Home သတင်း လောင်းလုံးဒေသ စစ်ရှောင်များ ရိက္ခာအရေးပေါ် လိုအပ်နေ

လောင်းလုံးဒေသ စစ်ရှောင်များ ရိက္ခာအရေးပေါ် လိုအပ်နေ

145
Photo- ဒေါန-တနင်္သာရီ စစ်ဘေးရှောင်အထောက်အကူပြုအဖွဲ့

စက်တင်ဘာ ၉ ရက် ၊၂၀၂၄ ခုနှစ်။ ကေအိုင်စီ

တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ လောင်းလုံးမြို့နယ်ရှိ ကျေးရွာများအတွင်းသို့ စစ်ကောင်စီတပ်များ စစ်ကြောင်းထိုး ဝင်ရောက်လာသည့်အတွက် တိမ်းရှောင်နေကြရသော ဒေသခံစစ်ရှောင်များသည် လက်ရှိတွင် စားနပ်ရိက္ခာ အရေးပေါ် လိုအပ်နေသည်ဟု ၎င်းတို့အား အနီးကပ် ကူညီနေသူများက ပြောသည်။

လောင်းလုံးမြို့နယ်၊ မောင်းမကန်ရဲစခန်းကို ပြီးခဲ့သည့်ဩဂုတ် ၁၇ ရက်နေ့က တိုက်ခိုက်ခံရပြီးနောက် စစ်ကောင်စီက အင်အား ၁၀၀ ဝန်းကျင်ဖြင့် ကျေးရွာများသို့ စစ်ကြောင်းထိုး ဝင်ရောက်လာသည့်အတွက် ဒေသခံများ စစ်ဘေးရှောင် ထွက်ပြေးခဲ့ရသည်။

“ပြီးခဲ့တဲ့လကစပြီး စစ်ဘေးရှောင်နေရတယ်။ အခုအချိန်ထိ။ မိုးရွာနေတုန်း ဖြစ်တဲ့အတွက် နေရာထိုင်ခင်း ကတော့လိုအပ်နေတယ်။ လက်ရှိမှာ ယာယီစစ်ဘေးရှောင် ၄၀၀ ကျော်ရှိတယ်။ ရွာတွေက ဖြစ်တဲ့အတွက် သက်ကြီးရွယ်အိုတွေ အဓိကပါဝင်နေတယ်” ဟု စစ်ရှောင်များကို အနီးကပ်ကူညီနေသူတစ်ဦးက ကေအိုင်စီသို့ ပြောသည်။

စစ်ကောင်စီ စစ်ကြောင်းသည် လောင်းလုံးမြို့နယ်အတွင်းရှိ မောင်းမကန်ရွာ၊ ကျောက်ဆင်ရွာ၊ သဘော့ဆိပ်ရွာ၊ ပြင်ကြီးရွာများကို အဓိကစစ်ကြောင်းထိုးပြီး ကျေးရွာအတွင်း ဘန်ကာများ ဆောက်လုပ်ကာ အခြေချတပ်စွဲထား သည်ဟု လောင်းလုံးမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်၊ ပြန်ကြားရေးတာဝန်ခံ ကိုရှဲဒိုးက ပြောသည်။

၎င်းက “ရွာတွေထဲမှာ တပ်စွဲထားပြီးတော့ ရွာထဲအိမ်တွေကရှိသမျှ ပစ္စည်းတွေကို သယ်နေတာတွေရှိတယ်။ တိုက် ပွဲ ကတော့ လက်ရှိမှာနှစ်ဖက်စစ်ရေးတင်းမာတဲ့ အနေအထားမှာ ရှိနေတုန်းပဲ။ စစ်ကောင်စီက လက်နက်ကြီး ပစ်ခတ်မှုတွေရှိနေတဲ့အတွက်ဒေသခံတွေအနေနဲ့ ပြန်နေကြတာမရှိဘူး” ဟု ကေအိုင်စီသို့ ပြောသည်။

ယခုလို စစ်ကောင်စီမှကျေးရွာအတွင်း ရက်၂၀ နီးပါးအကြာ တပ်စွဲထားသည့်အတွက် စစ်ဘေးရှောင်ချိန် ကြာမြင့်လာသည့်နှင့်အမျှ ရိက္ခာပြတ်တောက်ခြင်းနှင့် ဆေးဝါးလိုအပ်ချက်များ ရှိလာသည်ဟု ကူညီနေသည့် အဖွဲ့အစည်းများက ပြောဆိုသည်။

ထို့အပြင် ပြီးခဲ့သည့် စက်တင်ဘာ ၆ ရက်နေ့တွင်လည်း လောင်းလုံးမြို့နယ်၊ ပြင်ကြီးကျေးရွာ၌ တပ်စွဲထားသည့် စစ်ကောင်စီတပ်နှင့် တော်လှန်ရေးတပ်ဖွဲ့တို့ တစ်နာရီခန့် တိုက်ပွဲ ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီဘက်က ၂၈ ဦးထက် မနည်း သေဆုံးခဲ့သည်ဟု ရေဖြူပြည်သူ့ ကာကွယ်ရေးတပ်က သတင်းထုတ်ပြန်ထားသည်။ သို့သော် သေဆုံးသည့် အရေအတွက်ကို ကေအိုင်စီက သီးခြားအတည်ပြု၍မရ ဖြစ်နေသည်။

အဆိုပါ စစ်ဆင်ရေးတွင် ရေဖြူပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (YPPDF)၊ ဘီလုံး ပြောက်ကျားတပ်ဖွဲ့၊ က္လားသစ္ဏတ် (ကျားသစ်နက်)နှင့် ဓဝယ်အမျိုးသား လွတ်မြောက်ရေးတပ်မတော် (DNLA)တပ်ဖွဲ့များက ပါဝင်ခဲ့ကြောင်း ထုတ်ပြန်ချက်အရ သိရသည်။