Home သတင်း နှစ်ပေါင်း (၄၀) ကြာ တပ်စွဲထားသည့် သိန္ဓောစခန်းကို စစ်ကောင်စီတပ်သားများ စွန့်ခွာ

နှစ်ပေါင်း (၄၀) ကြာ တပ်စွဲထားသည့် သိန္ဓောစခန်းကို စစ်ကောင်စီတပ်သားများ စွန့်ခွာ

237
Photo-မြိတ်ခရိုင်ပြည်သူ့ကာကွယ်ရေးပူးပေါင်း စစ်ကြောင်း-၂

စက်တင်ဘာလ၂၈ ရက်၊ ၂၀၂၄ ခုနှစ်။ ကေအိုင်စီ

တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်၊ တနင်္သာရီမြို့နယ်ရှိ သိန္ဓောကျေးရွာတွင် နှစ်ပေါင်း(၄၀)ကြာ အခြေ ချ တပ်စွဲလာခဲ့သည့် သိန္ဓောစစ်ကောင်စီစခန်းကို စခန်းအတွင်း နေထိုင်သည့် စစ်ကောင်စီတပ်သားများမှ စွန့်ခွာ ထွက်ပြေးသွားကြောင်း မြိတ်ခရိုင်၊ ပြည်သူ့ကာကွယ်ရေးပူးပေါင်း စစ်ကြောင်း-၂က ယနေ့တွင် ထုတ်ပြန် လိုက်သည်။

အဆိုပါ သိန္ဓောရွာအခြေစိုက် စစ်ကောင်စီစခန်းကို အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန၊ တိုင်းစစ်ဌာန(တနင်္သာရီ)ကွပ်ကဲမှုအောက်ရှိ မြိတ်ခရိုင် ပြည်သူ့ကာကွယ်ရေးပူးပေါင်း စစ်ကြောင်း(၁) နှင့် စစ် ကြောင်း(၂)တို့မှ ၂၀၂၄ ခုနှစ် ဧပြီလကုန်ပိုင်းတွင် စတင်ထိုးစစ်ဆင် ဝိုင်းဝန်းပိတ်ဆို့တိုက်ခိုက်ခဲ့ပြုလုပ်ခဲ့သည်။ ထို့ကြောင့် ပြီးခဲ့သည့် စက်တင်ဘာလ၂၅ ရက်နေ့တွင် စစ်ကောင်စီအင်အား(၁၅၀)သည် စခန်းစွန့်ခွာထွက်ပြေး သွားကြောင်း မြိတ်ခရိုင်၊ ပြည်သူ့ကာကွယ်ရေးပူးပေါင်း စစ်ကြောင်း-၂မှ ရဲဘော်မျိုးကြီး ၏ ပြောဆိုချက်များအရ သိရသည်။

“အဲ့ဒီစခန်းကို ကျနော်တို့တော်လှန်ရေးတပ်ဖွဲ့တွေက မကြာခဏ သွားပြီးတော့တိုက်တယ်။ ဒရုန်းတွေနဲ့ချတာ ၊ လက်နက်ကြီးလက်နက်ငယ်တွေနဲ့ပစ်တာ အဲ့လိုမကြာမကြာသွားလုပ်တယ်။ အဲ့ဒီစခန်းကလည်း ပြည်ထောင်စု လမ်းမကြီးနဲ့ဝေးတော့ စစ်ကောင်စီဘက်တပ်လူတွေ လာလို့မရဘူး။ အဲ့တာကြောင့် ပြည်ထောင်စု လမ်းမကြီးပေါ်က စကစတပ်တွေနဲ့ပူးပေါင်းမဲ့အနေအထားမှာရှိတယ်။”ဟု ကေအိုင်စီ သို့ပြောသည်။

Photo-မြိတ်ခရိုင်ပြည်သူ့ကာကွယ်ရေးပူးပေါင်း စစ်ကြောင်း-၂

အဆိုပါ စစ်ကောင်စီစခန်းကုန်းကို လက်ရှိတွင် တော်လှန်ရေးတပ်ဖွဲ့ဝင်များမှ သိမ်းပိုက်ထားလိုက်ပြီး စစ်ကောင်စီထံမှ လက်နက်တချို့အကြွင်းအကျန်တချို့သိမ်းဆည်း ရရှိလိုက်ကြောင်း ၎င်းက ဆက်ပြောသည်။

သိန္ဓောစခန်းသည် ၁၉၈၀ ခုနှစ်ကတည်းက စတင်အခြေချတပ်စွဲလာခဲ့ခြင်းဖြစ်ပြီး အဆိုပါစခန်းမှ ထိုင်း-မြန်မာနယ်စပ်ရှိ ဝါးနွယ်စခန်း၊ လေကေစခန်း နှင့် ပွိုင့်(၃၀၀၀)စခန်းတို့ကို အုပ်ချုပ်ထောက်ပံ့မှုပေးနေသော အဓိကကျသည့် ရှေ့တန်းစခန်းဖြစ်ကြောင်း သိရသည်။

သိန္ဓောစခန်းမှ ဆုတ်ခွါလာသည့် စစ်ကောင်စီ အင်အား(၁၅၀)ခန့်ရှိသည့် တပ်ဖွဲ့ဝင်များသည် ဘန်ကြုပ် ကျေးရွာ အနီးတွင် ပြည်သူ့ကာကွယ်ရေးတပ်များနှင့် ထပ်မံတိုက်ပွဲဖြစ်ပွားလျက်ရှိရာ မြိတ်ခရိုင်အတွင်း၌ ခရီးသွားလာကြမည့် ပြည်သူများအနေဖြင့် တိုင်းစစ်ဌာန(တနင်္သာရီ)မှ ထုတ်ပြန်ထားသည့် အသိပေးချက်များ အတိုင်း အလေးထားပူးပေါင်းပေးကြပါရန် အသိပေးထုတ်ပြန်ထားကြောင်း သိရသည်။