Home သတင်း ဝင်းဒရယ် အထက်တန်းကျောင်းရှေ့ DKBA ဗိုလ်ဘိအဖွဲ့ တပ်ချထား၍ ကျောင်းမတက်ရဲဖြစ်နေ

ဝင်းဒရယ် အထက်တန်းကျောင်းရှေ့ DKBA ဗိုလ်ဘိအဖွဲ့ တပ်ချထား၍ ကျောင်းမတက်ရဲဖြစ်နေ

991
Photo: CJ

စက်တင်ဘာ၂၄ရက်၊ ၂၀၂၄ ခုနှစ်။ ကေအိုင်စီ

ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး ထိန်းချုပ်နယ်မြေ သထုံခရိုင်၊ တပ်မဟာ(၁) ဖားအံမြို့နယ် ဝင်းဒရယ် ကျေးရွာ စာသင်ကျောင်းရှေ့တွင် ဗိုလ်ဘိဦးဆောင်သည့် တိုးတက်သောဗုဒ္ဓဘာသာ ကရင်အမျိုးသားတပ်မတော် (ခွဲထွက်) DKBA အဖွဲ့က တပ်ချထားသည့်အတွက် ကျောင်းသူကျောင်းသားများ ကျောင်းမတက်ရဲဖြစ်နေသည်ဟု ဒေသခံများက ပြောသည်။

အဆိုပါ DKBA တပ်ဖွဲ့ဝင်များသည် စက်တင်ဘာ ၁၉ ရက်နေ့၊ နံနက်ပိုင်းအချိန်တွင် ဝင်းဒရယ်စာသင်ကျောင်းရှေ့ စာကြည့်တိုက်ဘေးနှင့် အုပ်ချုပ်ရေးမှူးရုံးနေရာများ၌ တပ်ချထားတာ ကင်းပုန်းအတွက် ကျင်းတူးပြင်ဆင် နေသည့်အတွက် ကျောင်းသူကျောင်းသားများကြောက်လန့်ပြီး ယခုလို ကျောင်းမတက်ရဲ ဖြစ်နေကြောင်း သိရ သည်။

ဒေသခံတစ်ဦးက “သူတို့တပ်လာချတာ နှစ်ရက်သုံးရက် လောက်ရှိပြီး၊ ကျောင်းရှေ့မှာလာချတော့ ကလေးတွေ ကျောင်းတက်ရတာအဆင်မပြေဘူး။ အန္တရာယ်များတယ်။ ကျောင်းတာဝန်ရှိသူတွေ ကျေးရွာတာဝန်ရှိသူတွေ ပြောလည်းသူတို့က မရွှေ့ပေးဘူး။ အခုကလေးတွေက ကျောင်းမတက်ရဲဘူး တချို့၊ ပြီးတော့ ကလေးအတွက် ကျောင်းဆရာ၊ ဆရာမဘက်ကလည်း တာဝန်မယူနိုင်ဘူးပေါ့။ တကယ်လို့ ကျောင်းပေးတက်ရင် သူတို့မိဘတွေ လာကြည့်ပေါ့ အဲလိုတွေရှိတယ်။ ဒီနေ့ အဲဒီကိစ္စကို ကျေးရွာတာဝန်ရှိသူတွေနဲ့ တွေ့ဆုံတာရှိတယ်။ အဖြေမထွက် သေးဘူး” ဟု ကေအိုင်စီသို့ ပြောသည်။

ဝင်းဒရယ်စာသင်ကျောင်းသည် စစ်ကောင်စီလက်အောက်ခံ အထက်တန်းစာသင်ကျောင်းဖြစ်သလို စာသင်ကြား ပေးသည့် ကျောင်းဆရာ၊ ဆရာမများကလည်း ရပ်ဝေးမှ တာဝန်ကျသည့် သူများလည်းပါဝင်သည့်အတွက် ကျောင်းဆရာ၊ ဆရာမအချို့သည် ကျောင်းဆက်တက်မရဲဘဲ နေရပ်ပြန်သွားသူများရှိသည်ဟု သိရသည်။

အဆိုပါ အင်အားလာချသည့် DKBA တပ်ဖွဲ့ဝင်များသည် စစ်ကောင်စီထံ လက်နက်ပြန်အပ်သည့် ပြည်သူ့စစ် တစ်ချို့လည်း ပါဝင်သလို အဆိုပါပြည်သူ့စစ်များသည် လက်ရှိအချိန်တွင် DKBA ဘက်တံဆိပ်နှင့် နေထိုင်ရပ်တည် လျက်ရှိကြောင်း သိရသည်။

ဗိုလ်ဘိဦးဆောင်သည့် DKBA တပ်ဖွဲ့လှုပ်ရှားသည့်နေရာများသည် ကေအဲန်ယူ တပ်မဟာ(၁)နယ်မြေ / သထုံခရိုင် ထဲတွင်ရှိကာ နယ်မြေခံ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်-KNLA နှင့်လည်း ညှိနှိုင်းပြောဆိုမှု မရှိသည့်အတွက် ယခုလို လုပ်ဆောင်ချက်သည် ပဋိပက္ခဖြစ်လာနိုင်သည်ဟု ကေအဲန်ယူ သထုံခရိုင်အတွင်းရေးမှူး ပဒိုစောအေးနိုင်က ပြောသည်။

Photo: CJ

“သူတို့အဖွဲ့က တပ်မဟာ တာဝန်ရှိသူတို့နဲ့ လက်တွဲပြောဆိုတာတွေတစ်ခါမှမရှိဘူး။ သူများပစ်ရင် ငါတို့လည်း ပစ်မယ်ဆိုပြီး သူတို့အဲလိုဆုံးဖြတ်ထားတာရှိတယ်။ သူတို့က ကျနော်တို့ တပ်မဟာအောက်က မသွားချင်ဘူး။ သူတို့ ဆန္ဒ အတိုင်းသွားရင်တော့ ပဋိပက္ခတော့ ဖြစ်လာနိုင်တယ်။ တပ်မဟာ(၁) ဧရိယာထဲမှာနေတယ်။ စစ်ရေးလှုပ်ရှား မှုတွေ မလုပ်ဘူးဆိုရင်တော့ပြဿနာမရှိဘူး။ ဒါပေမယ့် ဒီပုံစံအတိုင်းသွားရင်တော့ ဖြစ်လာနိုင်တယ်” ဟု ပဒို စောအေးနိုင်က ပြောသည်။

လက်ရှိ DKBA လာရောက်တပ်စွဲသည့်နေရာသည် ယခင်က လာရောက်ဂိတ်ချ ငွေတောင်းခြင်းများရှိသောကြောင့်KNU ဘက်မှ လက်မခံသည့်အတွက် ဖြုတ်ထားလိုက်ရပြီး ယခုအင်အားအများနှင့် လာရောက်တပ်စွဲခြင်းသည် မည်သည့်လှုပ်ရှားမှုမျိုးများ ရှိမည်ကို မသိရသေးဟု KNU ဘက်က ပြောဆိုသည်။

လာရောက်တပ်စွဲနေထိုင်သည့် ၎င်း DKBA အဖွဲ့သည် အင်အား ၃၀ ခန့်ရှိကာ ပြည်သူ့စစ်အဖြစ်မှ နုတ်ထွက်ပြီး DKBA အဖွဲ့ထဲသို့ ပြန်ဝင်သည့် စောချစ်သန်း ဆိုသူက ဦးဆောင်ခြင်းဖြစ်သည်ဟု သိရသည်။

ဗိုလ်ဘိ DKBA အဖွဲ့ ဝင်းဒရယ်စာသင်ကျောင်းရှေ့ ဝင်ရောက်တပ်စွဲနေထိုင်မှုအခြေအနေနှင့်ပတ်သက်၍ သက်ဆိုင်ရာ ၎င်းတို့တာဝန်ရှိသူများ၏ တုန့်ပြန်မှုကိုရရှိရန် ကေအိုင်စီက ကြိုးစားဆက်သွယ်နေဆဲဖြစ်သည်။

ဗိုလ်ဘိ ဦးဆောင်သည့် ခွဲထွက် (DKBA)အဖွဲ့သည် ဖားအံမြို့နယ် ကြာအင်းပေါ်တော်မူ ဆရာတော်၏ ဆုံးမဩဝါဒ အောက်တွင်နေထိုင်ကာ ကြာအင်းပေါ်တော်မူ ကျောင်းဝင်းဝန်းကျင်နှင့် တောင်ခြေတွင် စခန်းချနေထိုင်ခြင်း ရှိသလို ကြာအင်းပေါ်တော်မူ၏ သာသနာလုပ်ငန်းများအတွက် လုံခြုံရေးလိုက်ယူပေးခြင်းရှိကြောင်း သိရသည်။

Photo: CJ