စက်တင်ဘာ ၁၀ ရက်၊ ၂၀၂၄ ခုနှစ်။ ကေအိုင်စီ
ကရင်ပြည်နယ်၊ ဖားအံမြို့မှ မြဝတီမြို့သို့ ဆန်ပို့ဆောင်သည့် ကားများသည် လမ်းတစ်လျှောက် စစ်ကောင်စီတပ်နှင့် ၎င်းတို့ လက်အောက်ခံတပ်များ၏ ငွေညှစ်တောင်းခံရမှု ယခင်ကထက် ပိုမိုကြုံတွေ့နေရသည်ဟု ဆန်ကုန်သည်များက ပြောသည်။
ဖားအံမြို့မှ မြဝတီမြို့ကို ဆန်ရောင်းဝယ်ရေးဆိုင်များဆန်သယ်ယူပို့ဆောင်သည့် ဆန်ကားများအား လမ်းပိုင်းတစ်လျှောက်ရှိ စစ်ကောင်စီတပ်နှင့် နယ်ခြားစောင့်တပ်-BGF တပ် အချို့၏ စစ်ဆေးရေး ဂိတ်များတွင် အကြောင်းအမျိုးမျိုးပြကာ ဖမ်းဆီးခြိမ်းခြောက်ကာ ငွေသိန်းချီယူပြီးမှ ပြန်လွှတ်ပေးကြောင်း အမည်မဖော်လိုသည့် ဒေသခံဆန်ဆိုင်ရှင်တစ်ဦးက ပြောသည်။
၎င်းက “ဆန်မြဝတီကို သယ်ဖို့က တော်တော် ရစ်တာခံရတယ်။ ကျုံဒိုးဂျိုင်းတံတား နောက်ပြီးတော့ နဘူးတံတားကျိုး၊ စကခ (၁၂)၊ အမြောက်တပ်အဲ့နေရာတွေမှာစစ်တပ်က စစ်ဆေးတာမျိုးလုပ်ပြီး ဆန်ကားကို တစ်စီး ၅ သိန်းတောင်းတယ်။ မပေးရင် PDF ထောက်ပို့လုပ်ဖို့ဆန်သယ်လာတယ်ဆိုပြီး ဖမ်းထားတာမျိုးနဲ့ငွေညှစ်တာပေါ့။ ကျနော်တို့က ဆန်ဆိုင်လိုင်စင်ရှိတယ်။ စည်ပင်အခွန်လည်း ဆောင်ထားတယ်။ တရားဝင်ရောင်းချဖို့ ပြည်တွင်းဆန်ဒိုင်က သယ်တာပဲ၊ ဒါပေမယ့် မရဘူးဗျ”ဟု ပြော သည်။
စစ်ကောင်စီထံ အခွန်ဆောင်ထားသည့် ဆန်ကုန်သည်များအနေဖြင့် ထိုစစ်ဆေးရေးဂိတ်များ ငွေညှစ်တောင်းခံသည့်ကိစ္စအား သက်ဆိုင်ရာဌာနဆိုင်ရာများကို အကြောင်းကြားသော်လည်းဖြေ ရှင်း ဆောင်ရွက် ပေးနိုင်ခြင်းမရှိဘဲ စစ်တပ်စစ်ဆေးငွေတောင်းသည့်အတိုင်းသာ ညှိနှိုင်းပေးဆောင်ပြီး ဂိတ်ဖြတ်ကြရန်ပြောဆိုကြောင်း မြဝတီမြို့ရှိ ဆန်ဆိုင်ရှင်တစ်ဦးက ပြောသည်။
“ ဆန်တစ်အိတ် ၅ ထောင်တောင်းတယ်၊ အိတ်တစ်ရာ သယ်လာရင်ပဲ ငွေမနည်းဘူးလေ။ ဒါတောင် တစ်ဂိတ်ပဲနော်။ ဂိတ်တွေအများကြီး ကျန်သေးတယ်။ အဲ့လိုစစ်တာငွေတောင်းတာကို အကောက် အခွန်တို့၊ ရဲတို့၊ စရဖတို့၊ ထွေအုပ်တို့ကိုပြောတယ်။ သူတို့ဝင်မပြောရဲဘူး။ လိုင်စင်တွေ၊ အခွန်ဆောင် တာတွေ၊ ကုန်သည်အသင်းဝင်တာတွေမရှိဘဲ ကားတွေနဲ့သယ်နေတာကြမဖမ်းဘူး။ သူ့တို့က ကား ထုတ်ပွဲစားနဲ့ချိတ်ပြီးသယ်နေတာအေးအေးဆေးဆေးဘဲလေ” ဟု မြဝတီဆန်အရောင်းဆိုင်ရှင်က ပြောသည်။
ထိုသို့ အဆမတန် ငွေညှစ်တောင်းခံမှုကြောင့် လတ်တလော ဖားအံမြို့တွင် ရောင်းချသည့်ဆန်ကြမ်း ကျပ် ၁၂၀,၀၀၀ / ၁၅၀,၀၀၀ တန် တစ်အိတ်ကို မြဝတီမြို့သို့ ရောက်ရှိပြီး ပြန်လည်ရောင်းချချိန်တွင် ကျပ် ၁၇၀,၀၀၀ မှ ၂၀၀,၀၀၀ အထိဈေးမြင့်တက်ရောင်းချရသည့် အခြေအနေဖြစ်လာသလို ဆန်ချော ပေါ်ဆန်းမွှေး တစ်အိတ်လျှင် ကျပ် ၂၅၀,၀၀၀ ဝန်းကျင်မှ ၂၈၀,၀၀၀ အထိဈေးတက်လာနေကြောင်း ဆန်အရောင်းဆိုင်ရှင်များက ပြောသည်။
ယခု စက်တင်ဘာလ ၁ ရက်မှစပြီး ကရင်ပြည်နယ်အတွင်း သွားလာသည့် လမ်းမကြီးများအား စစ်ကောင်စီတပ်များက စစ်ဆေးတင်းကြပ်မှုများပိုမိုလုပ်ဆာင်လာနေပြီး ခရီးသွားသူများ၊ ကုန်စည်ပို့ ဆောင်သည့်ကားနှင့်ကုန်ပစ္စည်းများကို ငွေကြေးတောင်းခံပြီးမှ သွားလာခွင့်ပြုနေသည့်အတွက် စားသောက်ကုန်ဈေးနှုန်းများမြင့်တက်လာနေသလို ခရီးသွားစရိတ်လည်းဈေးမြင့်တက်လာကြောင်း မြဝတီ-ဖားအံတစ်ပိုင်တစ်နိုင်အရောင်းအဝယ်လုပ်သူနှင့် ခရီးသွားကားမောင်းသူများက ပြောဆိုကြသည်။



















