Home သတင်း KNU မျိုးဆက်သစ်ကျောင်းတွင် လူငယ်များကို မီဒီယာဆိုင်ရာ အသိပညာပေး ဟောပြောပွဲပြုလုပ်

KNU မျိုးဆက်သစ်ကျောင်းတွင် လူငယ်များကို မီဒီယာဆိုင်ရာ အသိပညာပေး ဟောပြောပွဲပြုလုပ်

650

စက်တင်ဘာ ၂၄ ရက်၊ ၂၀၂၄ ခုနှစ်။ ကေအိုင်စီ

ကရင်အမျိုးသားအစည်းအရုံး-KNU ဗဟို ဌာနချုပ်၏ မျိုးဆက်သစ်ခေါင်းဆောင်ပြုစုပျိုးထောင်ရေး ကျောင်းတွင် ကေအိုင်စီ-ကရင်သတင်းဌာနက ဦးဆောင်ပြီး လူငယ်များသတင်းမီဒီယာဆိုင်ရာ အသိ ပညာပေးဟောပြောပို့ချမှုအစီအစဉ်တစ်ခုကို ယမန်နေ့ စက်တင်ဘာလ ၂၃ ရက်နေ့တွင် ပြုလုပ်ခဲ့သည်။

မီဒီယာအပေါ်အခြေခံ သိနားလည်မှု အားကောင်းလာစေရန် သတင်းမီဒီယာနှင့် ဆိုရှယ်မီဒီ ယာကွဲပြားမှုများကို ကရင်မျိုးဆက်သစ်လူငယ်များ သိရှိနားလည်ပြီး ခွဲခြား စိစစ်သုံးသပ်နိုင်ရန် ရည်ရွယ်၍ ပြုလုပ်ခဲ့ခြင်းဖြစ်သည်။

မီဒီယာဟောပြောပွဲ သင်တန်းနည်းပြ (Facilitator) ဒေါ်စုမြတ်ဝေက “မီဒီယာလို့ပြောတာနဲ့ ဆိုရှယ်မီဒီယာနဲ့ သတင်းမီဒီယာ ခွဲခြားမြင်တတ်ဖို့ သတင်းတိုက်တွေမှာလည်း သူတို့ရဲ့မူဝါဒ သူတို့သွားတဲ့အာဘော်တွေကို သိထားရင် ပရိသတ်တွေအနေနဲ့ စာဖတ်သူတွေအနေနဲ့ ရွေးချယ်နိုင် တယ်။ အဲ့ကနေ တဆင့်လူငယ်တွေအနေနဲ့စိစစ်ပိုင်းခြားပြီးတော့ ဖတ်နိုင်ရုံတင်မကဘဲ ကိုယ့်ဘေး နားမှာရှိတဲ့ ကိုယ့်ရဲ့မိသားစု၊ လူ့အဖွဲ့အစည်းတွေကို ပြန်ပြီးတော့ မျှဝေနိုင်ဖို့၊ သင်ကြားပေးနိုင်ဖို့ စတဲ့ရည်ရွယ်ချက်တွေနဲ့ လာသင်ကြားရခြင်းဖြစ်တယ်” ဟု ကေအိုင်စီသို့ ပြောသည်။

အဆိုပါ မီဒီယာဆိုင်ရာ အသိပညာပေး ဟောပြောခြင်းအစီအစဉ်ကို သံလွင်ခက်သတင်းဌာနမှ အယ်ဒီတာချုပ်ဖြစ်သူ ဦးဇေယျာမင်းနှင့် လက်ထောက်အယ်ဒီတာ ဒေါ်စုမြတ်ဝေတို့ နှစ်ဦးက ဦးဆောင်၍ မီဒီယာ၏ အခြေခံသဘောတရား၊ သတင်းမီဒီယာနှင့် ဆိုရှယ်မီဒီယာ ကွဲပြားခြားနားမှုများကို ဟောပြောပို့ချခဲ့ခြင်းဖြစ်သည်။

ယမန်နေ့ပြုလုပ်ခဲ့သည့် အဆိုပါ သတင်းမီဒီယာအသိပညာပေးဟောပြောမှုအစီအစဉ်ကို ကေအဲန်ယူ မျိုးဆက်သစ်သင်တန်းကျောင်းမှ သင်တန်းသူ၊ သင်တန်းသားများ အပါအဝင် ကေအဲန်ယူ၏ ဗဟိုပြန်ကြားရေးဌာနအဖွဲ့ဝင် လူငယ်များ၊ ကရင်လူငယ်အစည်းအရုံး-KYO (ဗဟို)မှ လူငယ်များ အပါအဝင် စုစုပေါင်း လူငယ် ၉၀ ဦးကျော် ပါဝင်တက်ရောက်ခဲ့သည်။

ဟောပြောပွဲတွင် ပါဝင်တက်ရောက်ခဲ့သူ နော်သရီးဒေးဖောက “ကျမရလိုက်တာက သတင်းတစ်ပုဒ်ရဖို့ ဘယ်လို ယူရမလဲ။ သတင်းတစ်ပုဒ်က နေရာအမျိုးမျိုးကနေလာတယ်။ အဲ့သလို လာတဲ့အပေါ် ဘယ်သူ တွေ ဆီက ယူရမလဲ။ Facebook ကလား၊ ရေဒီယိုလား သတင်းစာထဲမှာလား အမျိုးမျိုးပဲပေါ့နော်။ ကိုယ်ရေးတဲ့သတင်းတစ်ပုဒ်က အများပြည်သူတွေအတွက် အခက်အခဲဖြစ် နေမလား။ အဲ့ဒါတွေသိလိုက်ရတယ်။ အရင်ကတော့မသိဘူး” ဟု ကေအိုင်စီသို့ ပြောသည်။

အဆိုပါ အစီအစဉ်မတိုင်ခင်တွင် ကေအိုင်စီသတင်းဌာနဖွဲ့စည်းတည်ထောင်ခြင်း ၂၇ ပြည့် အထိမ်းအမှတ် အခမ်းအနားကို ပြုလုပ်ကျင်းပခဲ့ပြီး သက်ဆိုင်ရာ ကေအဲန်ယူ ဗဟိုခေါင်းဆောင်များ၊ ကရင်အမျိုး သားလွတ်မြောက်ရေးတပ်မတော်-KNLA ၏ တပ်ပိုင်းဆိုင်ရာတာဝန်ရှိသူအချို့ နှင့် လူငယ်များ စုစုပေါင်း (၁၀၀) ကျော် ပါဝင်တက်ရောက်ခဲ့ကြသည်။