Home သတင်း ရွေးကောက်ပွဲကို နည်းလမ်းပေါင်းစုံဖြင့် ဆန့်ကျင်မည်ဟု MSFC ထုတ်ပြန်

ရွေးကောက်ပွဲကို နည်းလမ်းပေါင်းစုံဖြင့် ဆန့်ကျင်မည်ဟု MSFC ထုတ်ပြန်

118
Photo: CJ

စက်တင်ဘာ ၂၇၊ ၂၀၂၄ ခုနှစ်။ ကေအိုင်စီ

နိုင်ငံရေးထွက်ပေါက်တစ်ခုအဖြစ် စစ်ကောင်စီက ကျင်းပပြုလုပ်မည့် အတုအယောင် ရွေးကောက်ပွဲအပေါ် နည်းလမ်းမျိုးစုံဖြင့် ဆန့်ကျင်တိုက်ဖျက်သွားမည်ဟု မွန်ပြည်ဖယ်ဒရယ်ကောင်စီ-MSFC ၏ အတုအယောင် ရွေးကောက်ပွဲ ဆန့်ကျင်တိုက်ဖျက်ရေး ကော်မတီက ယနေ့ထုတ်ပြန်လိုက်သည်။

စစ်ရေး၊ နိုင်ငံရေး၊ စီးပွားရေး အဘက်ဘက်ယိုယွင်းနေသည့် စစ်ကောင်စီက ၎င်း၏ စစ်ရာဇဝတ်မှုများကို ဖျောက်ဖျက်ရန်နှင့် နိုင်ငံရေးထွက်ပေါက်ဖြစ်စေရန် ရည်ရွယ်ပြုလုပ်မည့် ရွေးကောက်ပွဲအပေါ် MSFC ၏ အဖွဲ့ဝင် ၇ ဦးပါ ထိုကော်မတီက သဘောထား မှတ်ချက် ထုတ်ပြန်ရာ၌ ထည့်သွင်း ဖော်ပြထားသည်။

ကော်မတီပြောခွင့်ရ ဒေါက်တာသီရိမွန်ချမ်းက “ပြည်သူတွေကို အတုအယောင်ရွေးကောက်ပွဲအကြောင်း အသိပေး တဲ့ နည်းလမ်းရယ် နိုင်ငံတကာအသိုင်းအဝိုင်းကလည်း အသိအမှတ်မပြုဖို့နဲ့ အကူအညီ မပေးဖို့ရယ် တိုက်တွန်းဖို့ ကမ်ပိန်း(လှုပ်ရှားမှုများ) လုပ်သွားမယ်။

တိုင်းရင်းသားအဖွဲ့အစည်းတွေနဲ့လည်း နိုင်ငံရေး၊ စစ်ရေးနည်းလမ်းနဲ့ တိုက်ဖျက်သွားဖို့ ပူးပေါင်းဆောင်ရွက်ထားပါတယ်” ဟု ကေအိုင်စီသို့ ပြောသည်။

ထို့အပြင် ကော်မတီ၏ ထုတ်ပြန်ချက်တွင် ရွေးကောက်ပွဲပါဝင်ယှဥ်ပြိုင်မည့် နိုင်ငံရေးပါတီများအား စစ်ကောင်စီ၏ အပေါင်းအပါအဖြစ် သတ်မှတ်ဆန့်ကျင်မည်ဟု ပြောဆိုထားသည်။

ထို့အတူ ပြည်သူလူထုတစ်ရပ်လုံးအနေဖြင့် စစ်တပ်၏အကြမ်းဖက်လုပ်ရပ်များ အမြန်ဆုံးရပ်တန့်ရေးအတွက် ရွေးကောက်ပွဲအကောင်အထည်ဖော်နေမှုကို ဆန့်ကျင်ရန်လိုအပ်သလို နိုင်ငံတကာအနေဖြင့်လည်း ရွေးကောက် ပွဲကိုအသိအမှတ်မပြုရန်၊ နည်းပညာပိုင်း၊ ငွေကြေးပိုင်းအရ စစ်ကောင်စီအား အကူအညီမပေးရန်ကိုပါ ကော်မတီ က တိုက်တွန်းပြောဆိုသည်။

လက်ရှိ မွန်ပြည်နယ်အတွင်း ရွေးကောက်ပွဲကျင်းပနိုင်ရေး အကောင်အထည်ဖော်မှုနှင့်ပတ်သက်ပြီး တိုက်ရိုက် လုပ်ဆောင်ချက်များ မရှိသေးသော်လည်း လာမည့် အောက်တိုဘာ ၁ ရက်မှ ၁၅ ရက်နေ့အထိ မဲစာရင်းမှန်ကန်မှု ရှိစေရေး သန်းခေါင်စာရင်း ကောက်သွားမည်ဟု ပြောဆိုထားသည်။

မြန်မာပြည်တောင်ပိုင်းတိုင်း၊ မွန်ပြည်နယ်အတွင်း အုပ်ချုပ်ရေး၊ စစ်ရေးလှုပ်ရှားသည့် တိုင်းရင်းသား လက်နက် ကိုင်တော်လှန်ရေးအဖွဲ့ တစ်ခုဖြစ်သည့် ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံးကလည်း စစ်ကောင်စီအနေဖြင့် ရွေးကောက်ပွဲ ကျင်းပရေး အကောင်အထည်ဖော်မှုကို လက်သင့်မခံသလို အတင်းအကြပ်ကြိုးစားလာပါကလည်း တုံ့ပြန်သွားမည်ဟု ကေအိုင်စီသို့ ပြောဆိုထားသည်။

ရွေးကောက်ပွဲအတွက် တစ်နိုင်ငံလုံးအတိုင်းအတာအားဖြင့် သန်းခေါင်စာရင်းကောက်ယူမှုများ လုပ်ဆောင်ရန် ရှိသည့် စစ်ကောင်စီသည် ၎င်းတို့ထိန်းချုပ်ထားသည့်မြို့နယ်များတွင် သန်းခေါင်စာရင်းကောက်ယူရေး သင်တန်း များပေးနေပြီး ဖြစ်သည်။