စက်တင်ဘာ ၆ရက်၊၂၀၂၄ ခုနှစ်။ ကေအိုင်စီ
ထားဝယ်မြို့နယ် အရှေ့တောနယ်ဒေသရှိ စစ်ကောင်စီပကာရီရဲကင်းစခန်းက လက်နက်ကြီး ရမ်းသမ်း ပစ်ခတ်မှုကြောင့် ကျေးရွာအတွင်းရှိ အမျိုးသား ၃ ဦးနှင့် အမျိုးသမီး ၁ ဦး လက်နက်ကြီးကျည်စထိမှန်ကာ ပြင်းထန်ဒဏ်ရာ ရရှိခဲ့သည်ဟု ဒေသခံများက ပြောသည်။
အဆိုပါ ဖြစ်စဉ်မှာ အရှေ့တောနယ်ပကာရီရဲကင်းစခန်းကို ဒေသအခြေစိုက် တော်လှန်ရေးတပ်ဖွဲ့က လက်နက် ကြီးဖြင့် စက်တင်ဘာလ ၅ ရက် မွန်းတည့်ချိန်တွင် သွားရောက်ပစ်ခတ်ပြီးနောက် ပကာရီရဲကင်းစခန်းမှ ပြန်လည် ပစ်ခတ်ရာ ဒေသခံများထိခိုက်ဒဏ်ရာ ရရှိသွားခြင်းဖြစ်သည်ဟု မေတ္တာမြို့နေ ဒေသခံတစ်ဦးက ပြောသည်။
“မနေ့က နေ့လည်အချိန်မှာ ဖြစ်သွားတယ်။ တော်လှန်ရေးအဖွဲ့က အရင်လာပစ်သွားတဲ့ပုံစံမျိုး၊ ပြီးတော့ စစ်တပ်ဘက်က ရမ်းပြီးပစ်လိုက်တာ ရွာထဲကိုကျပြီး ထိသွားတယ်။ ရွာထဲက ဖုန်းဆိုင် ပြိုကျသွားတယ်လို့ ကြားတယ်။ လက်နက်ကြီးထိပြီး” ဟု ၎င်းက ကေအိုင်စီသို့ ပြောသည်။
စစ်ကောင်စီရဲကင်းစခန်းမှ ပစ်ခတ်လိုက်သည့် လက်နက်ကြီးကြောင့် ကျေးရွာအတွင်းရှိ အသက် ၂၀ ဝန်းကျင် အရွယ် လူငယ်တစ်ဦး ပြင်းထန်ဒဏ်ရာ ရရှိခဲ့သည့်အပြင်၊ အသက် ၄၀ နှစ်ခန့်နှင့် အသက် ၆၀ ဝန်းကျင် အမျိုးသားတစ်ဦး၊ အမျိုးသမီးတစ်ဦးတို့မှာ ထိခိုက်ဒဏ်ရာများ ရရှိခဲ့ပြီး ထားဝယ်မြို့ပေါ်ရှိ စစ်တပ်ဆေးရုံသို့ ကားဖြင့် တင်ဆောင်သွားသည်ဟု ဒေသခံများထံမှ သိရသည်။
အလားတူ စက်တင်ဘာ ၃ ရက်နေ့က ဘုတ်ပြင်းမြို့တွင် စစ်ကောင်စီတပ်များနှင့် တော်လှန်ရေးတပ်ဖွဲ့ဝင်များ နှစ်ဖက်ထိတွေ့ တိုက်ပွဲများ ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီလက်နက်ကြီးပစ်ခတ်မှုကြောင့် အရပ်သားတစ်ဦး ကျည်ထိမှန်ဒဏ်ရာရရှိခဲ့သည်ဟု တော်လှန်ရေးတပ်ဖွဲ့ဝင်များဘက်က ပြောဆိုသည်။
အဆိုပါ တိုက်ပွဲများကို ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်-KNLA၊ တပ်ရင်း (၂၀၃)၊ တပ်ခွဲ (၃)၊ ပြည်သူ့ ကာကွယ်ရေးတပ်မတော် ကော့သောင်းခရိုင် အမှတ် (၁) တပ်ရင်း၊ တပ်ခွဲ (၁)နှင့် တပ်ခွဲ (၂)၊ ဘုတ်ပြင်းမြို့နယ် ပကဖနှင့် Flying Star Force တို့ ပူးပေါင်းပါဝင် တိုက်ခိုက်ခဲ့သည်ဟု သိရသည်။



















