စက်တင်ဘာ၂၇၊ ၂၀၂၄ ခုနှစ်။ ကေအိုင်စီ
မြိတ်ခရိုင်၊တနင်္သာရီမြို့နယ်ရှိ ကျေးရွာအတွင်းသို့ စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီစစ်ကြောင်းနှင့် တော်လှန် ရေးတပ်တို့ကြား ရက် ၂၀ နီးပါး တိုက်ပွဲများ ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်သား ၃၀ ဦးကျော် သေဆုံးခဲ့သည်ဟု မြိတ်ခရိုင်၊ ပြည်သူ့ကာကွယ်ရေး ပူးပေါင်းစစ်ကြောင်း-၂ က ပြောဆိုသည်။
တနင်္သာရီမြို့နယ်ရှိ ခြောက်မိုင်ရွာနှင့် ဘန်လောကျေးရွာသို့ ညောင်ပင်ကွင်းရွာအခြေစိုက် စစ်ကောင်စီ ခြေမြန် တပ်ရင်း (ခမရ-၅၆၁)က အင်အား ၃၀၀ ဝန်းကျင်ဖြင့် စစ်ကြောင်းထိုး ဝင်ရောက်လာသည့်အတွက် ဒေသ အခြေစိုက် တော်လှန်ရေး တပ်ဖွဲ့ဝင်များနှင့် ထိတွေ့တိုက်ပွဲများဖြစ်ပွား လျက်ရှိသည်ဟု ပူးပေါင်း စစ်ကြောင်း-၂ မှ ပြန်ကြားရေးတာဝန်ခံ ရဲဘော်မျိုးကြီးက ပြောသည်။
“သေဆုံးမှုစာရင်းကိုတော့ မြေပြင်မှာရှိနေတဲ့ မျက်မြင်တွေ့ရှိသူတွေရဲ့ သတင်းပေးပို့ချက်တွေအရ သိရပါတယ်။ လက်ရှိမှာတော့ စစ်ရေးအရ တင်းမာမှုတွေ ရှိနေတုန်းပါဘဲ” ဟု ၎င်းက ကေအိုင်စီသို့ ပြောသည်။
ယခုလို စစ်ကောင်စီက စစ်ကြောင်းထိုးစဉ်တလျောက် ကျေးရွာဒေသခံ ပြည်သူများအား ဖမ်းဆီးခြင်း၊ လူသားဒိုင်းကာ အဖြစ်အသုံးပြုခြင်းနှင့် အရပ်သား ယာဉ်များကို ချောဆွဲခြင်းတို့ ပြုလုပ်သည့်အတွက် ဒေသခံများ ထွက်ပြေးတိမ်းရှောင်မှုများ ဖြစ်ပေါ်လျက်ရှိသည်ဟု ဒေသခံများထံမှ သိရသည်။
တော်လှန်ရေးပူးပေါင်း တပ်ဘက်လည်း ဒေသခံများကို စစ်ရေးအသိဖြင့် နေထိုင်သွားလာရန်နှင့် စစ်ကောင်စီတပ် များအသုံးပြုနေသည့် မြိတ်ခရိုင်အတွင်းရှိ လမ်းအချို့ကို အသုံးမပြုရန် သတိပေးထုတ်ပြန် ထားသည်။
ရက်၂၀ နီးပါးကြာမြင့်ခဲ့သည့် တိုက်ပွဲအတွင်း ဒေသအခြေစိုက်တော်လှန်ရေး တပ်ဖွဲ့ဝင် ၁ ဦးကျဆုံးခဲ့ပြီး ၁၁ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သည်ဟု ပူးပေါင်းတပ်ဘက်က ပြောသည်။
တိုက်ပွဲများအတွင်း စစ်ကောင်စီထံမှ MA-2 သေနတ် ၁ လက်၊ MA-3 သေနတ် ၁ လက်၊ 60-MM ဗုံးသီး ၁ လုံး၊ 40-MM ကျည်သီး ၆ လုံး၊ ၁၆ ကျည် ၄၀၀ ကျော်နှင့် ခဲယမ်းတစ်ချို့ကို သိမ်းယူရရှိခဲ့သည်ဟု မြိတ်ခရိုင်၊ ပြည်သူ့ ကာကွယ်ရေး ပူးပေါင်းစစ်ကြောင်း-၂ က ပြောဆိုသည်။
ထို့အပြင် တိုက်ပွဲအတွင်း စစ်ကောင်စီ၏ ဒရုန်းဗုံးကျဲခြင်းနှင့် လက်နက်ကြီး ပစ်ခတ်မှုကြောင့် ကျွဲထိန်းကုန်းရွာ၌ ဒေသခံ ၄ ဦး သေဆုံးပြီး ၂ ဦး ဒါဏ်ရာရရှိခဲ့သည့်အပြင် နေအိမ် ၄ လုံးပျက်စီးသွားသလို ဘန်လင်ရွာရှိ ဒေသခံတို့ ၏ နေအိမ် ၃ လုံးကို စစ်ကောင်စီတပ်က မီးရှို့ဖျက်စီးခဲ့သည်ဟု သိရသည်။