စက်တင်ဘာ ၂၇၊ ၂၀၂၄ ခုနှစ်။ ကေအိုင်စီ
ကရင်နှင့်မွန်ပြည်နယ်အစပ်၊ ကျိုက်မရောမြို့နယ်၊ ချောင်းနှစ်ခွရွာမှ မီးဘေးသင့်အိမ်ထောင်စု ၁၀၀ ကျော်ကို ယမန်နေ့က စစ်ကောင်စီမှ ထောက်ပံ့ပစ္စည်းများပေးအပ်ခဲ့ကြောင်း ထုတ်ပြန်ကြေညာသည့်လုပ်ရပ်သည် ရွေးကောက်ပွဲကျင်းပရေး လှုပ်ရှားမှုတစ်ခုသာဖြစ်သည်ဟု မွန်ပြည်ဖက်ဒရယ်ကောင်စီ-MFSC ၏ လူသားချင်း စာနာမှုကူညီရေးဘက်က ပြောသည်။
အဆိုပါ ချောင်းနှစ်ခွရွာသည် အိမ်ခြေတစ်ထောင်နီးပါးရှိပြီး ၂၀၂၃ ခုနှစ်နိုဝင်ဘာလ မှစ၍ နှစ်ဖက်တိုက်ပွဲများ ဖြစ်ပွားခဲ့ပြီးနောက် စစ်ကောင်စီက လက်နက်ကြီးဖြင့် ပစ်ခတ်ခြင်း လေကြောင်းတိုက်ခိုက်ခြင်းနှင့် ရှို့မီးကြောင့် အိမ်ခြေ ထက်ဝက်ခန့် မီးလောင် ပျက်စီးသွားသည်။ ထို့ကြောင့်ဒေသခံတို့ စစ်ရှောင်နေရပြီး ၇ လကြာပြီးမှ စစ်ကောင်စီက ရွာသားများကို နေရပ်ပြန်နေခွင့် ပြုခဲ့သည်။
ထိုအခြေအနေတွင် မီးဘေးသင့်အိမ်ထောင်စုများအတွက်ဟုဆိုကာ ငွေကျပ်သိန်း ၂၀၀ ကျော်နှင့် အလှူထောက်ပံ့ ပစ္စည်းများ ပေးအပ်ခဲ့သည်ဟု စစ်တပ်လက်အောက်ခံ နိုင်ငံပိုင်မီဒီယာများက ဖော်ပြခဲ့ကြပြီး ၎င်းမှာ ရွေးကောက်ပွဲ ကျင်းပနိုင်ရေး ဖော်ပြချက်တစ်ခုသာ ဖြစ်၍ ပြည်သူများ အမှန်တကယ်မရရှိကြောင်း MFSC တာဝန်ရှိသူတစ်ဦးက ပြောသည်။
“ရွာသားတွေကိုပြန်ခေါ်ပေးမှာတော့ မဟုတ်ဘူး။ ချောင်းနှစ်ခွက သူတို့(စစ်တပ်)နေရာတွေတောင်မှ ပြန်ရ သေးတာ မဟုတ်ဘူးလေ။ သပ်သပ်ရွာသားတွေ လာနေအောင် ထောက်ပံ့ပြတာဖြစ်မယ်။ ရွေးကောက်ပွဲလုပ်ဖို့ သူတို့ထိန်းချုပ်နေနိုင်တာကိုပြချင်တာ။ ထောက်ပံ့ကြေးပေးတယ်ဆိုတာလည်း မကြားမိသလို ကျမတို့ဆီမှာ လာရှောင်နေတဲ့ ချောင်းနှစ်ခွရွာသားတွေလည်း မရပါဘူး” ဟု ၎င်းတာဝန်ရှိသူက ပြောသည်။
တစ်နှစ်နီးပါးကြာ စစ်ဘေးဒဏ်ခံနေရသော ချောင်းနှစ်ခွကျေးရွာသည် လက်ရှိအခြေအနေတွင် စစ်ကောင်စီရော တော်လှန်ရေးအင်အားစုများပါ တရားစီရင်အုပ်ချုပ်မှု မလုပ်နိုင်သေးသောရွာအဖြစ်ရှိနေသလို စစ်တပ်ကပြန် နေခွင့်ပြုသော်လည်း လက်နက်ကြီးအန္တရာယ်ရှိနေသဖြင့် လုံခြုံရေးစိတ်မချရသေးဟု မွန်ပြည်နယ်အတွင်း သတင်းအရင်းအမြစ်များထံမှ သိရသည်။
ဒေသခံတစ်ဦးက “ချောင်းနှစ်ခွက စစ်တပ်ရော တော်လှန်ရေးအင်အားစုတွေဘက်ကရော မထိန်းထားနိုင်ဘူး။ တော်လှန်ရေးတပ်တွေဘက်က တပ်စွဲနေမယ်ဆိုရင်လည်း သူတို့(စစ်တပ်)ကဝင်လာနိုင်တာရှိတယ်။ လောလော ဆယ် ချောင်းနှစ်ခွ ရဲစခန်းထဲမှာကတော့ BGF (နယ်ခြားစောင့်တပ်)တွေပေါ့။ အဲ့လိုကြောင့်ရော လက်နက်ကြီး ရော လေယာဥ်ကလည်းလာနိုင်လို့ ရွာမပြန်ရဲဘူး” ဟု ကေအိုင်စီသို့ ပြောသည်။
စစ်ကောင်စီသည် ရွေးကောက်ပွဲကျင်းပနိုင်ရေး မဲစာရင်းမှန်ကန်မှုရှိရေးအတွက်ဟု ဆိုကာ လာမည့် အောက်တိုဘာ တစ်ရက်နေ့မှစ၍ ၁၅ ရက်နေ့ထိ ပြည်နယ်လုံးကျွတ်သန်းခေါင်စာရင်းကို တစ်အိမ်တက် တစ်အိမ်ဆင်း လိုက်လံကောက်ယူသွားမည်ဟု ကြေညာထားပြီး ဖြစ်သည်။
သို့သော် တော်လှန်ရေးအင်အားစုများဘက်က စစ်ကောင်စီ၏ ရွေးကောက်ပွဲကျင်းပနိုင်မှုအပေါ် လိုက်ပါ ဆောင်ရွက်သူများကို အရေးယူမည်ဟု သတိပေးပြောဆိုလျက်ရှိသည်။
အလားတူ မွန်တော်လှန်ရေးအစုအဖွဲ့တစ်ရပ်ဖြစ်သည့် MFSC ကလည်း ၎င်းတို့၏ အတုအယောင် ရွေးကောက်ပွဲဆန့်ကျင်တိုက်ဖျက်ရေးကော်မတီက စစ်ကောင်စီ၏ရွေးကောက်ပွဲအပေါ် နည်းလမ်းမျိုးစုံဖြင့် ဆန့်ကျင်တိုက်ဖျက်သွားမည်ဖြစ်သည်ဟု ယနေ့တွင် ကြေညာချက်ထုတ်ပြန်ထားသည်။