စက်တင်ဘာ ၂၅ ရက်၊ ၂၀၂၄ ခုနှစ်။ ကေအိုင်စီ
တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်၊ တနင်္သာရီမြို့နယ်၊ ဘန်းလမွတ်ကျေးရွာအုပ်စုသို့ စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များကို ဒေသအခြေစိုက် တော်လှန်ရေးတပ်ဖွဲ့ဝင်များမှ ဒရုန်းဖြင့်ဗုံးကြဲတိုက်ခိုက်ခဲ့သည်ဟု မြိတ်ခရိုင်၊ ပြည်သူ့ကာကွယ်ရေးပူးပေါင်းစစ်ကြောင်း-၂ မှ ပြန်ကြားရေးတာဝန်ခံက ပြောသည်။
တနင်္သာရီမြို့နယ်၊ အရှေ့မော်တုန်းကျေးရွာအခြေစိုက် စစ်ကောင်စီအမြောက်တပ် (အမတ-၃၀၆)က အင်အား ၄၀ ဦးဝန်းကျင်ပါ ခြေလျင်စစ်ကြောင်းသည် စက်တင်ဘာ ၂၄ ရက်၊ နံနက်၈ နာရီအချိန်ခန့်တွင် ကျေးရွာ အတွင်းသို့ စစ်ကြောင်းထိုး ဝင်ရောက်လာစဉ် ဒရုန်းဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်ဖွဲ့ဝင် ၄ ဦး ထိခိုက် ဒဏ်ရာ ရရှိသွားသည်ဟု ပြန်ကြားရေးတာဝန်ခံ ရဲဘော်မျိုးကြီးက ပြောသည်။
“အခုလက်ရှိမှာ စစ်ကောင်စီစစ်ကြောင်းကတော့ ရွာထဲမှာ တပ်စွဲထားတုန်းပဲ။ စစ်ကောင်စီတပ်သားတွေရဲ့ သေဆုံး၊ ဒဏ်ရာရ တာကိုတော့ မျက်မြင်တွေ့ရှိသူတွေရဲ့ သတင်းပြန်လည်ပေးပို့ချက်တွေအရ အတည်ပြု နိုင် တာပါ” ဟု ၎င်းက ကေအိုင်စီသို့ ပြောသည်။
ထို့အပြင် တနင်္သာရီမြို့နယ်နှင့် မြိတ်မြို့နယ်ရှိ မဇောကျေးရွာနှင့် တုံးဗျောကျေးရွာ အုပ်စုများသို့ စစ်ကောင်စီ ဘက်က အင်အား ၁၀၀ ဦး ဝန်းကျင်ဖြင့် ဆက်တိုက် စစ်ကြောင်းထိုးနေပြီး ဒေသခံ နေထိုင်ရာနေရာအများစုကို ဒရုန်းဖြင့် ဗုံးကြဲတိုက်ခိုက်မှုများ ဆက်တိုက်လုပ်ဆောင်နေသည်ဟု မြိတ်ခရိုင်၊ ပြည်သူ့ကာကွယ်ရေးပူးပေါင်း စစ်ကြောင်း-၂ ဘက်က ပြောဆိုသည်။
ပြီးခဲ့သည့် စက်တင်ဘာ ၁၇ ရက်နေ့တွင်လည်း တုံးဗျောကျေးရွာအုပ်စု၊ တောင်ပုရွာ စာသင်ကျောင်းအနီးတွင် ကင်းချထားသည့် စစ်ကောင်စီတပ်သားများကို မြိတ်ခရိုင်ပြည်သူ့ကာကွယ်ရေး ပူးပေါင်းစစ်ကြောင်း-၂ က ဝင်ရောက်ပစ်ခတ်မှုများ လုပ်ဆောင်ခဲ့သည်။ ထိုပစ်ခတ်မှုကြောင့် စစ်ကောင်စီတပ်သား ၃ ဦး သေဆုံးပြီး ကျန် တစ်ဦးကို မြိတ်ဆေးရုံကြီးသို့ ပို့ဆောင်ရာ ရောက်ရှိချိန်တွင် သေဆုံးသွားသည်ဟု ပူးပေါင်းစစ်ကြောင်း-၂ ၏ ပြောဆိုချက် များအရ သိရသည်။



















