွေအနေနဲ့ရော ဘယ်လို ဆက်ဆောင်ရွက်သင့်လဲ အကြံပေးပေးပါဦး။

ဖြေ။ ။ အေဂျင်စီတွေက တာဝန်ယူမှု၊ တာဝန်ခံမှုမရှိလို့ မြန်မာအလုပ်သမားတွေ ဒုက္ခရောက်နေတာ အခုဆို ဖြစ်ပျက်နေတာအများကြီးပဲ။ ကျနော်တို့ဝန်ကြီးဌာနရဲ့ Report တွေမှာလည်း ရှိနေတာပေါ့။ အေဂျင်စီတွေကို ချိတ်ဆက်ပြီးတော့ MOU နဲ့လာတဲ့ အလုပ်သမားတွေက ပိုဒုက္ခရောက်တယ်။ သူတို့မှာ တရားဝင် စာရွက်စာတမ်း အထောက်အထားတွေ ရှိပါလျက်နဲ့ အလုပ်မရတာ။ အလုပ်အကိုင် လွဲမှားတာ၊ စာချုပ်နဲ့ မညီတာတွေဖြစ်ပြီး ပိုဒုက္ခရောက်တယ်။

ဒါနဲ့ပတ်သက်ပြီး ကျနော်တို့ဝန်ကြီးဌာနက ကူညီစောင့်ရှောက်နေတာ ရှိပါတယ်။ ဒီလိုချိုးဖောက်တဲ့ အေဂျင်စီတွေ ကိုလည်း အရေးယူမှုတွေ ရှိပါတယ်။ Black list သွင်းတာမျိုးပေါ့၊ နောက်ပြီး စစ်ကောင်စီကို အလုပ်ကျွေး ပြုနေတဲ့ အေဂျင်စီတွေကို စုစည်းပြီးတော့ နာမည်ပျက်စာရင်းသွင်းပြီးတော့ အရေးယူမှုတွေ လုပ်ဖို့ကို စီစဥ် ဆောင်ရွက်နေပါတယ်။ အလုပ်သမားတွေကိုလည်း ဒီထက်ပိုပြီး ကူညီစောင့်ရှောက်ပေးဖို့ လုပ်ဆောင်နေပါတယ်။

မေး။ ။ ဝန်ကြီးအနေနဲ့ရော ပြည်ပရောက်အလုပ်သမားကိစ္စနဲ့ပတ်သက်ပြီး ဖြည့်စွက်ပြောချင်တာ သတင်းစကားပါးချင်တာရှိဦးမလား။

ဖြေ။ ။ ပြည်ပရောက် အလုပ်သမားတွေကို သတင်းစကားပါးချင်တာ နိုင်ငံရေး၊ တော်လှန်ရေးကို မျက်ခြေမပြတ်ဖို့ပါ။ စစ်ကောင်စီရှိနေသရွှေ့ ကျနော်တို့က သိမ်ငယ်ရတဲ့နိုင်ငံသားတွေ ဖြစ်နေမှာ။ ဘယ်နိုင်ငံ ရောက်ရောက် ဗမာပြည်ကလို့ ပြောလိုက်တာနဲ့ အထင်သေးတဲ့ မျက်လုံးနဲ့ကြည့်မယ်။ ရောက်တဲ့နိုင်ငံမှာ နည်းမျိုးစုံနဲ့ အခွင့်အရေး ချိုးဖောက်ခံနေရမယ်။ ဒါ့ကြောင့် မိမိရဲ့ပတ်ဝန်းကျင်မှာ ပျက်စီးနေတာကို မမြင်ချင် ယောင်ဆောင်ပြီး နေသာသလိုနေတာမဟုတ်ဘဲ ရှေ့မှာရှိတဲ့ အစဥ်အလာအတိုင်း တော်လှန်ရေးမှာ ဆက်လက် ပါဝင်ပူးပေါင်းဆောင်ရွက်ဖို့ စစ်ကောင်စီနဲ့ တတ်နိုင်သလောက် ကင်းကင်းနေမယ်။ ဒီလိုလုပ်ခြင်းဖြင့် တော်လှန်ရေးက အမြန်ပြီးမြောက်မှာဖြစ်တယ်။

တော်လှန်ရေးပြီးမြောက်မှသာ ကျနော်တို့ရဲ့လူမှုဘဝတွေ ငြိမ်းချမ်းမယ်။ တိုင်းပြည်မှာ တည်တည်ငြိမ်ငြိမ် ငြိမ်းငြိမ်းချမ်းချမ်းနဲ့ လုပ်ကိုင်စားသောက်နိုင်မယ်။ ကမ္ဘာ့အလယ်မှာလည်း မြန်မာပြည်ကလို့ ပြောလိုက်ရင် ရင်ကော့ခေါင်းမော့ နေနိုင်မယ့် အခြေအနေမျိုး ပြန်ရောက်မယ်ပေါ့နော်။ ဒါကြောင့် တော်လှန်ရေးကို အားလုံးက တတ်နိုင်တဲ့ဘက်က တတ်စွမ်းသလောက်ပါဝင်ဖို့ မေတ္တာရပ်ခံချင် ပါတယ်။ ကျနော်တို့ ဝန်ကြီးဌာနရဲ့ တိုင်ကြားရေးယန္တရားပေ့ချ်မှာ ဆက်သွယ်ရမယ့် ဖုန်းနံပါတ်တွေ ရှိပါတယ်။ အဲဒီဖုန်းနံပါတ်တွေကို ဆက်သွယ် တိုင်ကြား အကူအညီတောင်းနိုင်ပါတယ်။ ကျနော်တို့လည်း တတ်နိုင်သမျှမြန်မြန် ဆောင်ရွက်လို့ရသမျှ နည်းလမ်း အကုန်နဲ့ ကူညီဆောင်ရွက်ပေးနေပါတယ်။