စက်တင်ဘာ ၆ ရက်၊ ၂၀၂၄ ခုနှစ်။ ကေအိုင်စီ
ဩစတြေးလျားနိုင်ငံ မဲလ်ဘုန်းမြို့၌ ဒေသစံတော်ချိန် စက်တင်ဘာ ၄ ရက်နေ့ ညနေပိုင်းတွင် လူကြီး ရောဂါဖြင့် ကွယ်လွန်သွားသည့် AKO နှင့် IKO တည်ထောင်ရာတွင် ဦးဆောင်ပါဝင်ခဲ့သူ တော်လှန်ရေး ရဲဘော်ဟောင်း စောကနဲမီ(၈၂) နှစ်ကို ဂုဏ်ပြုလိုကြောင်း ၎င်း၏ လုပ်ဖော်ကိုင်ဖက်များက ကေအိုင်စီသို့ ပြောသည်။
စောကနဲမီသည် ကရင်တော်လှန်ရေးအတွက်သာမက ဒုက္ခသည်များအရေး နိုင်ငံတကာရှိ ကရင်လူထု အရေးတို့ကို စွမ်းစွမ်းတမံ ပါဝင်ဆောင်ရွက်ခဲ့သူတစ်ဦးလည်း ဖြစ်သလို နိုင်ငံတကာ ကရင်အဖွဲ့အစည်း (IKO) နှင့် ဩစတြေးလျားကရင်အဖွဲ့အစည်း (AKO) တို့ကို စတင်တည်ထောင်ချိန်တွင် ခေါင်းဆောင်ပါဝင်သူတစ်ဦး ဖြစ်သည်ဟု လုပ်ဖော်ကိုင်ဖက်ဖြစ်သူ လက်ရှိ AKO ဥက္ကဋ္ဌ စောလွင်ဦးက ယခုလို ပြောသည်။
“တီးကနဲမီနဲ့က ကျနော်နဲ့စသိတာ ၁၉၉၀ ကနေ အခု ၂၀၂၄ အထိဆိုရင် သက်တမ်း ၃၀ ကျော်ရှိတယ်။ တယောက်နဲ့တယောက် အမျိုးသားရေးဆိုင်ရာ ပူးတွဲဆောင်ရွက်တယ်။ နောက်ပြီး ဗမာပြည်အတွက် ကျနော်တို့အဖွဲ့တစ်ခု နှစ်ခုလောက် ပြောင်းလဲပြီး အနေထားမျိုးစုံလုပ်လာခဲ့တယ်။ တော်လှန်ရေးသမား တွေဆိုပေမယ့် မြို့ပေါ်မှာ သံတမန်ရေးရာ သံအမတ်တွေအနေနဲ့ အမှုဆောင်ရသလို နိုင်ငံတကာရဲ့ UN အဆင့်မြင့်မျက်နှာစာမှာလည်း ဗမာပြည်အရေးကို စာပွဲတင်ဖြေရှင်းတဲ့အထိ ကျနော်တို့ သူနဲ့ လုပ်ပါတယ်” ဟု ၎င်းက ပြောသည်။
စောကနဲမီ၏ ပေးဆပ်လုပ်ဆောင်မှုများကို အံဩဂုဏ်ပြုလိုသလို နိုင်ငံတာကရင်အဖွဲ့အစည်းများ ဖွဲ့စည်းနိုင်ရေးအတွက်လည်း စိတ်ပိုင်း၊ ရုပ်ပိုင်းဆိုင်ရာ ပံ့ပိုးမှုများပြုလုပ်ခဲ့ပြီး ကိုရီးယား၊ မလေးရှားနှင့် ဂျပန်နိုင်ငံတို့တွင် ကရင်လူမှုအဖွဲ့အစည်းများ ဖွဲ့စည်းနိုင်ရေး ကြိုးပမ်းပေးခဲ့သူ တစ်ဦးဖြစ်သည်ဟု လုပ်ဖော်ကိုင်ဖက်များထံမှ သိရသည်။
စောကနဲမီသည် ၁၉၉၀ ခုနှစ်ကာလ ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး ဌာနချုပ်ရှိရာ မာနယ် ပလောတွင် ကေအဲန်ယူ ဥက္ကဋ္ဌဟောင်း ပဒိုစောဘသင်၏ ကိုယ်ရေးအရာရှိ အတွင်းရေးမှူးအဖြစ် လုပ်ဆောင်ခဲ့သူဖြစ်သလို မာနယ်ပလော ကေအဲန်ယူ ဌာနချုပ်တွင် နှစ်ပေါင်းအတန်ကြာ လုပ်ဆောင်ခဲ့သူလည်းဖြစ်သည်။
သူသည် ၁၉၉၄ ခုနှစ်တွင် ဩစတြေးလျားနိုင်ငံသို့ မိသားစုနှင့်အတူ ပြောင်းရွှေ့အခြေချလိုက်ပြီးနောက် ကေအဲန်ယူ နယ်မြေအတွင်း ဗမာစစ်တပ်၏ ထိုးစစ်ဆင်မှု လူ့အခွင့်အရေးချိုးဖောက်မှုများကို နိုင်ငံတကာ အသိုင်းအဝိုင်းတွင် ဆန္ဒထုတ်ဖော် ပြောဆိုပေးခြင်းတို့ကိုလည်း လုပ်ဆောင်ခဲ့သူဖြစ်သည်။
ထို့အပြင် ကေအဲန်ယူနယ်မြေထဲရှိ ကျေးရွာများတွင် ဗမာစစ်တပ်၏ ထိုးစစ်ဆင်မှုကြောင့် ထိုင်း-မြန်မာ နယ်စပ်တွင် ထွက်ပြေးတိမ်းရှောင်ရောက်ရှိနေသည့် စစ်ဘေးရှောင်ကရင်ဒုက္ခသည်များအတွက် အကူအညီရရန် နိုင်ငံတကာ အဖွဲ့အစည်းများကို စတင်တောင်းဆိုပေးခဲ့သူလည်း ဖြစ်သည်။
ကွယ်လွန်သူ စောကနဲမီသည် ဩစတြေးလျားသို့ သွားရောက်အခြေချပြီးသည့်နောက် အထက်ပါ နိုင်ငံတကာ ကရင်လူအဖွဲ့အစည်းများ ဖွဲ့စည်းနိုင်ရေး စတင်လုပ်ဆောင်ခဲ့သူ ခေါင်းဆောင်များ ထဲတွင်ပါခဲ့သူတစ်ဦးဖြစ်သည်ဟု သူ၏ အလွှာစုံ လုပ်ဖော်ကိုင်ဖက်များက ပြောသည်။ သူ ကွယ် လွန်ချိန်တွင် ဇနီးဖြစ်သူ ဟှာ့ယုဇနချစ်အပါအဝင် သမီး ၃ ဦးနှင့် မြေး ၅ ဦး ကျန်ရစ်ခဲ့သည်။



















