တာဝန်သိ – သိက္ခာရှိမီဒီယာနဲ့ တာဝန်သိ – သိက္ခာရှိ မီဒီယာသမားတွေက ဦးဆောင်ရေး
ဆိုမီယာကျော်
(၂၅-၉-၂၀၂၄)
– (IT) သတင်းနည်းပညာဟာ အမြန်ဆုံး အရှိန်အဟုန်နဲ့ အဆက်မပြတ် တိုးတက်လာနေခြင်း။
– လက်ကိုင်ဖုန်းနဲ့ အင်တာနက်ချိတ်ဆက်မှုကို လူတိုင်းက အသုံးပြုလာနိုင်ကြခြင်း။
– တချို့သော နိုင်ငံကြီးတွေ၊ အစိုးရနဲ့ စစ်ဘက်ဆိုင်ရာဌာနတွေကဖြစ်စေ၊ အမည်ခံအသွင်ယူ၍ဖြစ်စေ၊ လျှို့ဝှက်ဖုံးကွယ်မှု တစ်ခုအရေခြုံထားပြီး အတု/အစစ် ပိပိရိရိ ရောမွှေဖန်တီးထားတဲ့ သတင်းတု – သတင်းမှားတွေကို ဖန်တီးလျက်ရှိခြင်း။
– လူတစ်ဦးချင်းစီက မိမိလက်ထဲကဖုန်းနဲ့ သတင်းအချက်အလက်တွေကို ဦးတည်ချက်မျိုးစုံနဲ့ ပုံဖော်ဖန်တီးရေးသားကြ ပြီး ဆိုရှယ်မီဒီယာ ပလက်ဖောင်းမျိုးစုံကနေတဆင့် အတားအဆီးမရှိ ဖြန့်ဖြူးနေကြခြင်း။
ဒီအချက် (၄)ချက်ကို ထိန်းချုပ်ဖို့ဆိုတာ မလွယ်ကူပါဘူး။ သတင်းတု – သတင်းမှားတွေဟာ အထက်ပါ အရင်း မြစ် ၄ခုမှာ ခြေကုပ်ယူပြီး ကမ္ဘာနဲ့အဝန်းကို စက္ကန့်ပိုင်းအတွင်း မရပ်မနား စီးဆင်းနေတာပါ။
သတင်းတု – သတင်းမှားတွေရဲ့ ဘေးအန္တရာယ်ကို အစိုးရတွေနဲ့ သက်ဆိုင်ရာ တာဝန်ရှိအဖွဲ့အစည်းတွေက နည်းပညာ၊ ဥပဒေစည်းကမ်း၊ ကျင့်ဝတ်ဗေဒတွေနဲ့ ကန့်သတ်ထိန်းချုပ်နိုင်ဖို့အတွက် ဘက်ပေါင်းစုံကနေ ကြိုးစားနေ ကြတာပါပဲ။ သို့သော်လည်း သတင်းအချက်အလက်တွေကို လွယ်ကူစွာ၊ လျင်မြန်စွာ ဖန်တီးနိုင်မှုနဲ့ စက္ကန့်ပိုင်းအတွင်း လူအများထံသို့ အကန့်အသတ်၊ အတားအဆီးမရှိဘဲ ပြန့်နှံ့သွားမှုကိုတော့ ထိန်းချုပ်နိုင်ဖို့ဆိုတာ အင်မတန် ကြီးမားတဲ့ စိန်ခေါ်မှုဖြစ်မြဲဖြစ်နေဆဲပါ။
လက်တွေ့မှာလည်း သတင်းတု၊ သတင်းမှားတွေ ဖန်တီးနိုင်ဖို့ အကြောင်းအချက်မျိုးစုံ၊ အခြေအနေပေါင်းစုံက လည်း ရေကန်အသင့် ကြာအသင့်ဆိုသလို တည်ရှိနေတာပါ။ အချိန်အခါမရွေး ကျရောက်လာနိုင်တတ်တဲ့ သဘာဝဘေး အန္တရာယ်တွေကို အမှီပြုပြီး ဖန်တီးမလား၊ ကူးစက်ရောဂါတစ်မျိုးမျိုးနဲ့ ဆက်နွယ်ပြီး ဖန်တီးမလား၊ နိုင်ငံရေးနဲ့စစ်ရေး ကို အကြောင်းပြုပြီး ဖန်တီးမလား၊ စီးပွားရေးဘက်မှာဆိုလည်း လောင်စာဆီဈေးနှုန်းကို မူတည်ပြီး ဖန်တီးမလား ဇာတ်လမ်းဇာတ်ကွက် ပိပိရိရိ၊ သေသေသပ်သပ်နဲ့ ဖန်တီးပြီး အချိန်မရွေး ပေါ်ထွက်ပျံ့နှံ့လာနိုင်ပါတယ်။ အချိန်မရွေး ပျံ့နှံ့လာနေတာပဲ မဟုတ်လား။
ဒီနေ့ကာလမှာ လူတိုင်းက လက်ကိုင်ဖုန်းကိုယ်စီနဲ့ ဆိုရှယ်မီဒီယာ ပလက်ဖောင်းတစ်ခုခုကို အသုံးပြုနေကြ တာဆိုတော့ မိမိရှေ့မှာဖြစ်ပျက်နေတဲ့ ကိစ္စတစ်ခု၊ ဖြစ်ရပ်တစ်ခုကို သူ့ထက်ငါဦးအောင် အလုအယက် ဖြန့်ဖြူးကြဖို့ မိမိ ကို အများက အာရုံစိုက်မှု တစ်ရှိန်ထိုးရရှိလာစေဖို့ စာသားနဲ့၊ ဓာတ်ပုံနဲ့ ရုပ်သံနဲ့ပါ တင်ပို့နေကြတာ မဟုတ်ပါလား။ တချို့ကဆို ဝါသနာတစ်ခုခုလိုလို၊ မူးယစ်ဆေးဝါးတစ်ခုခုကို စွဲလမ်းနေသလို အဲဒီလို လူအများက ပြူးတူးပြဲတဲဖြစ်သွား စေမယ့် သတင်းအချက်အလက်တွေကို ဖြန့်ဖြူးနေတာပါ။
ဒီတော့ အများပြည်သူရဲ့ မျက်စိ၊ နားနဲ့ ဦးနှောက်ထဲကို အဆက်မပြတ် ထိုးဖောက်ဝင်ရောက်နေတဲ့၊ ဩဇာ သက်ရောက်နေတဲ့ သတင်းတု – သတင်းမှားတွေရဲ့ ဘေးအန္တရာယ်ကို တိုက်ဖျက်ဖို့တာဝန်ဟာ တာဝန်သိ – သိက္ခာရှိမီဒီ ယာတွေရဲ့ပခုံးပေါ်ကို ကျရောက်လာပါတယ်။
ဒီနေရာမှာ “သတင်းတု – သတင်းမှားတွေ”ကို ဘာနဲ့တိုက်မလဲ။ ဘယ်သူတွေက တိုက်မှာလဲ။
“သတင်းတု-သတင်းမှားတွေ”ကို အခြားနည်းလမ်းတွေထက် “သတင်းအချက်အလက်မှန်တွေနဲ့ပဲ” အဆက်မ ပြတ် အချိန်မဆိုင်း တုန့်ပြန် တိုက်ခိုက်ကြရမှာပါ။ အခြားနည်းလမ်းမရှိပါဘူး။
ဘယ်သူတွေက တိုက်မှာလဲ? တာဝန်သိ – သိက္ခာရှိ မီဒီယာနဲ့မီဒီယာသမားတွေက ဦးဆောင်ပြီး မရပ်မနား တိုက်ကြရမှာပါ။
အတုနဲ့အမှားကို အစစ်နဲ့အမှန်ကိုင်စွဲပြီး တိုက်ရမှာပါ။ တာဝန်သိမှုနဲ့ သိက္ခာရှိမှုဆိုတာဟာ အတုနဲ့အမှားကို ဖော်ထုတ်ရုံလောက်မှာပဲ ရပ်နားထားလို့မရဘဲ အမှန်နဲ့ တိုက်ဖျက်ပစ်ရမှာပါ။ သတင်းအချက်အလက်အမှန်တွေ အများ ပြည်သူရဲ့ နား၊ မျက်စိနဲ့ ဦးနှောက်ထဲ အချိန်နဲ့တပြေးညီရောက်ရှိသွားပြီး အတုနဲ့အစစ် အမှားနဲ့အမှန် ချက်ချင်းလက် ငင်း ယှဉ်ထိုးစဉ်းစားနိုင်အောင် ဆောင်ကြဉ်းပေးကြရမှာပါ။
တာဝန်သိမှုနဲ့ သိက္ခာရှိမှုဆိုတာဟာ အတုနဲ့အမှားကို ယထာဘူတကျကျ ခွဲခြမ်းပြသနိုင်စွမ်းရှိပြီး တသမတ် တည်း ရပ်တည်ကိုင်စွဲထားမှသာ တာဝန်သိမှုနဲ့ သိက္ခာရှိမှုဆိုတာကို ထိန်းသိမ်းဖော်ဆောင်နိုင်မှာပါ။ တာဝန်သိမှုနဲ့ သိက္ခာရှိမှုကို တည်ဆောက်နိုင်တာဟာ သတင်းဌာနတစ်ခု၊ မီဒီယာသမားတစ်ဦးရဲ့ အရည်အသွေးနဲ့ ဂုဏ်သတင်းမွှေး ပျံ့မှု သို့မဟုတ် အများပြည်သူရဲ့ အားထားယုံကြည်မှုကို ရရှိစေတာပါ။
ဒီသတင်းဌာနက တင်ပြတဲ့၊ ထုတ်လွှင့်တဲ့ သတင်း၊ ဒီအယ်ဒီတာ – ဒီသတင်းထောက်တွေ တင်ပြတဲ့ သတင်းနဲ့ သတင်းဆောင်းပါးတွေ၊ သတင်းဝေဖန်ချက်တွေဟာ အချက်အလက်အရ မှန်ကန်တယ်၊ သူတို့ကိုင်စွဲထားတဲ့ မီဒီယာမူ၊ ပေါ်လစီ(မူဝါဒ)ကလည်း ကြောင်းကျိုးဆီလျော်တယ်လို့ အများပြည်သူက အမှတ်ပေးလာကြမှာပါ။
မိမိလေ့လာဆည်းပူးထားတဲ့ သတင်းစာပညာ၊ မိမိပါဝင်ဆောင်ရွက်နေတဲ့ သတင်းဌာန၊ မိမိတစ်ဦးချင်းရဲ့ သိက္ခာကို တန်ဖိုးထားလေးစားတဲ့သူတွေက အောက်ပါအချက် ၄ချက်ကို စွဲမြဲစွာ ကိုင်စွဲထားမယ့် ပေါ်လစီတစ်ရပ်အ ဖြစ် အများပြည်သူထံ ရှင်းလင်းတိကျစွာနဲ့ အကျယ်တဝင့် အသိပေးထားဖို့ လိုအပ်ပါတယ်။
၁။ မဟုတ်မမှန်တဲ့၊ လုပ်ကြံဖန်တီးထားတဲ့၊ မခိုင်လုံတဲ့သတင်းအချက်တွေကို မရေးသား၊ မဖော်ပြ၊ မဖြန့်ဖြူးပါဘူး။
၂။ ပေါ်ထွက်လာတဲ့ မည်သည့်သတင်းတု၊ သတင်းမှားတွေကိုမဆို အချက်အလက်အရ၊ နည်းပညာအရ ဘက်စုံဆန်းစစ် ပြီး သတင်းအချက်အလက် အမှန်များနဲ့ တိုက်ဖျက်သွားပါ့မယ်။
၃။ လူမျိုး၊ ကိုးကွယ်ရာဘာသာ၊ အသားအရောင်၊ ကျား/မ၊ လိင်ကွဲပြားမှု၊ ပိန်ဝပုရှည် စသဖြင့် ကွဲပြားမှုတွေအပေါ် သွေးခွဲရန်တိုက်ပေးသော၊ လှောင်ပြောင်ပုတ်ခတ်ကဲ့ရဲ့သော မည်သည့်အရေးအသား၊ ကာတွန်း၊ ရုပ်ပုံကိုမျှ မဖော်ပြပါ။
၄။ မိမိတို့ သတင်းဌာနက ဖော်ပြလိုက်တဲ့ သတင်းတိုင်းအတွက် သက်ရောက်လာတဲ့ ဘယ်လိုတုန့်ပြန်မှုအတွက်မဆို အပြည့်အဝ တာဝန်ယူပါတယ်။
ဒါ့အပြင် လူဆိုတာ သူသူငါငါ အကြောင်းအချက်မျိုးစုံကြောင့် လစ်ဟင်းမှု၊ လွဲချော်မှု၊ မှားယွင်းမှုတွေဟာ သဘာဝကျစွာပဲ ရှိတတ်၊ ဖြစ်တတ်ပါတယ်။ ဒီလိုမျိုး လစ်ဟင်းမှု၊ လွဲချော်မှု၊ မှားယွင်းမှုတွေ မတော်တဆ ဖြစ်ပေါ်လာ ခဲ့ရင်လည်း အများပြည်သူထံ လေးလေးစားစား ဝန်ချတောင်းပန်ရပါမယ်။ တောင်းပန်မှုကို အထင်အရှား ဖော်ပြရပါ မယ်။ ဝတ်ကျေတမ်းကျေ – ဝိနည်းလွတ် တောင်းပန်တာမျိုး မဖြစ်စေသင့်ပါ။
မိမိသတင်းဌာနရဲ့ မှားယွင်းမှု၊ လစ်ဟင်းမှုနဲ့ လွဲချော်မှုတွေကို တာဝန်ခံအယ်ဒီတာက အဓိကတာဝန်ယူပြီး တောင်းပန်စေသင့်ပါတယ်။
အခြားသောနေရာမျိုးစုံက ပေါ်ထွက်လာတဲ့သတင်းတွေနဲ့ ပတ်သက်ရင်လည်း အများပြည်သူအပေါ် သက် ရောက်နိုင်တဲ့ အတိုင်းအတာ မူတည်ပြီး ထိရောက်မြန်ဆန်စွာ တုန့်ပြန်ရပါ့မယ်။ ကျန်းမာရေးအတွက် ထိခိုက်စေသ လား၊ ငွေကြေးဥစ္စာပစ္စည်းကို ထိခိုက်စေသလား စသဖြင့် ဆန်းစစ်နေရပါမယ်။
ဘယ်လိုမှမဖြစ်သင့်တဲ့ သတင်းတု၊ သတင်းမှားတွေကို ၃ကြိမ်ထက်ပိုပြီး ဖော်ပြလာနေတဲ့ သတင်းဌာန သို့မ ဟုတ် သတင်းထောက်ကို မိမိတို့ သတင်းမီဒီယာအဝန်းအဝိုင်းကနေ ဝေဖန်သတိပေးတာ၊ ဆွေးနွေးတာတွေ လုပ်ကြရ မှာပါ။ အဲဒီလိုမှ မဟုတ်ဘဲ ထင်ရာစိုင်းလာပြီဆိုရင်တော့ ကျင့်ဝတ်ပျက်ပြားတဲ့ သိက္ခာမဲ့မီဒီယာ၊ သိက္ခာမဲ့ မီဒီယာသမား အဖြစ် ပြစ်တင်ရှုံ့ချပြီး ဝိုင်းပယ်ကြရမှာပါ။ ဒီကိစ္စတွေကိုတော့ မီဒီယာအဝန်းအဝိုင်းနဲ့ မီဒီယာကောင်စီမှာ အလေးအ နက် ဆွေးနွေးကြပြီး လုပ်ကိုင်သင့်ပါတယ်။ ပေါ့ပေါ့ဆဆနဲ့ အလျင်စလိုတော့ မလုပ်ကိုင်သင့်ပါဘူး။
သတင်းအချက်အလက်တစ်ခု ပေါ်ထွက်လာတာနဲ့ ဘယ်သတင်းဌာနက ဖြန့်ဖြူးတာလဲ၊ ဘယ်လူပုဂ္ဂိုလ်က ဖြန့်ဖြူးတာလဲ၊ နေ့ရက်၊ နေရာဒေသ စတဲ့ တိကျခိုင်လုံတဲ့ အထောက်အထား၊ အကိုးအကား ပါရှိသလား၊ ထိုသတင်းထဲ မှာ ပါရှိတဲ့ အချက်အလက်တွေ၊ ရုပ်သံ၊ ဓာတ်ပုံတွေဟာ နည်းပညာအကူအညီနဲ့ လုပ်ကြံဖန်တီးထားသလား စသဖြင့် ဘက်စုံကနေ စိစစ်ကြရမှာပါ။ သတင်းထဲမှာပါရှိတဲ့ နေရာဒေသကို ချက်ချင်းဆက်သွယ်ပြီး အဆိုပါဖြစ်ရပ်အတွက် သက်သေခံ အထောက်အထားတွေနဲ့ တိုက်ဆိုင်စိစစ်ရမှာပါ။
သတင်းတု၊ သတင်းမှားတွေ ပိပိရိရိ လုပ်ကြံဖန်တီးထားတဲ့ ဇာတ်လမ်းဇာတ်ကွက် သတင်းတွေဟာ လူတစ်ဦး ချင်းစီက ဖန်တီးတာမျိုးအပြင် အချို့သောအစိုးရတွေရဲ့ ထောက်လှမ်းရေးအဖွဲ့၊ စိတ်ဓာတ်စစ်ဆင်ရေး အဖွဲ့အစရှိတဲ့ အဖွဲ့အစည်းမျိုးစုံက ဦးတည်ချက်ပေါင်းစုံနဲ့ အုံနဲ့ကျင်းနဲ့ ဖြန့်ဝေနေကြတာပါ။ ငွေကြေး၊ နည်းပညာ၊ စက်ကိရိယာ၊ ကျွမ်းကျင်သူ လူအင်အားတွေ ပုံအောသုံးပြီး အတုနဲ့အစစ် ပိပိရိရိသေသေသပ်သပ် ရောမွှေကာ ထင်ယောင်ထင်မှား မျိုးစုံဖြစ်အောင် လုပ်ကြံဖန်တီးဖြန့်ဖြူးကြတာတွေက လူအများရဲ့အာရုံစူးစိုက်မှုကို ဖမ်းစားနိုင်တာ သူတို့လိုချင်တဲ့ ဦးတည်ချက်အထိ ထိန်းကျောင်းခေါ်ဆောင်သွားနိုင်တာမျိုးတွေလည်း တွေ့ရပါတယ်။ အဲဒီလိုလုပ်ငန်းတွေထဲမှာ အမည်ခံ အရေခြုံ သတင်းဌာနတွေ၊ အမည်ခံအရေခြုံ သတင်းသမား ဆိုသူတွေ ပါဝင်နေတာလည်း တွေ့ရပါတယ်။
ဆိုလိုချင်တာကတော့ အစိုးရတွေ၊ စစ်တပ်၊ထောက်လှမ်းရေး၊စိတ်ဓာတ်စစ်ဆင်ရေးစတဲ့ ကြီးမားကျယ်ပြန့်တဲ့ နောက်ခံ၊ ကိုယ်ပွားလက်တံကိုယ်စီ ဖြန့်ကျက်ထားကြတဲ့ အမည်ခံအရေခြုံသတင်းဌာနနဲ့ အမည်ခံအရေခြုံ သတင်း သမားတွေက စနစ်တကျ လုပ်ကြံစီမံဖော်စပ်ထားတဲ့ အတုနဲ့အစစ် ပိပိရိရိ ရောမွှေထားတဲ့ သတင်းတု – သတင်းမှား တွေက လူတစ်ဦးချင်းက လက်ကိုင်ဖုန်းတစ်ခု၊ ကွန်ပျူတစ်တာတစ်လုံးနဲ့ ဖန်တီးပုံဖော် ဖြန့်ဖြူးတဲ့ သတင်းတု – သတင်းမှားတွေထက် ပိုပြီး များမြောင်စွာမြန်ဆန်စွာ ဖန်တီးထုတ်လုပ်နိုင်ကြတယ်၊ ထုတ်လုပ်ဖြန့်ဖြူးနေကြတာနဲ့ အဲဒီ လိုလုပ်ဆောင်နေမှုတွေက အများပြည်သူအတွက် ပိုပြီး ဘေးအန္တရာယ်ကြီးတယ်ဆိုတာကို အလေးအနက် အသိပေး ချင်တာပါ။
အဲဒီလို စနစ်တကျ လုပ်ကြံစီမံဖော်စပ်ထားတဲ့ အတုနဲ့အစစ် ပိပိရိရိ ရောမွှေထားတဲ့ သတင်းတု – သတင်းမှား တွေရဲ့ လှိုင်းဂယက်အကြားမှာ ဆိုရှယ်မီဒီယာတစ်မျိုးမျိုးသုံးစွဲနေကြတဲ့ အများပြည်သူတစ်ဦးချင်းတွေဟာ တစ်ဆင့်ခံ ဖြန့်ဖြူးပေးသူဘဝ (Like and Share) လုပ်သူ၊ (Crd ပေးပြီး) ဖြန့်ဝေသူဘဝ ကျရောက်မှန်းမသိ ကျရောက်သွားရပါ တော့တယ်။
ဒီတော့ သတင်းတု – သတင်းမှားတိုက်ဖျက်ရေးနဲ့ သတင်းအမှန်ဖြန့်ဖြူးလုပ်ငန်းဟာ အင်မတန်ကြီးမား ကျယ် ပြန့်တဲ့ လုပ်ငန်းကြီးဖြစ်ပါတယ်။ မျက်စိနဲ့ နား အစဉ်ဖွင့်လှစ်ထားပြီး မရပ်မနားလုပ်ဆောင်ရမယ့် ပုံမှန် လုပ်ငန်းကြီး တစ်ခုလည်း ဖြစ်ပါတယ်။ တာဝန်သိ – သိက္ခာရှိမီဒီယာနဲ့ တာဝန်သိ – သိက္ခာရှိမီဒီယာသမားတွေက ဦးဆောင်ပြီး အများပြည်သူနဲ့အတူ လက်တွဲပြီးဆောင်ရွက်နေရမယ့် လုပ်ငန်းကြီးလည်းဖြစ်ပါတယ်။ တာဝန်သိ – သိက္ခာရှိမီဒီယာနဲ့ တာဝန်သိ – သိက္ခာရှိမီဒီယာသမားတွေအတွက် အသက်ဘေးလုပ်ကြံခံရမှုနဲ့ ခြိမ်းခြောက်ခံရမှု အန္တရာယ်လည်း အချိန်မ ရွေး ကျရောက်နိုင်ပါတယ်။