Home သတင်း ပိုင်ကျုံတွင် ကျောက်ထုတ်လုပ်မှုကြောင့် လယ်ယာစိုက်ပျိုးရေးထိခိုက်သဖြင့် ရပ်တန့်ပေးရန် လယ်သမားများ တောင်းဆို

ပိုင်ကျုံတွင် ကျောက်ထုတ်လုပ်မှုကြောင့် လယ်ယာစိုက်ပျိုးရေးထိခိုက်သဖြင့် ရပ်တန့်ပေးရန် လယ်သမားများ တောင်းဆို

91
Photo: CJ

စက်တင်ဘာလ ၂၅ ရက်၊ ၂၀၂၄ ခုနှစ်။ ကေအိုင်စီ

ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး တပ်မဟာ(၇)၊ ဖားအံခရိုင်၊ ပိုင်ကျုံမြို့နယ်၊ ပေါင်ကျေးနယ်တွင် နယ်ခြားစောင့်တပ်-BGF ခေါင်းဆောင်ပိုင်းအချို့ ဦးဆောင်သည့် ကျောက်ထုတ်လုပ်မှုကြောင့် ဆယ်စုနှစ်နီးပါးကြာ လယ်ယာစိုက်ပျိုးရေးထိခိုက်ပြီး မလုံခြုံမှုများရှိလာသဖြင့် ထုတ်လုပ်မှုကို ရပ်တန့်ပေးရန် သက်ဆိုင်ရာတာဝန်ရှိသူများအား ရွာခံလယ်သမားများက ကန့်ကွက်တောင်းဆိုလိုက်သည်။

BGF တပ်ရင်းအမှတ် (၁၀၁၅)မှ ဗိုလ်မှူးဝင်းလှိုင်စိန် ၏ စီမံအုပ်ချုပ်မှုအောက်ရှိ အဆိုပါကျောက်ထုတ်လုပ်ငန်းကို အာရှလမ်းမဆောက်လုပ်ရာတွင် အသုံးပြုရန်ဟုဆိုကာ (၂၀၁၈) ခုနှစ်ကတည်းက စတင်လုပ် ဆောင်လာ ခြင်းဖြစ်ပြီး လုပ်ငန်းသက်တမ်း (၅)နှစ်ခန့်သာ လုပ်ဆောင်သွားမည့်ကတိကဝတ်ရှိကြောင်း ဒေသခံတို့၏ပြောပြချက်အရ သိရသည်။

သို့ရာတွင် လက်ရှိအချိန်ထိ လုပ်ငန်း ဆက်လက်လုပ်ဆောင်နေပြီး ကျောက်ထုတ်လုပ်မှုကြောင့် အနီးအနားကျေးရွာမှ လယ်ယာလုပ်ငန်းခွင်များအထိ ကျောက်စများလွင့်စင်လာ၍ စိုက်ပျိုးရေး လုပ်ငန်းထိခိုက်ခြင်း၊ လယ်မြေပျက်စီးခြင်းတို့ တွေ့ကြုံရကြောင်း ဒေသခံအမျိုးသားတစ်ဦးက ပြောသည်။

“တောင်ကို အဆင့်လိုက်ဖောက်ပြီး လုပ်တာဆိုတော့ အမြင့်နေရာကိုရောက်လေ ကျောက်က အဝေးကြီး ပိုလွင့်လေပဲ။ ပေါင်လေးကြီး ရွာတစ်ခုတည်းမကဘူး၊ အနားက တောစွန်းရွာ၊ ပိတခ ရွာတွေမှာလည်း လယ်ယာမြေပျက်စီးတာ အများဆုံးဖြစ်တယ်။ အရင်က ကျောက်မှိုင်းဖောက်ခါနီးဆိုရင် သေချာအသိပေးပြီးမှ ဖောက်တာ၊ အခုကတော့ အသိမပေးတော့ဘူး။ ၁၊၂၊၃ ဆို လယ်ထဲမှာ စပါးစိုက်နေရင်း ထွက်ပြေးရတယ်။ လယ်စိုက်မအားဘူး။” ဟု ၎င်းအမျိုးသားက ဆိုသည်။

Photo: CJ

ယခင်က အာရှလမ်းမအတွက် ကျောက်ထုတ်လုပ်သည့်နေရာ တစ်ခုတည်းရှိသော်လည်း နောက်ပိုင်းတွင် နေရာပိုမိုချဲ့ထွင်လုပ်ကိုင်လာသောကြောင့် လိုအပ်သည့်လုပ်သားဦးရေကို တခြားဒေသအသီးသီးမှ ခေါ်ယူခန့် ထားခြင်းမျိုးရှိလာ၍ ဒေသတွင်း မလုံခြုံမှုများရှိလာသည်ဟုလည်း ပိုင်ကျုံမြို့နယ် သတင်းအရင်းအမြစ်က ဆိုသည်။

ဖော်ပြပါအမျိုးသားက ဆက်လက်၍ “ကျောက်လာလုပ်တဲ့ အလုပ်သမားတွေကလည်း သူများ ခြံဝင်းထဲမှာ ဝင်နေတယ်။ အပင်တွေခုတ်တယ်။ သူများ ဆိုင်ကယ်တွေ ကြက်တွေ ခိုးတယ်။ အခု လယ်ထဲသွားရင် မိန်းကလေးတွေဆို တစ်ယောက်တည်း မသွားရဲတော့ဘူး။” ဟု ကေအိုင်စီသို့ ပြောသည်။

ပိုင်ကျုံမြို့နယ်သည် ကေအဲန်ယူ တပ်မဟာ(၇) အုပ်ချုပ်နယ်မြေအတွင်းရှိသော်လည်း BGF တပ်များ လှုပ်ရှား စိုးမိုးရာနယ်မြေ ဖြစ်သည်။ ထို့ကြောင့် လယ်သမားများ၏ကန့်ကွက်တောင်းဆိုမှုနှင့်ပတ်သက်ပြီး BGFနှင့် ကေအဲန်ယူ၏ တုံ့ပြန်မှုရရှိရန် ကရင်သတင်းဌာန-ကေအိုင်စီအနေဖြင့် စုံစမ်းမေးမြန်းဆဲဖြစ်သည်။

ထို့အတူ ပြီးခဲ့သည့် စက်တင်ဘာလ(၂၁)ရက်တွင်လည်း ကေအဲန်ယူ ပိုင်ကျုံမြို့နယ်ဘက်ကလည်း မြို့နယ်ဥက္ကဋ္ဌအပါအဝင် သက်ဆိုင်ရာတာဝန်ရှိသူများ၊ ကရင်လူငယ်အစည်းအရုံး-KYO၊ ကရင်အမျိုးသမီး အစည်းအရုံး-KWO တို့နှင့်ပူးပေါင်းပြီး ဒေသခံလယ်သမားများနှင့် သွားရောက်တွေ့ဆုံကာ ရှေ့ဆက်ဆောင်ရွက်ရမည့် လုပ်ငန်းစဥ်များနှင့် ပတ်သက်၍ ကွင်းဆင်းမှတ်တမ်းရယူခဲ့သေးကြောင်း သိရှိရသည်။