Home သတင်း ကော့ကရိတ်တွင် စပါးပင်များရေကြီး၍ ပျက်စီးသလို ပိုးကျမှုများရှိနေ

ကော့ကရိတ်တွင် စပါးပင်များရေကြီး၍ ပျက်စီးသလို ပိုးကျမှုများရှိနေ

846

စက်တင်ဘာ ၁၆ ရက် ၊ ၂၀၂၄ ခုနှစ်။ ကေအိုင်စီ

ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး၊ ဒူးပလာယာခရိုင်၊ ကော့ကရိတ်မြို့နယ်အတွင်း စပါးစိုက်ခင်းများ၌ ရေကြီး၍ စပါးပင်များ ပျက်စီးဆုံးရှုံးနေသည့်အပြင် အပင်ပိုးကျပျက်စီးမှုများလည်း ကြုံတွေ့နေရသည်ဟု လယ်စိုက်တောင်သူများက ပြောသည်။

ယခုနှစ် မိုးများသည့်အတွက် စိုက်ခင်း၌ စပါးပင်များ အကြိမ်ကြိမ်ရေကြီးနစ်မြှုပ်မှုဖြစ်ပေါ်ခဲ့သလို အပင်ပိုးကျ သည့်အတွက် ပျက်စီးမှုများရှိနေသည်ဟု လယ်သမားတစ်ဦးက ယခုလို ပြောသည်။

“စပါးပင်တွေ ရေကြီးတော့ တစ်ကြိမ်ပျက်စီးသွားပြီး၊ အခုလည်း တစ်ကြိမ်ထပ်ပြီး ရေနစ်မြှုပ်ပြန်တယ်။ အနာတွေ ပိုးတွေလည်းကျတယ်။ စပါးပင်တွေတော့ တော်တော်ပျက်စီးနေတယ်”ဟု ၎င်းက ကေအိုင်စီသို့ ပြောသည်။

ထို့အပြင် ကော့ကရိတ်မြို့နယ်၊ ကျေးရွာများ၌ တိုက်ပွဲများ ဖြစ်ပွားသည့်အတွက် ဒေသခံများ အလုပ်အကိုင် ရှားပါး မှုကြုံတွေ့နေရပြီး အဓိက အသက်မွေးဝမ်းကျောင်း အဖြစ်လုပ်ကိုင်နေသည့် လယ်စိုက်ပျိုးရေးလုပ်ငန်း သည် လည်း အကြိမ်ကြိမ် ပျက်စီးဆုံးရှုံးမှုကြောင့် စားဝတ်နေရေးအတွက် စိုးရိမ်မှုများရှိလာသည်ဟု လယ်လုပ်သူ မိသားစုများက ပြောသည်။

လယ်သမားမိသားစုဝင်တစ်ဦးက “တိုက်ပွဲဖြစ်တော့ အခြားအလုပ်လည်း အဆင်မပြေဘူး။ အဓိက အသက် မွေးတဲ့လယ်အလုပ်လည်း ဒီနှစ်အကြိမ်ကြိမ် ပျက်စီးနေတော့ စားရပါ့မလားမသိဘူး။ အခုဆန် စျေးကြီးတာနဲ့ စပါးမစားရတော့ရင် စားဝတ်နေရေးအတွက် တော်တော်ခက်ခဲလိမ့်မယ်” ဟု ကေအိုင်စီသို့ ပြောသည်။

ယခုလို စပါးပင်များ ပျက်စီးဆုံးရှုံးမှုများနှင့်ပတ်သက်၍ တာဝန်ရှိသူများထံမှ အကူအညီတစ်စုံတစ်ရာ ရရှိရန် မျှော်လင့်နေသည်ဟု လယ်သများက ပြောဆိုသည်။

ကော့ကရိတ်မြို့နယ်အတွင်း ယခုနှစ် ဇူလိုင်နှင့် စက်တင်ဘာလတို့တွင် စပါးပင်များ ရေနစ်မြှုပ်ပျက်စီးခဲ့လို စပါးပင်အများအပြား ပိုးကျ၍ ပျက်စီးမှု ကြုံတွေ့နေရသည်ဟု လယ်သမားများက ပြောသည်။

အလားတူ ကေအဲန်ယူ၊ တပ်မဟာ-၁၊ သထုံခရိုင်တွင်လည်း စပါးပင်များ ရေကြီးပြီးနောက် ပိုးကျပြီး အပင်ဝါကာ ပျက်စီးသွားမှုရှိသည်ဟု ဒေသခံများက ပြောသည်။