Home သတင်း ရေဘေးသင့် သေ့ဘောဘိုးစစ်ရှောင်စခန်း ပြန်လည်ထူထောင်ရေးအတွက် အကူအညီများလိုအပ်နေ

ရေဘေးသင့် သေ့ဘောဘိုးစစ်ရှောင်စခန်း ပြန်လည်ထူထောင်ရေးအတွက် အကူအညီများလိုအပ်နေ

602

စက်တင်ဘာ ၂၅ ရက်၊ ၂၀၂၄ခုနစ်။ ကေအိုင်စီ

သောင်ရင်းမြစ်ရေလျှံပြီး ရေကြီးနစ်မြှုပ်သွားသည့် မြဝတီမြို့တောင်ပိုင်း ဝေါလေဒေသရှိ သေ့ဘောဘိုး စစ် ရှောင်စခန်းတွင် ရေများပြန်ကျပြီးနောက် ပြန်လည်ထူထောင်ရေးလုပ်ငန်းများလုပ်ဆောင်ရာတွင် စစ်ရှောင် များအတွက် နေရာထိုင်ခင်းဆောက်လုပ်ရေးပစ္စည်းများ လိုအပ်လျက်ရှိကြောင်း စစ်ရှောင်စခန်း၏ တာဝန်ရှိသူများထံမှ သိရသည်။

ပြီးခဲ့သည့် စက်တင်ဘာလ ၁၀ ရက်မှစပြီး ရာဂီမုန်တိုင်းအရှိန်ကြောင့် မိုးကြီးရေလျှံကာ သောင်ရင်းမြစ်ရေ မြင့်တက်လာသဖြင့် သောင်ရင်းမြစ်ကမ်းအနီး တည်ဆောက်ထားသည့် စစ်ရှောင်စခန်းရှိ ယာယီတဲအိမ်များ ရေတိုက်စားခံရပြီး ပြိုကျပျက်စီးခဲ့သည်။ ရေပြန်ကျပြီးနောက် ပြီးခဲ့သည့် စက်တင်ဘာလ ၁၆ ရက်နေ့မှစတင်ကာ ပြန်လည်ထူထောင်ရေးလုပ်ငန်းများလုပ်ဆောင်ရာတွင် ထိုအကူအညီများ လိုအပ်နေခြင်းဖြစ်သည်ဟု စခန်း၏ ကျန်းမာရေး တာဝန်ခံ စောလဝါးက ယခုလိုပြောသည်။

“ကမ်းနားလှေဂိတ်နားက ရေမျှောပါသွားတဲ့ အိမ်တွေဆို ဒီပြန်ပြုပြင်မယ့်နေရာက ခဏစောင့်နေရတယ်ပေါ့။ လူအင်အားလိုတယ်။ အခုက မိုးတွင်းဆိုတော့ လမ်းတွေကရွံ့ဗွက်ဆိုတော့ပြင်ဖို့ခက်ခဲနေသေးတယ်။ လမ်းပျက်တော့ သစ်တွေဝါးတွေခုတ်ဖို့သယ်ဖို့ အတွက်ကလည်း အဆင်မပြေသေးဘူး။ ပစ္စည်းအကူ အညီတွေလည်းလိုအပ်နေသေးတယ်” ဟု ထိုတာဝန်ခံက ကေအိုင်စီသို့ ပြောသည်။

စစ်ရှောင်များအနေဖြင့် မြစ်ရေမတက်ခင်ကတည်းက ဘေးလွတ်ရာသို့ ကြိုတင် ပြောင်းရွှေ့ မှုများလုပ်ဆောင် နိုင်ခဲ့ပြီး ၎င်းတို့၏ ပစ္စည်းများကိုလည်း ဘေးလွတ်ရာသို့ ရွှေ့ပြောင်း ထားနိုင်သည့်အတွက် ပစ္စည်းများ ထိခိုက် ဆုံးရှုံးမှုမရှိသော်လည်း မြစ်ရေစီးမှုကြောင့် ကမ်းနားရှိ ဝါးဖြင့်ဆောက်လုပ်ထားသော ဈေးဆိုင်အဆောက် အအုံများ ရေစီးနှင့် မျှောပါသွားခဲ့ကြောင်း စစ်ရှောင်အမျိုးသားတစ်ဦးက ပြောသည်။

ယခုလို ပြန်လည်ထူထောင်ရေးလုပ်ငန်းစဉ်များ ပြုလုပ်ရာတွင် စစ်ရှောင်အချို့မှာ မိမိစစ်ရှောင်နေအိမ်များသို့ ပြန်လည် ပြုပြင်ဝင်ရောက်နေထိုင်သူများရှိသော်လည်း အချို့မှာ ယာယီတဲများ ထိုး၍ နေထိုင်နေရသေးကြောင်း တာဝန်ရှိသူများက ပြောသည်။

လက်ရှိတွင် ဆောက်လုပ်ရေးသမားများ၏ တာဝန်ယူဦးဆောင်မှုဖြင့် အချင်းချင်းလိုအပ်သည့် ဝါးများကို ကိုယ်တိုင် ခုတ်ကာ နေရာထိုင်ခင်းတို့ကို ပြန်လည် ပြုပြင်ဆောက်လုပ်နေကြဖြစ်သည်။ အမိုးအကာအတွက် တာလပတ်များအပြင် အိမ်သာနှင့် ရေတွင်းများအတွက် ဘိလပ်မြေများ၊ အုတ်များ လိုအပ်ချက်ရှိနေကြောင်း စစ်ရှောင်အမျိုးသမီးတစ်ဦးက ဆိုသည်။

“ကျမတို့ဘက်က မြေနိမ့်တော့ မြေကျွံတာတွေရှိတာပေါ့။ အောက်ပိုင်းတွေမှာရှိတဲ့ အိမ်သာတွေ ရေတွင်းတွေ အဲ့တာကို ပြန်ပြင်ဖို့ ကွန်ကရစ်ဂွေတွေ ဘိလပ်မြေတွေလိုအပ်နေတယ်။ လာလှူပေးနိုင်ရင် ပိုကောင်းတာပေါ့” ဟု စစ်ရှောင်အမျိုးသမီးတစ်ဦးက ကေအိုင်စီ သို့ပြောသည်။

ပြီးခဲ့သည့် စက်တင်ဘာလ ပထမအပတ်က ဖြစ်ပွားသော မြစ်ရေကြီးမှုကြောင့် တောင်ကျချောင်းရေခံထားသည့် ရေကန်နှင့် ရေသန့်စက်အပြင် အရံသင့်ထားရှိသည့် အခြားရေသန့်စက်များသည် မပြောင်းရွှေ့နိုင်ခဲ့ဘဲ ညစ်ညမ်း သည့် မြစ်ရေများ ဝင်ရောက်မှုကြောင့် သောက်သုံးရေအခက်အခဲဖြစ်ပေါ်ခဲ့ရသေးသည်။

သို့သော် လက်ရှိတွင် သောက်သုံးရေပြုပြင်ရေးအဖွဲ့များ လာရောက်ပြုပြင်ပြီးစီးပြီဖြစ်သည့်အတွက် သောက်သုံး‌ရေ အခက်အခဲမရှိတော့ကြောင်း သိရသည်။

၎င်းအပြင် ပြန်လည်ထူထောင်ရေး လုပ်ဆောင်နေသည့် စစ်ရှောင်ပြည်သူများအတွက် ကျန်းမာရေးစောင့်ရှောက်မှု ပေးနိုင်သည့် ကျန်းမာရေး ဝန်ထမ်းများအလုံအလောက်ရှိသော်လည်း ကလေးများအတွက်လိုအပ်သည့် ဆေးဝါး များ လိုအပ်ချက်ရှိနေကြောင်းလည်း ကျန်းမာရေး တာဝန်ခံက စောလဝါးက ဖြည့်စွက်ပြောသည်။

လက်ရှိ သေ့ဘောဘိုးစစ်ရှောင်စခန်းတွင် အိမ်ခြေ စုစုပေါင်း (၇၃) အိမ်ရှိပြီး လူဦးရေ (၃၀၀) နီးပါး နေထိုင် လျက်ရှိသည်။ အများစုမှာ မဲကနယ်၊ ရသေ့ဂူ နှင့် ထီးမူးထကျေးရွာများမှ စစ်ရှောင်လာသူဖြစ်ကာ အခြားဒေသမှ ဒေသခံအချို့လည်း ပါဝင်ကြောင်း သိရသည်။