Home သတင်း ဆောထိမြို့နယ်အတွင်း စစ်ကြောင်းထိုးစဥ် ပျဥ်ရေရွာသား (၁)ဦးကို စစ်ကောင်စီ ပစ်ခတ်သတ်ဖြတ်ခဲ့

ဆောထိမြို့နယ်အတွင်း စစ်ကြောင်းထိုးစဥ် ပျဥ်ရေရွာသား (၁)ဦးကို စစ်ကောင်စီ ပစ်ခတ်သတ်ဖြတ်ခဲ့

122
Photo: KNU

စက်တင်ဘာ ၂၅ ရက်၊ ၂၀၂၄ ခုနှစ်။ ကေအိုင်စီ

ကရင်အမျိုးသားအစည်းအရုံး-ကေအဲန်ယူ၊ တပ်မဟာ(၃) ညောင်လေးပင်ခရိုင်၊ ဆောထိ (ရွှေကျင်)မြို့နယ်အတွင်းရှိ သံဆိပ်ကျေးရွာအခြေစိုက်တပ်စခန်းမှ စစ်ကြောင်းထိုးဝင်ရောက်လာသော စစ်ကောင်စီတပ်ဖွဲ့ဝင်များက ဝိုင်ကျွန်းကျေးရွာအုပ်စု၊ ပျဥ်ရေရွာခံအမျိုးသား(၁)ဦးကို ပြီးခဲ့သည့် စက်တင်ဘာလ(၂၀) ရက်နေ့က ပစ်ခတ်သတ်ဖြတ်ခဲ့ကြောင်း ဒေသခံသတင်းအရင်းအမြစ်ထံမှ သိရသည်။

သံဆိပ်ရွာ၊ ကျောင်းကုန်းရွာ၊ အင်္ဂနီရွာ၊ ကျောက်တန်းရွာတို့မှ ဒေသခံများအား လူသားဒိုင်း လုပ်ဖမ်းဆီးခေါ်ဆောင်၍ အင်အားစုပေါင်းထားသော သံဆိပ်ရွာစခန်းမ စစ်တပ်စစ်ကြောင်းသည် ၎င်းတို့ ဖမ်းဆီးထားသူများအနက် တစ်ဦးအပါအဝင်ဖြစ်သော ပျဥ်ရေရွာခံ၊ အသက်(၃၆)နှစ်အရွယ်၊ ကိုရဲမြင့်အောင်အား ထိုနေ့နေ့လည်ပိုင်းက သတ်ဖြတ်ခဲ့ခြင်းဖြစ်သည်ဟု ကေအဲန်ယူ-ဗဟိုဘက်က ယမန်နေ့တွင် ထုတ်ပြန်သည်။

ထိုဖြစ်စဉ်နှင့်ပတ်သက်၍ ရွှေကျင်ဒေသခံအမျိုးသမီးတစ်ဦးကလည်း “အင်္ဂနီဘက်ကို စစ်ကြောင်း ထိုးလာတာ (၁၅၀) လောက်ရှိတယ် ။အဲဒီစစ်ကြောင်းက တွေ့တဲ့ပြည်သူတွေကိုဖမ်းပြီးမေးတယ် ။ ဖမ်းတဲ့အခါကျတော့ သူက ပျဥ်ရေရွာသားပါလို့ ဖြေမိတာကို သတ်ပစ်လိုက်တာ” ဟု ကေအိုင်စီသို့ ပြောသည်။

ပျဥ်ရေကျေးရွာသည် တော်လှန်ရေးအင်အားစုများ လှုပ်ရှားမှုအားကောင်းသော ဒေသအဖြစ် သိရှိထားကြသောကြောင့် ယခုလို အပြစ်မရှိ ရွာခံအား စစ်တပ်က ပစ်ခတ်သတ်ဖြတ်ခဲ့ခြင်းဖြစ် သည်ဟုလည်း ၎င်းရွှေကျင်ဒေသခံအမျိုးသမီးက သူမ၏ထင်မြင်ချက်ကို ဖြည့်စွက်ပြောဆိုသည်။

စစ်ကောင်စီစစ်ကြောင်း ဖမ်းဆီးထားသော ဒေသခံအရေအတွက်နှင့် နောက်ဆက်တွဲအခြေအနေကိုမူ ကေအိုင်စီအနေဖြင့် ဆက်လက်စုံစမ်းနေဆဲဖြစ်သည်။

ကေအဲန်ယူ ဗဟိုက ထုတ်ပြန်ချက်များအရ ယခင်ကလည်း သံဆိပ်စခန်းမှစစ်ကောင်စီတပ်များမှာ နီးစပ်ရာကျေးရွာများသို့ မကြာခဏ စစ်ကြောင်းထိုးဝင်ရောက်၍ ဒေသခံများအား ဖမ်းဆီးသတ်ဖြတ်ပြီး လက်နက်ကြီးဖြင့်လည်း ပစ်ခတ်တိုက်ခိုက်လေ့ရှိကြောင်း သိရသည်။

ထို့ကြောင့် ပြီးခဲ့သည့်ဧပြီလပိုင်း ၎င်းတို့စစ်ကြောင်းထိုးဝင်ရောက်စဥ်က ရွာသား(၂)ဦး သတ်ဖြတ်ခံခဲ့ရသလို လက်နက်ကြီးကြောင့် ကျောက်ကြီးချောင်းဘေးရှိ ဒေသခံ(၃)ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သေးသည်ဟု ဆိုသည်။

တဆက်တည်းမှာပင် ကေအဲန်ယူဗဟို၏ ယမန်နေ့က ထုတ်ပြန်ချက်ထဲတွင် ကျောက်ကြီးမြို့နယ်ရှိ ကျောက်တံခါးရဲတပ်ဖွဲ့မှ ဖျံတလင်းရွာနှင့်ဗောဓိကွင်းရွာခံ (၄)ဦးအား စက်တင်ဘာလ(၂၂)ရက်နေ့က ဖမ်းဆီးထားပြီးနောက် ငွေကျပ်သိန်းချီ အတင်းအကြပ်တောင်းခံပြီးမှ ပြန်လွှတ်ပေးခဲ့ကြောင်း ဖော်ပြထားသည်။