စက်တင်ဘာ ၂၄ရက်၊ ၂၀၂၄ ခုနှစ်။ ကေအိုင်စီ
တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့နယ်၊ ရန်ကုန်-ထားဝယ် အမြန်ကားလမ်းမပေါ်ရှိ မောင်မယ်ရှောင် ကျေးရွာ အတွင်းသို့ စစ်ကောင်စီတပ်ဖွဲ့ဝင်အင်းအား ၃၀၀ ခန့်ဖြင့် စက်တင်ဘာ ၂၂ ရက်နေ့တွင် စစ်ကြောင်းထိုး ဝင်ရောက် လာပြီး နေအိမ်များ ထပ်မံမီးရှို့ ဖျက်ဆီးနေသည်ဟု ဒေသခံများနှင့် တော်လှန်တပ်ဖွဲ့ဘက်က ပြောသည်။
“မနေ့တနေ့က နေ့လည်အချိန်လောက်ကစပြီးတော့ ရွာထဲကိုစစ်ကြောင်းထိုး လာတယ်။ ပြီးတော့ လူမရှိတဲ့ အိမ် တွေကို မီးရှို့နေတယ်။ စစ်သားတွေက ဒေသခံတွေရဲ့ နေအိမ်တွေပေါ်ကိုတက်ပြီးတော့ နေနေတယ်” ဟု ဒေသခံ တစ်ဦးက စက်တင်ဘာ ၂၄ ရက်နေ့တွင် ကေအိုင်စီသို့ ပြောသည်။
ယခုလို စစ်ကောင်စီတပ်များ စစ်ကြောင်းစထိုး ဝင်ရောက်လာချိန်တွင် တော်လှန်ရေး တပ်ဖွဲ့ဝင်များနှင့် နှစ်ဖက် တိုက်ပွဲများဖြစ်ပွားခဲ့သည့်အပြင် တိုက်ပွဲအတွင်း ဇဟာရွာအခြေစိုက် စစ်ကောင်စီ အမြှောက်တပ်၊ အမတ-၃၀၂ က လက်နက်ကြီးများဖြင့် ပစ်ကူပေးလျက်ရှိသည်ဟု သတင်းရင်းမြစ်များထံမှ သိရသည်။
ပြီးခဲ့သည့် ဩဂုတ်လပထမအပတ်အတွင်းက စစ်ကောင်စီက အဆိုပါကျေးရွာရှိ နေအိမ်များကို ဝင်ရောက်မီးရှို့ခဲ့ပြီး ယခုဒုတိယအကြိမ် ထပ်မံဝင်ရောက် မီးရှို့ဖျက်ဆီးခြင်း ဖြစ်သည်။ လက်ရှိ စစ်ကောင်စီတပ်သားများ လမ်းကင်း နေရာယူထားသည့်အတွက် ပျက်စီးခဲ့သည့် နေအိမ်အရေအတွက်ကို တိတိကျကျ မသိရှိနိုင်ဖြစ်နေသည်ဟု ၎င်း ဒေသခံက ဆက်ပြောသည်။
“ခဏခဏ စစ်ကြောင်းထိုးခံထိတော့ အကုန်ထွက်ပြေးကုန်ပြီး။ နှစ်လ နီးပါးလောက်ရှိပြီး ရွာထဲမှာ လူမရှိတော့တာ။ အဲ့တာကြောင့် စစ်တပ်ကရွာက နေအိမ်တွေကိုဖောက်ပြီး ပစ္စည်းတွေကို စိတ်ကြိုက်သယ်နေကြတာ” ဟု ဒေသခံ တစ်ဦးက ကေအိုင်စီသို့ ဆက်ပြောသည်။
အဆိုပါ မောင်မယ်ရှောင်ကျေးရွာသို့ စစ်ကောင်စီတပ် မကြာခဏဆိုသလို ဝင်ရောက်တပ်စွဲမှုလုပ်ဆောင်လေ့ရှိပြီး ဒေသခံများကို ပစ်ခတ်သတ်ဖြတ်မှုလည်း လုပ်ဆောင်ဖူးသည့်အတွက် လက်ရှိ ဒေသခံများ ရွာလုံးကျွတ် နီးစပ်ရာ ဒေသများသို့ ထွတ်ပြေးတိမ်းရှောင် နေရသည်ဟု ဒေသခံများထံမှ သိရသည်။



















